ပြန်ကြားရေး ဝန်ကြီးဌာနက နေပြည်တော်ရှိ ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာသို့ အလှူငွေများ ပေးအပ်လှူဒါန်း

 

ပြန်ကြားရေး ဝန်ကြီးဌာနက နေပြည်တော်ရှိ ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာသို့ အလှူငွေများ ပေးအပ်လှူဒါန်း

 

နေပြည်တော်  မတ်  ၄

    ပြန်ကြားရေးဝန်ကြီးဌာနက ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာတွင် ကွန်းခိုနေထိုင်ကြသော အဘိုး၊ အဘွားများအတွက် အလှူငွေပေးအပ် လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ အဆိုပါဘိုးဘွားရိပ်သာ ရတနာပုံ ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ အမြဲတမ်းအတွင်းဝန်  ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာမှ တာဝန်ရှိသူများနှင့် အဘိုး၊ အဘွားများ တက်ရောက်ကြသည်။

ရှေးဦးစွာ “နုပျိုဆန်းသစ် ၇၈ နှစ်မှသည် ပြည်သူ့အတွက် MRTV” ဗီဒီယိုဖိုင်ကို ပြသသည်။

ထို့နောက်    ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဘိုးဘွားများအား နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ယနေ့အခမ်းအနားသည်  နိုင်ငံ့တာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့သည့် ဘိုးဘွားများအား  ရိုသေလေးစားသည့် အနေဖြင့်လည်းကောင်း၊ ရှေ့တန်းရောက် တပ်မတော်သားများအား   ဂုဏ်ပြုသည့်အနေဖြင့် လည်းကောင်း၊ ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ ဖြစ်သည့်အတွက် သက်ကြီးဝါကြီးများအား  လှူဒါန်းထောက်ပံ့သည့် အနေဖြင့်လည်းကောင်း ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာအတွက် အလှူငွေများ လာရောက်လှူဒါန်း ရခြင်းဖြစ်ကြောင်းနှင့် ဤကဲ့သို့ ပေးအပ်လှူဒါန်းရသည့်အတွက် များစွာဝမ်းမြောက်ပီတိ ဖြစ်ရကြောင်း  ပြောကြားသည်။

ယင်းနောက်  ပြည်ထောင်စုဝန်ကြီးက ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ အတွက် အလှူငွေကျပ်သိန်း ၅၀၊  ဘိုးဘွားများအတွက် တစ်နေ့တာ   အာဟာရကုသိုလ် အဖြစ် ငွေကျပ် ကိုးသိန်းနှင့်  MRTV  DTH စလောင်းစက်နှင့် DVB T2 set top box   များကို ပေးအပ်လှူဒါန်းရာ ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ  တာဝန်ခံအရာရှိ ဗိုလ်မှူးသောင်းမြင့်(ငြိမ်း)က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။ 

ဆက်လက်၍ ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ တာဝန်ခံအရာရှိ ဗိုလ်မှူးသောင်းမြင့်(ငြိမ်း) က အလှူငွေများ လာရောက်လှူဒါန်းခြင်း အတွက် ကျေးဇူးတင်စကား ပြောကြား သည်။

ထို့နောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား မှ တေးသံရှင်များနှင့်  ရုပ်ရှင်နှင့် ဗီဒီယိုသရုပ် ဆောင် ဒိန်းဒေါင်တို့က ငြိမ့်ညောင်းသာယာ တေးသံသာများဖြင့် သီဆိုဖျော်ဖြေကြသည့် အပြင် ဘိုးဘွားရိပ်သာရှိ အဘွားတစ်ဦးနှင့် စစ်သည်တစ်ဦးတို့ကလည်း တေးသီချင်းများဖြင့်   ပါဝင်သီဆိုကြရာ အဘိုးအဘွားများက ပျော်ရွှင်စွာကြည့်ရှု အားပေးကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ အကြီးအကဲ များက  အဘိုး၊ အဘွားများအား ငွေသား ကံစမ်းမဲများ မဲဖောက်ပေးကြသည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ဘိုးဘွားများနှင့်အတူ နေ့လယ်စာကို လက်ရည်တစ်ပြင်တည်း အတူတကွ သုံးဆောင်ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကရုဏာကမ္ဘာဘိုးဘွား ရိပ်သာအတွင်း အဘိုး၊ အဘွားများ နေထိုင်သည့် စံပယ်ဆောင်သို့  ရောက်ရှိပြီး   နေထိုင်စားသောက်မှုနှင့် ကျန်းမာရေး  အခြေအနေများကို မေးမြန်းကာ ရင်းရင်းနှီးနှီး အားပေးစကား ပြောကြားသည်။

နှစ်ပေါင်းများစွာ နိုင်ငံတော်နှင့် တပ်မတော်အတွက် သက်စွန့်ကြိုးပမ်း တာဝန်ထမ်းဆောင်ခဲ့ကြသည့် စစ်သည်တော်များ၊ ကျဆုံးစစ်သည်နှင့် ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရသည့် စစ်သည်တော်များ၏ မိသားစုများအတွက်   ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာကို  ရည်ရွယ်ဖွင့်လှစ်ထားခြင်းဖြစ်ပြီး     လက်ရှိရိပ်သာတွင် အဘိုးဆောင်ကိုးဆောင်၊  အဘွားဆောင်ခြောက်ဆောင်၊ အဘိုးအဘွား စုံတွဲဆောင်နှစ်ဆောင်၊ ဆေးကုသဆောင် တစ်ဆောင် ဖွင့်လှစ်၍ အဘိုး  ၁၂၆  ဦး၊ အဘွား  ၅၉ ဦး၊ ကျဆုံးစစ်သည် မိသားစုဝင်ရှစ်ဦးနှင့် အငြိမ်းစားစစ်သည် ခုနစ်ဦး စုစုပေါင်း ၂၀၀ တို့ကို စောင့်ရှောက် ထားရှိကြောင်း သိရသည်။