အောင်ရဲ့အောင်
ယမန်နေ့မှအဆက်
“ယောက်ျားလေးတွေကို ကျွန်တော် သိပ်အထင်မကြီးဘူး၊ ကျောင်းမှာ ဟေးလား ဟားလားနဲ့ အချိန်ကုန်၊ သူငယ်ချင်းတစ်စု အရက်သောက် မယ်၊ ဖဲရိုက်မယ်၊ ကလေရိုက်မယ်၊ စာမေးပွဲအောင်၊ ဘွဲ့ရရင်အလုပ်ရှာမယ်၊ အလားအလာကောင်းမယ့် အလုပ်ရဖို့အတွက်ဆိုရင် ကျောင်းတုန်းက တက်ကြွတဲ့မာန်တွေ ချိုးပစ်ပြီး ဟိုပြေး ဒီလွှားနဲ့၊ အဲဒီအခါမှာ မော့ထားတဲ့ ခေါင်းတွေ ငုံ့လာပြီး ဒူးကညွှတ်လာကြမယ်၊ ဒါ အပြစ်တင်စရာ မဟုတ်ပါဘူးပေါ့လေ၊ ရင်ထဲက ဝိညာဉ်လေး ပျောက်မသွားဖို့သာ အရေးကြီးတာ၊ အဲ...အလုပ်မရခင်စပ်ကြား မိန်းမယူချင်ပြန်တော့ အလုပ်ရှိတဲ့၊ ဝင်ငွေကောင်းတဲ့၊ မိဘကို ထောက်ပံ့ဖို့မလိုတဲ့ မိန်းမမျိုး ရှာယူကြတာပဲ၊ ကျွန်တော်က အမျိုးသမီးတွေသာ ဂုဏ်မက်တာလား မှတ်တယ်၊ အမျိုးသားတွေ ဂုဏ်မက်တာမှ ပိုရွံဖို့ကောင်းတယ်”
ဒါက အောင့်ရဲ့စကား။ ကိုလတ်က ကိုအောင်၏မျက်နှာကို ငေးကြည့်ကာ...
သူ့မှာ ယောက်ျားတွေကို မကျေနပ်တဲ့ ဆန့်ကျင်တဲ့ အစွဲတစ်မျိုးရှိနေတယ်၊ ယောကျ်ားလေး မိတ်ဆွေလည်း မရှိခဲ့ဘူးတဲ့၊ တစ်ခါတစ်ခါ သူ့ကို ပိုးနေတဲ့ ကောင်လေးတွေကို အရူးလုပ်ချင်တယ်၊ သူ့ရဲ့ ဒီအစွဲကို ပျောက်အောင် တို့ဝေဖန်ပစ်ရမယ်၊ အရင်ကဆိုရင် သူ့သူငယ်ချင်းတွေကို ရည်စားထားချင်ထား ယောက်ျားမယူရဘူးတဲ့။
“အရင်တုန်းကဆိုရင် ပိုဆိုးတယ်၊ ချောစု ပြောပြဖူးတယ်၊ ကောလိပ်မှာတုန်းက ယောကျ်ားယူတဲ့ သူ့သူငယ်ချင်းကို ချက်ချင်း အဆက်အသွယ် ဖြတ်ပြီး အုပ်စုအဖွဲ့ထဲက ထုတ်ပစ်လိုက်တာပဲ"
တစ်ခါတုန်းက အောင်တို့အုပ်စုထဲက သူငယ်ချင်း ခင်မေလွင်ဆိုသည့် မိန်းကလေးတစ်ယောက် ဖရက်ရှာဘဝကတည်းက မိဘချင်းလည်း သဘောတူ၊ သူတို့ချင်းလည်း ကြည်ဖြူသော အမျိုးသားတစ်ယောက်နှင့် တွဲစဉ်က အောင် မကန့်ကွက်သော်လည်း တကယ်ယူတော့မည်ဆိုတော့ ဂျီတိုက်လိုက်တာ ခင်မေလွင်ခမျာ နေစရာပင်မရှိ။
ခင်မေလွင်၏ မင်္ဂလာကိစ္စနှင့် ရန်ကုန်သို့ တစ်ဖွဲ့ကြီးရောက်လာကာ မနက်ဖြန်ခါ မင်္ဂလာဆောင်တော့မည့် ဆဲဆဲ သတို့သမီးလောင်း ခင်မေလွင်ကို အောင်ကိုယ်တိုင်မောင်းသော အောင့်ဘကြီး၏ ပရီဖက်ကားလေး နှင့် တင်ခေါ်သွားကာ ပြန်ပေးဆွဲသလို ပြန်မပို့တော့ဘူးတဲ့။ အားလုံးက ဝိုင်းတောင်းပန်လည်းမရ။
ခင်မေလွင်က ငိုကြီးချက်မနှင့် ပြောလည်းပြော၊ ဇွတ်အတင်း လမ်းမပေါ် ဆင်းလျှောက်တော့မှ အလျှော့ပေးကာ ပြန်ပို့ပေးသည်တဲ့။
ခင်မေလွင်ကိုတော့ နည်းနည်းမှမကျေနပ်။ “နင်ဟာလေ ယောက်ျား သိပ်ငမ်းတယ်၊ လင်တရူးမ” လို့ ထောမနာပြုသေးသည်တဲ့။ ခင်မေလွင် မင်္ဂလာဆောင်ကို မသွားရုံမက သွားသော သူငယ်ချင်းတွေအားလုံးကိုလည်း အဆက်အသွယ်ဖြတ်မည် ကြိမ်းဝါးသည်။ ဘယ်သူမှ မသွားရဲ။ မချစ်စုဆိုသော ကောင်မလေး တစ်ယောက်သာ ခိုးသွားသည်။
လူကြုံမှတစ်ဆင့် လက်ဖွဲ့သည့်ပစ္စည်းကို ကြည့်ပါဦး။ နနွင်းတောက်တောက် အရောင်တွင် နှင်းဆီပွင့်ရဲရဲ ရိုက်ထားသော လှိုင်းကြီးပွင့်ရိုက် ဒီဇိုင်းရင့်ရင့် အဆင်ကြမ်းကြမ်း အစကို ချုပ်ထားသည့်ဗိုက်ဖုံးအင်္ကျီ။ လက်ဆောင်ထုပ်ပေါ်မှာ မျက်လုံးဟောက်ပက် လူသေခေါင်းတွေ၊ လူရိုး ကြက်ခြေခတ်တွေ တမင်ဆွဲပေးလိုက်သည်။ ယောက္ခမတွေရှေ့ လက်ဆောင်ထုပ်တွေဖြေတော့ ခင်မေလွင်သည် စိတ်ညစ်ညစ်နှင့် ရယ်မိသေးသည်တဲ့။
ခွင့်လွှတ်သည့်စိတ်နှင့်ပင် အောင့်ကို ပြန်ချော့ရသည်။ အဆက် အသွယ်လုပ်ရသည်။ ခင်မေလွင် အမျိုးသားကတော့ အောင့်ကိုတွေ့လျှင် အိမ်ထဲသို့ရှောင်သွားသည်။ “သူ့ယောက်ျားကတော့ ငါ့ကိုမုန်းမှာပဲ”ဟု အောင်က ပြောရင်းရယ်သေးသည်။
မချစ်စု မင်္ဂလာဆောင်တုန်းကလည်း မင်္ဂလာဧည့်ခံပွဲကို အောင်တို့ တစ်သိုက်ကို မဖိတ်တော့ဘဲ သူငယ်ချင်းတစ်အုပ်ကို သီးသန့်ဒံပေါက် ဝယ်ကျွေးရသည်။ အမှတ်တရ ဓာတ်ပုံရိုက်ရန် ဓာတ်ပုံဆရာ ခေါ်ထားတော့လည်း ဓာတ်ပုံရိုက်ခါနီးဆဲဆဲ သတို့သားက သူ့ချစ်သူ မချစ်စု အပြောနှင့် အောင့်အကြောင်းကို ခရေစေ့တွင်းကျ သိနေပုံရသည်။
“ကျွန်တော်ရော ပါရမလား”ရိုကျိုးစွာ မေးလိုက်သည်ကို...
“မပါရဘူး”
အောင်က သူ့နှုတ်မှလွှတ်ခနဲ ခပ်ပြတ်ပြတ်ဖြေလိုက်သည်။ ချောစုက သတို့သားကို အားတုံ့အားနာဖြစ်ကာ...
“မိအောင်ရယ် နင့်ပါးစပ်မို့ ထွက်ရဲတယ်ဟယ် တစ်ခါတည်း နင့်လျှာကို ငါဖြတ်ထားချင်တယ်”
မချစ်စုတို့စုံတွဲ မကြားစေရအောင် တီးတိုးကြိမ်းလိုက်မိသည်ကို အောင်က ချောစုကို နည်းနည်းမှ အလျှော့မပေး။
“သြော်...ချောစု၊ နင်က နင်လင်...”
အောင့်စကားမဆုံးခင် အောင့်ပါးစပ်ကို သူငယ်ချင်းတွေက ဝိုင်းပိတ်ကြကာ ဝူးဝူးဝါးဝါးဖြစ်သွားပြီး တသောသော ရယ်မောကြရသည်။ မချစ်စုက ဘုမသိဘမသိ မေးထိုးကာမေးတော့ ချောစုက ဘာမှမဟုတ်ဘူး အဓိပ္ပာယ်နှင့် ခေါင်းခါပြရသည်။
မချစ်စုနှင့်ချောစုက သိပ်ခင်မင်ရင်းနှီးသည်။ နဂိုမူလ ခင်ချောယဉ် ဆိုတဲ့နာမည်က ချောစုဖြစ်လာတာပင်ကြည့်။ သူငယ်ချင်းတွေ အားလုံး တွင်လည်း မချစ်စုသည် အအေးဆုံး၊ အလိမ္မာဆုံး၊ ဝိုင်းအချစ်ခံရဆုံးပင်။
ဆက်လက်ဖော်ပြပါမည်။