မျက်မှောက်ခေတ် နိုင်ငံ့စီးပွားရေးနှင့် အံဝင်ခွင်ကျဖြစ်မည့် စိုက်ပျိုးမွေးမြူရေး ပညာရပ်များအဖြစ် တိုးတက်ပြောင်းလဲ လာရန်လိုအပ်

 

မျက်မှောက်ခေတ် နိုင်ငံ့စီးပွားရေးနှင့် အံဝင်ခွင်ကျဖြစ်မည့် စိုက်ပျိုးမွေးမြူရေး ပညာရပ်များအဖြစ် တိုးတက်ပြောင်းလဲ လာရန်လိုအပ်

 

နေပြည်တော်  မတ်  ၅

    မျက်မှောက်ခေတ် နိုင်ငံ့စီးပွားရေးနှင့် အံဝင်ခွင်ကျဖြစ်စေမည့် စိုက်ပျိုးမွေးမြူရေး ပညာရပ်များအဖြစ် တိုးတက်ပြောင်းလဲလာရန် လိုအပ်လျက်ရှိရာ သုတေသနနှင့် နည်းပညာရပ်များ၊ လက်တွေ့အသုံးချ ပညာရပ်များ၌   သင်ကြားသင်ယူမှု  တာဝန်ရှိသူ အားလုံးတို့က စဉ်ဆက်မပြတ် ကြိုးပမ်းသွားကြစေလိုကြောင်း ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး    တွံတေးမြို့နယ်ရှိ ငါးလုပ်ငန်းသိပ္ပံ၌ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။  

ယင်းနောက်  ဒုတိယဝန်ကြီးသည် အသစ်တည်ဆောက်လျက်ရှိသည့် ဓာတ်ခွဲခန်း၊ ကျောင်းသားအိပ်ဆောင်၊  ထမင်းစားဆောင်၊ နှစ်ထပ်စာသင်ဆောင်နှင့်  ကျောင်းသူအိပ်ဆောင်များ   ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ငါးလုပ်ငန်းသိပ္ပံ(တွံတေး)၌  ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေး ဒီပလိုမာသုံးနှစ် သင်တန်း ဖွင့်လှစ်ပေးထားပြီး အဆိုပါ သင်တန်းများတွင် တက်ရောက်လေ့လာ သင်ယူကြမည့်  သင်တန်းသား၊ သင်တန်းသူများ၏ နေထိုင်စားသောက်ရေး၊ သင်ယူရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး အတွက် မွမ်းမံပြင်ဆင်ခြင်းနှင့် လိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်းကို   ဘဏ္ဍာနှစ်အလိုက်  ဆောင်ရွက်လျက်ရှိသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ထန်းတပင်မြို့နယ်ရှိ  ပုဂ္ဂလိက အလှမွေးငါးရောင်းဝယ်ရေး လုပ်ငန်းကို ကြည့်ရှုအားပေးပြီး မြန်မာနိုင်ငံ   အလှမွေးငါး လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဒေသမျိုးရင်းအလှ မွေးငါးမျိုးစိတ်များ မျိုးသုဉ်းခြင်းမှ ကာကွယ်တားဆီးရေး၊   သန္တာကျောက်တန်းများ ပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ်စေရေး၊ ပြည်တွင်းအလှမွေးငါး ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့်  ပြည်ပသို့  တင်ပို့ရောင်းချနိုင်ရေးအတွက် အလှမွေးငါး မွေးမြူရေးဇုန်များ ဖော်ဆောင်ရန် လိုအပ်ချက်များကို ဆွေးနွေးကြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ထန်းတပင်မြို့နယ်  နဲသမိန်ကျေးရွာရှိ ဖိုးခွားရေချိုပုစွန်သားပေါက်မွေးမြူရေး ကန်တွင် ပုစွန်သားပေါက်များ မွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ပုဂ္ဂလိကပုစွန်မွေးမြူရေး လုပ်ငန်းရှင်များကို  လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေး မှာကြားခဲ့ကြောင်း  သိရသည်။