မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာနနှင့် သင်တန်းကျောင်း တည်ဆောက်ရေး စီမံကိန်း လုပ်ငန်းခွင်သို့ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကြည့်ရှုစစ်ဆေး

 

မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာနနှင့် သင်တန်းကျောင်း တည်ဆောက်ရေး စီမံကိန်း လုပ်ငန်းခွင်သို့ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  မတ်  ၅

    ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း သည် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း၊ ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဦးစိန်ဝင်း၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်း၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီဖြင့် အကောင်အထည်ဖော် တည်ဆောက်လျက်ရှိသော မြန်မာနိုင်ငံ ရောဂါကာကွယ် ထိန်းချုပ်ရေး ဗဟိုဌာနနှင့် သင်တန်းကျောင်း (Myanmar National Centers for Disease Control and Medical Training Center - Myanmar CDC)) တည်ဆောက်ရေး စီမံကိန်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ရှေးဦးစွာ  ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင်  တရုတ်-မြန်မာ နှစ်နိုင်ငံသည် ရှေးနှစ်ပေါင်းများစွာကပင် ခိုင်မာသည့် နှစ်နိုင်ငံ ဆက်ဆံရေးရှိသော  အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြကြောင်း၊ ယခုတည်ဆောက်လျက်ရှိသည့် မြန်မာနိုင်ငံ ရောဂါကာကွယ် ထိန်းချုပ်ရေး ဗဟိုဌာနနှင့် သင်တန်းကျောင်း (Myanmar National Centers for Disease Control and Medical Training Center)သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီဖြင့် ၂၀၂၁ ခုနှစ်မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် နိုင်ငံတကာအဆင့်မီ ရောဂါကာကွယ် ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်းတစ်ခုဖြစ်ပြီး ဇီဝလုံခြုံမှု အဆင့်-၃ (Biosafety Level 3) အထိရှိသော ဓာတ်ခွဲခန်းများ အပါအဝင် နိုင်ငံတကာ အဆင့်မီဓာတ်ခွဲခန်းများ၊  ရောဂါကာကွယ်ထိန်းချုပ်ရေး စနစ်များပါရှိသော သုံးထပ်ရောဂါ  ကာကွယ်ထိန်းချုပ်ရေး အဆောက်အအုံ၊  သင်တန်းသား၊ သင်တန်းသူ ၂၀၀ ခန့်ထားရှိ၍  လေ့ကျင့်သင်ကြားပေးနိုင်မည့် သုံးထပ်ကျန်းမာရေး သင်တန်းကျောင်း  အဆောက်အအုံနှင့် နှစ်ထပ် အုပ်ချုပ်မှုဆိုင်ရာ အဆောက်အအုံတို့ ပါရှိမည်ဖြစ်ကာ   ဤစီမံကိန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့်    မြန်မာနိုင်ငံတို့၏ ချစ်ကြည်ရင်းနှီးသော ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး၏ ပြယုဂ်တစ်ခုအဖြစ် ထင်ဟပ်စေမည့် နိုင်ငံတကာအဆင့်မီ စီမံကိန်းလည်းဖြစ်ကြောင်း၊ Myanmar CDC  စတင်ဖွင့်လှစ်၍ လုပ်ငန်းများ လည်ပတ်နိုင်ချိန်တွင် မြန်မာနိုင်ငံ အတွက်သာမက အိမ်နီးချင်းနိုင်ငံများနှင့် အရှေ့တောင်အာရှ  ဒေသတွင်း နိုင်ငံများအတွက်ပါ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အကျိုးရှိစေနိုင်မည့် ရောဂါကာကွယ် ထိန်းချုပ်ရေးဌာန တစ်ခုဖြစ်စေရန် ရည်ရွယ်ထားရှိကြောင်း၊ ယခုအခါ တည်ဆောက်မှု လုပ်ငန်းများ၏ ၉၃ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး   မကြာမီကာလတွင် ဖွင့်လှစ်နိုင်တော့မည်ဖြစ်ကြောင်း၊ Myanmar CDC တွင် တာဝန်ထမ်းဆောင် ကြမည့် ဓာတ်ခွဲခန်းဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများအား   ပြည်တွင်းတွင် လည်းကောင်း၊ ပြည်ပအတွေ့အကြုံ  ရရှိနိုင်ရေးအတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ စေလွှတ်၍လည်းကောင်း လေ့ကျင့်သင်တန်း ပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းများ အချိန်မီပြီးစီးရေးအတွက် လိုအပ်ချက်များကို ပံ့ပိုးဆောင်ရွက်လျက်ရှိကြောင်း၊ တည်ဆောက်ရေး လုပ်ငန်းများကို အချိန်မီပြီးစီးနိုင်ရန် အားသွန်ခွန်စိုက်  ဆောင်ရွက်ပေးလျက်ရှိသော မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးနှင့် တာဝန်ခံဆောင်ရွက်ပေးနေသော  ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ရှိသူများအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ဆက်လက်၍    ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူး(ကူးစက်)က Myanmar CDC   တည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏    ပံ့ပိုးဆောင်ရွက်ပေးမှု အခြေအနေများကို လည်းကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို  Power   point presentation ဖြင့် လည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြပြီး    ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များကို မှာကြားခဲ့သည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် Myanmar National CDC and Medical Training Center တည်ဆောက်ရေး စီမံကိန်း လုပ်ငန်းခွင်သို့ လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး ဇီဝလုံခြုံမှုအဆင့်-၂ (Biosafety Level 2)နှင့်   ဇီဝလုံခြုံမှု အဆင့်-၃   (Biosafety  Level  3)ရှိ  ဓာတ်ခွဲခန်းများနှင့် အခြားဓာတ်ခွဲခန်းများတွင် စက်ပစ္စည်းများ ပြင်ဆင်နေမှုနှင့် တပ်ဆင်စမ်းသပ်နေမှုများကို ကြည့်ရှုစစ်ဆေးခြင်း၊ သင်တန်းခန်းမများ၊ သင်တန်းသား အိပ်ဆောင်များ၊ သင်တန်းသားများ၏ စားသောက်ခန်းမ ပြင်ဆင်ထားရှိမှု၊ အုပ်ချုပ်မှုဆောင်နှင့်  အစည်းအဝေးခန်းမများကို လှည့်လည်ကြည့်ရှု စစ်ဆေးခြင်းနှင့် လိုအပ်သည်များကို  ပေါင်းစပ်ဖြည့်ဆည်း ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း   သိရသည်။