ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ (၂/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန

 

ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ (၂/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်အမှာစကား ပြောကြား

 

နေပြည်တော်  မတ်  ၅

    ကုန်သွယ်မှုနှင့်  ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ၏ (၂/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၂၄ ခုနှစ် မတ်လ ၅ ရက် မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး ရုံးအမှတ် (၁၈)၌ကျင်းပခဲ့ရာ ကုန်သွယ်မှုနှင့် ကုန်စည် စီးဆင်းမှုများ  မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး    ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

အစည်းအဝေးသို့ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန် စေရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ  အဖွဲ့ဝင်နှင့်အတူ ကော်မတီအဖွဲ့ဝင်များ  အထူးဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။

ကုန်သွယ်မှုနှင့်ကုန်စည် စီးဆင်းမှုများ  မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီဥက္ကဋ္ဌ က ပြောကြားရာတွင် စက်သုံးဆီကိစ္စရပ်များနှင့် ပတ်သက်ပြီး ပြည်သူများ သက်သာသည့် ဈေးနှုန်းများနှင့်ဝယ်ယူ အသုံးပြုနိုင်ရေးနှင့် လုပ်ငန်းရှင်များမှ  ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချနိုင်ရေး၊ သက်ဆိုင်ရာ ကော်မတီများမှ အမြဲမပြတ် ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ တရားမဝင် စက်သုံးဆီများ ရောင်းချမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီး/ ပြည်နယ်များတွင် တရားမဝင် စက်သုံးဆီ ဖမ်းဆီးရမိမှု အနေဖြင့်  ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း တနင်္သာရီတိုင်းတွင် စက်သုံးဆီ ၃ ဒသမ ၈၁၀ တန် ခန့်မှန်း တန်ဖိုးငွေကျပ် ၁၂ သန်းနှင့်မကွေးတိုင်းတွင် စက်သုံးဆီ ၁၀ ဒသမ ၄၆၄ တန် စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅ ဒသမ ၉၉၂ သန်း စုစုပေါင်းစက်သုံးဆီ ၁၄ ဒသမ၂၇၄ တန်  စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၄၇ ဒသမ  ၉၉၂ သန်း  ဖမ်းဆီးရမိခဲ့ကြောင်း။

စက်သုံးဆီဆိုင်များနှင့် ပတ်သက်ပြီး အဆင်ပြေချောမွေ့စွာ ရောင်းချနေမှုများအား   အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်အထိ ပြည်ထောင်စုနယ်မြေ နေပြည်တော် အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များရှိ စက်သုံးဆီ Terminal  များနှင့် စက်သုံးဆီအရောင်းဆိုင် များအား CCTV Link ချိတ်ဆက်ပြီးစီးမှု အနေဖြင့် စုစုပေါင်း Terminal ရှစ်ခုနှင့် စက်သုံးဆီဆိုင် ၅၉၁ ဆိုင်အား ချိတ်ဆက် ဆောင်ရွက်ပြီးဖြစ်ကြောင်း။

ဆီဘောက်ဆာယာဉ်များ ဖြတ်သန်းသွားလာမှု အခြေအနေများကိုလည်း အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန်အတွက် နေပြည်တော် အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များရှိ Toll Gate များတွင်လည်း CCTV Camera များ တပ်ဆင်ပြီးစီးမှု အနေဖြင့် Toll Gate ပေါင်း ၅၂ ခုနှင့် CCTV အရေအတွက်၅၄၂ ခု တပ်ဆင်ပြီးဖြစ်ကြောင်း။

အများပြည်သူများအနေဖြင့်  Online  အသုံးပြုပြီး နီးစပ်ရာစက်သုံးဆီ အရောင်းဆိုင်များမှ လိုအပ်သည့် စက်သုံးဆီအမျိုးအစားကို ရောင်းဈေးနှုန်း သိရှိပြီး လိုအပ်သလောက် အလွယ်တကူ ဝယ်ယူနိုင်မည့်  Software   Application   တစ်ခုအားရေးဆွဲပြီးဖြစ်သဖြင့် ဖေဖော်ဝါရီလကုန်မှစ၍ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင်ရှိသည့် စက်သုံးဆီ အရောင်းဆိုင်များ၌ စမ်းသပ်အသုံးပြုလျက်ရှိပြီး Software အား လိုအပ်ချက်တချို့ ပြင်ဆင်မွမ်းမံ၍ ယခုမတ်လအတွင်း ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေး နယ်နိမိတ်တွင်ရှိသည့် စက်သုံးဆီ အရောင်းဆိုင် ၃၀၀ ကျော် အသုံးပြုနိုင်ရန်စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း။

စားအုန်းဆီဈေးနှုန်းနှင့်ပတ်သက်ပြီး  ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို အပတ်စဉ်ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ စားသုံးဆီများကို နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်အလိုက်   လိုအပ်ချက်များကို စိစစ်၍  စနစ်တကျဖြန့်ခွဲ ပေးလျက်ရှိပြီး ဈေးကွက်/ဈေးနှုန်း တည်ငြိမ်စေရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း။

နေပြည်တော်အပါအဝင် အခြားတိုင်းဒေသကြီး/ပြည်နယ်အလိုက် အစိုးရအဖွဲ့များ၏ လမ်းညွှန်မှုနှင့် သက်ဆိုင်ရာ ကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းအဖွဲ့မှ ကြီးကြပ်၍ မြို့နယ်များအထိ စားသုံးဆီဖြန့်ဖြူးရရှိသည့် အရေအတွက် သတ်မှတ်ရည်ညွှန်းဈေး အတိုင်း ရောင်းချမှုရှိ/မရှိ၊ စားသုံးဆီလက်ဝယ်ရရှိခြင်း ရှိ/မရှိ  တို့ကို စိစစ်ကြပ်မတ် ဆောင်ရွက်စေလျက်ရှိကြောင်း။

ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်မှု အနေဖြင့်လည်း ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအထိ ကုမ္ပဏီ ၁၃၀၁ ခုမှ အမေရိကန်ဒေါ်လာ ၂၈၃ ဒသမ ၃၆ သန်း၊ တရုတ်ယွမ် ၃၂၁ ဒသမ ၈၀ သန်းနှင့် ထိုင်းဘတ် ၈၇၆ ဒသမ ၁၅ သန်းဝင်ရောက်ခဲ့ပြီး ဖြစ်ကြောင်း၊ ကာလတူဖြစ်သော ၂၀၂၂ ခုနှစ် အောက်တိုဘာလမှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိ ကုမ္ပဏီ ၂၁၅ ခုမှ အမေရိကန်ဒေါ်လာ ၄၅ ဒသမ ၁၄ သန်း၊ တရုတ်ယွမ် ၁၀၉ သန်းနှင့် ထိုင်းဘတ် ၁၈၇ ဒသမ ၆၇ သန်းသာ ဝင်ရောက်ခဲ့သဖြင့် ကာလတူထက် ကုမ္ပဏီ ၁၀၈၆ ခုမှ အမေရိကန်ဒေါ်လာ  ၂၃၈ ဒသမ ၂၂ သန်း၊ တရုတ်ယွမ် ၂၁၂ ဒသမ ၈၀  သန်းနှင့် ထိုင်းဘတ် ၆၈၈ ဒသမ ၄၈  သန်း  ပိုမိုဝင်ရောက်ခဲ့သည်ကို တွေ့ရှိရကြောင်း။

ပို့ကုန်ရငွေပေးသွင်းရန် ကျန်ရှိနေသေးသည့် ကုမ္ပဏီများကိုလည်း သတ်မှတ်ကာလအတွင်း ပေးသွင်းခြင်း မရှိပါက သက်ဆိုင်ရာ ဌာနများ၏ လုပ်ထုံးလုပ်နည်းများအတိုင်း အရေးယူဆောင်ရွက်သွားရန်    လိုအပ်ကြောင်း။

ပို့ကုန်၊  သွင်းကုန်ငွေကြေးဆိုင်ရာ မူဝါဒများအား ယခင်ဗဟိုကော်မတီ အစည်းအဝေး(၁/၂၀၂၄)ပါအတိုင်း ဆက်လက်ဆောင်ရွက် စေလျက်ရှိကြောင်း၊ သက်ဆိုင်ရာဝန်ကြီး ဌာနများ အနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မကုန်မီ  လျာထားချက်ပြည့်မီအောင် ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရေး အလေးထားကြပ်မတ် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း။

ပြည်ပသို့ ပို့ကုန်များ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေးနှင့် ပတ်သက်ပြီး ပို့ကုန်လုပ်ငန်းရှင်များ၏ အခက်အခဲများကို သိအောင်လေ့လာပြီး ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ အနေဖြင့် ကူညီဖြေရှင်း ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ ကုန်သွယ်မှု လုပ်ငန်းများတွင် အခက်အခဲဖြစ်နေမှုများနှင့် ကြန့်ကြာနေမှုများကို သိရှိအောင် လေ့လာပြီး ဖြေရှင်းရမည့် အစီအမံများကို သက်ဆိုင်ရာဝန်ကြီးဌာနများမှ  အမြန်ဆုံး တင်ပြပေးရန် လိုအပ်ကြောင်း။

ပြည်တွင်း/ပြည်ပ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူလူထု အကျိုးစီးပွားကို ရှေးရှုဆောင်ရွက်မည် ဖြစ်ကြောင်း၊ ကုန်သွယ်မှုလုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှု မရှိစေရေး၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ  မှန်ကန်မြန်ဆန်စေရေး၊  လွယ်ကူလျင်မြန်ချောမွေ့စေရေး၊ ပို့ကုန်ကဏ္ဍ တိုးမြှင့် ရေးတို့ကို အဓိကထား ဆောင်ရွက်သွားမည် ဖြစ်သည့်အတွက် တက်ရောက်လာကြသည့် ဗဟိုကော်မတီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများအနေဖြင့်  ဝိုင်းဝန်း ဆောင်ရွက်ကြစေလိုကြောင်း။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဗဟိုကော်မတီ အဖွဲ့ဝင်များနှင့် အထူးဖိတ်ကြားထားသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေး တင်ပြခဲ့ကြသည်။

ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး   ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးမြထွန်းဦးက ရှင်းလင်းဆွေးနွေး တင်ပြမှုများအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။