သဗ္ဗညုဘုရားအား ငလျင်ဒဏ်ခံနိုင်ရန် ယခုနှစ်တွင် အကြီးစားပြုပြင် ထိန်းသိမ်းမှုများ စတင်ဆောင်ရွက်မည်

 

သဗ္ဗညုဘုရားအား ငလျင်ဒဏ်ခံနိုင်ရန် ယခုနှစ်တွင် အကြီးစားပြုပြင် ထိန်းသိမ်းမှုများ စတင်ဆောင်ရွက်မည်

 

    မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ မြေ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော သဗ္ဗညုဘုရားအား ယာယီပြုပြင် ထိန်းသိမ်း မှုများ ဆောင်ရွက်ထားပြီး ငလျင်ဒဏ်ခံနိုင်ရန်    အဆောက်အအုံ၏ ကြံ့ခိုင်မှုပိုင်းကို  ရှေးမူမပျက်ပြုပြင် ထိန်းသိမ်းခြင်းများ ယခုနှစ်တွင် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့်     အမျိုးသား ပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှ သိရသည်။

၂၀၁၆ ခုနှစ်က လှုပ်ခတ်ခဲ့သော  မြေငလျင်ဒဏ်ကြောင့် ပုဂံရှေးဟောင်း ယဉ်ကျေး မှုနယ်မြေရှိ ရှေးဟောင်းဘုရား စေတီပုထိုး ၃၈၉ ဆူ ထိခိုက်ပျက်စီးခဲ့သဖြင့်  ပြုပြင် ထိန်းသိမ်းမှုများဆောင်ရွက်ခဲ့ရာ သဗ္ဗညုဘုရားမှလွဲ၍ ကျန်ဘုရားစေတီပုထိုး  ၃၈၈ ဆူအား ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ သဗ္ဗညုဘုရားကိုလည်း   ယာယီပြုပြင်ထိန်းသိမ်းခြင်းများ ဆောင်ရွက်ထားပြီး ယခုနှစ်တွင် အကြီးစား ပြုပြင်ထိန်းသိမ်းမှုများ  စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

"၂၀၁၆ ခုနှစ်က  မြေငလျင်လှုပ်ခတ် မှုမှာ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေက ရှေးဟောင်းဘုရားစေတီပုထိုး   စုစုပေါင်း  ၃၈၉ ဆူ ထိခိုက်ပျက်စီးခဲ့ပါတယ်။ ကနဦး ပြုပြင်ထိန်းသိမ်းမှုတွေ ဆောင်ရွက်တဲ့အခါမှာ ဘုရားစေတီ ၃၈၈ ဆူကတော့ ဆောင် ရွက်ပြီးစီးသွားပါပြီ။ သဗ္ဗညုဘုရားတစ်ဆူပဲ   ဆောင်ရွက်နေဆဲဖြစ်ပါတယ်။  သဗ္ဗညု ဘုရားကို   မြန်မာနိုင်ငံနဲ့   တရုတ်နိုင်ငံက ပညာရှင်တွေက ပူးပေါင်းပြင်ဆင်ဖို့ ၂၀၁၈ ခုနှစ်က    သဘောတူလက်မှတ် ရေးထိုးခဲ့တယ်။ ၂၀၁၉ ခုနှစ်မှာ ယာယီပြုပြင်ထိန်း သိမ်းမှုတွေ    စတင်ဆောင်ရွက်ခဲ့တယ်။ဘုရားစေတီပုထိုးတွေ     မိုးရေဒဏ်ခံနိုင်အောင်၊   အက်ကွဲကြောင်းတွေကို    ပိုပြီး အက်ကွဲမလာအောင် အထောက်အပံ့တွေနဲ့ ပြုပြင်ထိန်းသိမ်းတာတွေ လုပ်ခဲ့တယ်။   ၂၀၂၀ ပြည့်နှစ်နောက်ပိုင်းမှာ  ကိုဗစ်-၁၉ ရောဂါကြောင့် လုပ်ငန်းတွေ ယာယီရပ်နားခဲ့တယ်။  ၂၀၂၂-၂၀၂၃    ခုနှစ်မှာတော့  ဘုရားကို   ဘယ်လိုပြုပြင်ထိန်းသိမ်းမယ်ဆိုပြီး    ပြည်တွင်းပြည်ပက ပညာရှင်တွေ    တိုင်ပင်ပြီးတော့ ၂၀၂၄  ခုနှစ်မှာ  စတင် ပြုပြင်ဖို့ စီစဉ်ထားပါတယ်”ဟု ရှေးဟောင်း သုတေသနနှင့်    အမျိုးသားပြတိုက်ဦးစီး ဌာန(ပုဂံဌာနခွဲ)  လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေမြတ်နိုးကို ကပြောသည်။

သဗ္ဗညုဘုရားသည်    အရွယ်အစား ကြီးမားသည့်အပြင် မြန်မာ-တရုတ် နှစ်နိုင်ငံ မှ ပညာရှင်များ ပူးပေါင်းကာ   အချိန်ယူ လေ့လာပြီးမှ စနစ်တကျပြုပြင် ဆောင်ရွက် မှုများ ပြုလုပ်မည်ဖြစ်သည့်အတွက် ပြုပြင် ရန်ဆောင်ရွက်ဆဲအနေဖြင့် ကျန်ရှိနေခြင်း ဖြစ်ပြီး ငလျင်ဒဏ်ခံနိုင်ပြီး  ကြံ့ခိုင်မှုရှိစေရေးအတွက် ယခုနှစ်တွင် အကြီးစားပြုပြင် ထိန်းသိမ်းမှုများကို စတင်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် သဗ္ဗညုဘုရား အဆောက်အအုံ၏ တတိယထပ်နှင့် စတုတ္ထ ထပ်  လိုဏ်ပတ်လမ်းအတွင်း   အက်ကွဲကြောင်းများ ဖြစ်ပေါ်နေမှုများကို ဦးစားပေး ပြုပြင်မည့်အပြင်  နံရံဆေးရေးပန်းချီများ နှင့် အင်္ဂတေပန်းများကိုလည်း ပြုပြင်ထိန်း သိမ်းရန်  မဟာဗျူဟာရေးဆွဲ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။