တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊  လူသုံးကုန်ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များဖမ်းဆီးရမိ

 

တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊  လူသုံးကုန်ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များဖမ်းဆီးရမိ

 

နေပြည်တော်  မတ်  ၅

    တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ်လ ၃ ရက်တွင် အကောက်ခွန် ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊    လေဆိပ်(သွင်းကုန်)၌ ဝန်စည်များအတွင်းမှ   တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့်   DJI  Drone Mavic Air (Used) (၁)လုံး၊  Yun Yan Fitter  စီးကရက် (၄)တောင့်၊ ကျောက်စိမ်းဟု ယူဆရသော ရေနွေးကရား (၁)စုံ အပါအဝင် ကုန်ပစ္စည်း (၆)မျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၁၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

    ထို့အတူ မတ်လ ၃ ရက်တွင် မွန်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့က   စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဇာသပြင်တံတားအနီး၌  ဇာသပြင်ဘက်မှ မော်လမြိုင်မြို့သို့   မောင်းနှင်လာသော မော်တော်ယာဉ်(၂)စီးပေါ်မှ    တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့်  ပုစွန်တစ်ကောင် စားဆီ (၁၈)လီတာပါ ပုံး (၂၀၀)   (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၈၀၀၀၀၀)၊ M1-150 အားဖြည့်အချိုရည် ပုလင်း (၁၅၀၀၀) (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၀၀၀၀၀၀)နှင့်  အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter (၂)စီး   (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၈၈၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

     ထို့ပြင် မတ်လ ၄ ရက်တွင် စစ်ကိုင်းတိုင်း ဒေသကြီးတရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက  စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကလေးဝမြို့နယ်၌ လိုင်စင်မဲ့ Jialing Super Cub  မော်တော်ဆိုင်ကယ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀) နှင့် စစ်ကိုင်းမြို့၊    တကောင်းရပ်ကွက်၊ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့  Suzuki Carry မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀)တို့ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊  တမူးမြို့၊  စော်ဘွားရပ်ကွက်၌ တရားမဝင် ကျွန်းသစ်(၁ ဒသမ ၁၆၄)တန်၊ အခြားသစ် (၃ ဒသမ ၅၄၂)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၉၉၉၉၆)ကို သစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၅၄၄၉၉၉၆) ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

    ထို့ပြင် မတ်လ ၄ ရက်တွင် ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူး အဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မြစ်ကြီးနားမြို့၌ မလိခကျေးရွာမှ နန်းကွေ့ကျေးရွာသို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် အမိုနီယမ်နိုက်ထရိတ် ကီလိုဂရမ် (၁၀၅၀) (ခန့်မှန်းတန်ဖိုးငွေကျပ်  ၁၀၅၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် SO JEN Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၀၅၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိသည်။

    ထို့ပြင် မတ်လ ၄ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ဘားအံမြို့၊   ကမော့ကစင်ကျေးရွာ အနီး၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော   မော်တော်ယာဉ်(၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသည့် Lipovi-tan-D အားဖြည့်အချိုရည် ပုလင်း (၇၅၀၀)၊ Sponsor  အားဖြည့်အချိုရည် (၁၃၂၀၀)ဘူး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၀၀၀၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck (၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀)ကိုလည်းကောင်း၊ အိန္ဒု-ဇာသပြင် လမ်းကြောင်း၊ အိန္ဒုကျေးရွာအနီး၌ မြဝတီမြို့မှ မော်လမြိုင်မြို့သို့ မောင်းနှင်လာသော  မော်တော်ယာဉ်(၁)စီးပေါ်မှ   တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ပုစွန်တစ်ကောင်စားဆီ (၁၈)လီတာပါ ပုံး (၁၀၀)၊ ပုစွန်နှစ်ကောင်စားဆီ (၂)လီတာပါ (၇၈၀)ဘူး   (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၄၀၀၀၀၀)၊ Lactasoy ပဲနို့ (၁၂၀၀၀)ဘူး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀)  ကိုလည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၄၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

    ထို့ပြင် မတ်လ ၄ ရက်တွင် ပဲခူးတိုင်းဒေသကြီး  တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်  တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် (၉ ဒသမ ၄၉၈)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁၃၄၃၄၀)ကို ဖမ်းဆီးရမိ ခဲ့ပြီး သစ်တောဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ မတ်လ ၃ ရက်နှင့် ၄ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၀)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၆၉၃၄၃၃၆)ဖြစ်ကြောင်း    တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။