ဧရာဝတီတိုင်းဒေသကြီး ပုသိမ်လေယာဉ်ကွင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှု၊ သိမ်ကမ်းနားလမ်း တိုးချဲ့ဆိပ်ခံတံတား တည်ဆောက်နေမှု အခြေအနေ တို့ကို  ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း သွားရောက် စစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်လေယာဉ်ကွင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှု၊ သိမ်ကမ်းနားလမ်း တိုးချဲ့ဆိပ်ခံတံတား တည်ဆောက်နေမှု အခြေအနေ တို့ကို  ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း သွားရောက် စစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ

 

နေပြည်တော် မတ်  ၅

    ပို့ဆောင်ရေးနှင့်    ဆက်သွယ်ရေး ဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည်    ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊   လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးနေမျိုးအောင်၊ ရေအရင်းအမြစ်နှင့်  မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းလှိုင်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့က ဧရာဝတီတိုင်းဒေသကြီး  ပုသိမ်လေယာဉ်ကွင်း  အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် ၂၀၂၃-၂၀၂၄  ဘဏ္ဍာနှစ် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့   ရန်ပုံငွေဖြင့်    ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော   ပုသိမ်ကမ်းနားလမ်း တိုးချဲ့ခြင်း Bored pile  အခြေပြု ကွန်ကရစ်ဆိပ်ခံ တံတားအလျား ပေ၂၀၀ တည်ဆောက်ခြင်း လုပ်ငန်းတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့ကြသည်။

တင်ပြချက်များအပေါ်  ဒုတိယဝန်ကြီးက ပုသိမ်လေယာဉ်ကွင်း  အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် ပတ်သက်၍ လေယာဉ်ပြေးလမ်းအား  တစ်စိတ်တစ်ပိုင်းပိတ်ပြီး လေယာဉ်ပျံသန်းမှု ထိခိုက်မှုမရှိစေရေး အတွက် ပြေးလမ်း တစ်စိတ်တစ်ပိုင်းကို ဖွင့်၍ ဆောင်ရွက်နေခြင်း ဖြစ်သည့်အတွက် ပြေးလမ်းနှင့်ပတ်သက်သည့်   သတ်မှတ်အမှတ်အသားများ   ထင်ရှားစွာရေးဆွဲထားရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းမှုရှိစေရေး   လျာထား သတ်မှတ်ထားသည့် လုပ်ငန်းများ စံချိန်စံညွှန်းပြည့်မီစွာအချိန်မီပြီးစီးရေး၊   လုပ်ငန်းလို အပ်သည်များကို အချိန်မီ တင်ပြကြရန်ဖြစ်ကြောင်း၊ လာရောက်စစ်ဆေးသည်မှာလည်း  လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးရန်အတွက်ဖြစ်ကြောင်း၊ လုပ်ငန်းအရည်အသွေး စံချိန်စံညွှန်း  ပြည့်မီရေးအတွက် ပြင်ပပညာရှင် အဖွဲ့နှင့်    ဆောက်လုပ်ရေး ဝန်ကြီးဌာနမှအဖွဲ့တို့ဖြင့် စစ်ဆေးပေးနေသည့်အတွက် လုပ်ငန်းအရည်အသွေး  များစွာကောင်းမွန်မည်ဟု ယုံကြည်ကြောင်း    ပြောကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည်  ပုသိမ်ကမ်းနားလမ်း တိုးချဲ့ခြင်း    Bored pileအခြေပြုကွန်ကရစ်  ဆိပ်ခံတံတား တည်ဆောက်နေမှုနှင့် ပတ်သက်၍  ပုသိမ်မြို့၏ ကျက်သရေဆောင် လူထုအပန်းဖြေစရာ နေရာဖြစ်သည့်အတွက် ခိုင်ခံ့လှပမှုအတွက်သာမက  မသန်စွမ်းသူများ အတွက်ပါ ထည့်သွင်း ဆောင်ရွက်ပေးရန် လိုကြောင်း၊ ဆိုလာစနစ်ဖြင့် ရေရှည်ညအချိန်မီးလင်းရေး   စဉ်းစား   ဆောင်ရွက်ထားသင့်ကြောင်း၊ လူထုအပန်းဖြေနေရာ ဖြစ်သည့်အတွက်   လုံခြုံရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနများဖြင့် ပူးပေါင်း ဆောင်ရွက်သွားရန် လိုကြောင်း မှာကြားခဲ့သည်။

ထို့နောက်  ဒုတိယဝန်ကြီးသည် ပုသိမ်မြို့ ဧရာရွှေဝါခန်းမ၌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအောက်ရှိ တိုင်းအဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံခဲ့ပြီး ဝန်ထမ်းများ အားလုံးသည် နိုင်ငံတော် တည်ဆောက်ရေး ကဏ္ဍတွင် အဓိကပါဝင်ရသည့် စွမ်းအားစုများဖြစ်ကြောင်း၊ ဝန်ထမ်းကျင့်ဝတ်နှင့်အညီ ပါတီနိုင်ငံရေး   ကင်းရှင်းကြရန်လိုကြောင်း၊ မိမိတို့ဌာန/ အဖွဲ့အစည်းတို့၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များအတိုင်း ကြိုးစားဆောင်ရွက်ကြရန် လိုကြောင်း၊   မိမိတို့ရုံးအတွင်း/ အပြင်သာမက   ဝန်ထမ်းအိမ်ရာများတွင် သန့်ရှင်း သပ်ရပ်မှုရှိစေရန် အပတ်စဉ် ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း၊ ဌာနဆိုင်ရာ မြေယာပိုင်ဆိုင်မှုများနှင့် ပတ်သက်၍   ဌာန အမည်ပေါက်ရရှိရေး   အလေးထား ဆောင်ရွက်ကြရန်လိုကြောင်း၊ ရုံးစာများ လုံခြုံရေး အဆင့်ဆင့်ကြီးကြပ်ရန် လိုကြောင်း၊  ဌာန/ အဖွဲ့အစည်းများအနေဖြင့်    ဘဏ္ဍာငွေ သုံးစွဲရာတွင်   လုပ်ထုံးလုပ်နည်းနှင့်အညီ သုံးစွဲရန်လိုကြောင်း၊ မိမိတို့ဝန်ကြီးဌာနအောက်ရှိ ဌာန/ အဖွဲ့အစည်းများသည် ဝန်ဆောင်မှု ပေးရသောဌာနများ ဖြစ်ပြီး ပြည်သူလူထုနှင့်  တိုက်ရိုက်ထိတွေ့ ဆက်ဆံကြရာတွင် ယဉ်ကျေးသိမ်မွေ့စွာ အဂတိတရား ကင်းရှင်းပြီး အလေးထားဆက်ဆံရန် လိုကြောင်း၊ တိုင်းအဆင့်ဌာန အကြီးအကဲများအနေဖြင့် မိမိလက်အောက် ဝန်ထမ်းများ၏    သက်သာချောင်ချိရေး ကိစ္စရပ်များ      တတ်နိုင်သမျှ ဖြည့်ဆည်းပေးရန် လိုကြောင်း၊ ဝန်ထမ်းများနှင့် တွေ့ဆုံ ဆန္ဒဖော်ထုတ်ခြင်းများ  လစဉ်ဆောင်ရွက်ရန် လိုကြောင်း၊  ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများ မီးဘေးနှင့် လုံခြုံရေးအန္တရာယ်များ  အောက်ခြေအဆင့်ထိ သတိရှိစွာ ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက   ဌာနအလိုက် တင်ပြချက်များအပေါ် ပြန်လည် ရှင်းလင်း ပြောကြားခဲ့ပြီး ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ     ပေးအပ်ခဲ့ကာ ဝန်ထမ်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကြောင်း သိရသည်။