နိုင်ငံ့ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ခြင်း အစီအစဉ်အရ “Python for Econometrics” သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

 

နိုင်ငံ့ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ခြင်း အစီအစဉ်အရ “Python for Econometrics” သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

 

နေပြည်တော်  မတ်  ၅

    နိုင်ငံ့ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ခြင်း အစီအစဉ်အရ Python for Econo-metrics"  သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်   စက်မှုဝန်ကြီးဌာနရုံး အမှတ်(၃၀)  အစည်းအဝေးခန်းမ၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

ရှေးဦးစွာ    ပြည်ထောင်စုဝန်ကြီးက  Python သည် Web Applications များ ဖန်တီးနိုင်ခြင်း၊ Database Systems များနှင့် ချိတ်ဆက်နိုင်ခြင်း၊ Files များကို ဖတ်နိုင်/ ပြင်နိုင်ခြင်း၊ Big Data များကို ကောင်းစွာကိုင်တွယ် ဖြေရှင်းနိုင်ခြင်း၊  ရှုပ်ထွေးခက်ခဲနက်နဲသော သင်္ချာပုစ္ဆာများကို ဖြေရှင်းနိုင်ခြင်း၊ Prototype နှင့် Software Develop-ment များကိုလည်း ဆောင်ရွက်နိုင်ခြင်း စသည်တို့ကို လုပ်ဆောင်နိုင်ကြောင်း။

ယခုသင်တန်း၌ Python ကို စီးပွားရေး အတိုင်းအတာပညာရပ်နှင့် ပေါင်းစပ်ပြီး အခြေခံသိသင့်သိထိုက်သော အသိပညာများကို သင်ကြားနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ စက်မှုဝန်ကြီး ဌာနအောက်ရှိ ဦးစီးဌာန/လုပ်ငန်းများတွင် အများဆုံး ရင်ဆိုင်ကြုံတွေ့နေရသည့် ဝန်ထမ်းများ၏ စီမံခန့်ခွဲမှု စွမ်းရည်များကို စနစ်တကျမြှင့်တင်ပေးရန် လိုအပ်လျက်ရှိကြောင်း၊ အဆိုပါစီမံခန့်ခွဲမှု အရည်အချင်းများတွင် စီးပွားရေး လုပ်ငန်းများ စတင်ရာ၌ ဆောင်ရွက်ရမည့် အခြေခံအချက်များ၊ မိမိလုပ်ငန်း၏ ပုံစံပြောင်းလဲ ဆောင်ရွက်ရာတွင် လိုအပ်သည့် အခြေခံအချက်များ၊ စီမံခန့်ခွဲသူတစ်ဦး၏  ရှိရမည့် အရည်အချင်းများ၊ ထပ်မံဖြည့်စွက်ရမည့် လိုအပ်ချက်များ စသည်တို့ပါဝင်ကြောင်း၊ မိမိနိုင်ငံ၏ ပကတိအခြေအနေနှင့် ကိုက်ညီသည့် အစီအမံများ၊ စီမံချက်များကို မိမိတို့တွေ့ကြုံ/လေ့လာခဲ့သည့် အသိပညာဗဟုသုတများကို အခြေခံရေးဆွဲ၍ ရေရှည်ဖွံ့ဖြိုး တိုးတက်ရန် စီမံဆောင်ရွက် သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍    သင်တန်းနည်းပြက သင်တန်း၌  လေ့ကျင့်သင်ကြား ပို့ချမည့် ဘာသာရပ်များနှင့် သင်တန်းဆိုင်ရာ အချက်အလက်များကို   တင်ပြဆွေးနွေးသည်။ သင်တန်းသို့ စက်မှုဝန်ကြီးဌာန ကြီးကြပ်မှု အောက်ရှိ ဦးစီးဌာန/လုပ်ငန်းများမှ အရာထမ်း ၄၃ ဦး တက်ရောက်ခဲ့ပြီး သင်တန်းအား တစ်ပတ်လျှင် သင်ကြားချိန် လေးနာရီဖြင့် ခြောက်ပတ်ကြာ ဖွင့်လှစ်သင်ကြား ပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။