မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းနှင့် စပ်လျဉ်းသော အချက်အလက်များ နိုင်ငံတကာ ခရီးသွားလုပ်ငန်းဆိုင်ရာ Website များတွင် ပိုမိုပါဝင်လာစေရေး ညှိနှိုင်း အစည်းအဝေး ကျင်းပ

 

မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းနှင့် စပ်လျဉ်းသော အချက်အလက်များ နိုင်ငံတကာ ခရီးသွားလုပ်ငန်းဆိုင်ရာ Website များတွင် ပိုမိုပါဝင်လာစေရေး ညှိနှိုင်း အစည်းအဝေး ကျင်းပ 

 

နေပြည်တော်  မတ်  ၅

    မြန်မာနိုင်ငံ၏  ခရီးစဉ်ဒေသများနှင့် ခရီးသွား ဆွဲဆောင်မှုများကို  ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးနှင့် ဈေးကွက်ရှာဖွေရေး၊ ပြည်ပခရီးသွားဧည့်သည်များ ပိုမိုလာရောက် လည်ပတ်စေရေး အတွက် နိုင်ငံတကာခရီးသွား လုပ်ငန်းဆိုင်ရာ Website များတွင် မြန်မာနိုင်ငံရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ကဏ္ဍပိုမို ပါဝင်လာခြင်းအားဖြင့်  Digital  ခရီးသွားလုပ်ငန်း ပိုမိုတိုးတက်လာစေရန် ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန နီလာခန်းမ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်သည်  ခရီးသွားလုပ်ငန်းဆိုင်ရာ ဘာသာရပ် သင်ကြားပေးနေသော တက္ကသိုလ်/ကောလိပ်များမှ ဆရာ၊ ဆရာမများ၊ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်နှင့်   ညီနောင်အသင်းများမှ  တာဝန်ရှိသူများကို အွန်လိုင်းမှ တွေ့ဆုံသည်။

အစည်းအဝေးသို့ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်နှင့် အဆင့်မြင့်အရာရှိကြီးများ၊ ဘာသာရပ် တာဝန်ခံများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ခရီးသွားလုပ်ငန်းမှာ ဝန်ဆောင်မှုလုပ်ငန်းများ အပေါ် အခြေခံဆောင်ရွက်ပြီး နိုင်ငံတော်၏ နိုင်ငံခြား ဝင်ငွေကို ရှာဖွေပေးနေသော ကဏ္ဍကြီးများအနက် တစ်ခုပင်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုမှာ ခရီးသွားဧည့်သည်များရောက်ရှိ လည်ပတ်မှု အခြေအနေနှင့်   တိုက်ရိုက် သက်ဆိုင်မှုရှိကြောင်း၊ ၂၀၂၃ ခုနှစ် ပြည်တွင်း ခရီးသွား အရေအတွက်မှာ  ၂၀၁၉  ခုနှစ်နှင့် နှိုင်းယှဉ်ပါက  ၈၃  ရာခိုင်နှုန်းကျော် တိုးတက်သည်ကို တွေ့ရှိရကြောင်း၊ ပြည်ပခရီးသွားဧည့်သည် ဝင်ရောက်မှုအနေနှင့် ၃၀  ရာခိုင်နှုန်းခန့်သာ  ပြန်လည်ရောက်ရှိခဲ့သည်ကို တွေ့ရှိရကြောင်း၊ ပြည်ပခရီးသွား ဧည့်သည်ပိုမို ဝင်ရောက်လာစေရေးအတွက် အားလုံးဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

ပြည်တွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သကဲ့သို့ ပြည်ဝင် ခရီးသွားလုပ်ငန်းပြန်လည် တိုးတက်လာရေးအတွက်  ခရီးစဉ်ဒေသများ ကြော်ငြာခြင်း၊ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ပုံရိပ်အမှတ်တံဆိပ်ကို ကမ္ဘာကပိုမိုသိရှိနိုင်စေရန် ဝိုင်းဝန်းကြိုးစားကြရမည်ဖြစ်ကြောင်း၊ ခရီးသွားမြှင့်တင်ရေး လုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်နိုင်စေရန် အစိုးရနှင့် ပုဂ္ဂလိက ကိုယ်စားလှယ်များ ပါဝင်သော ခရီးသွားလုပ်ငန်း ဈေးကွက်ရှာဖွေရေးနှင့် မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ် ထားပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားလုပ်ငန်း ကဏ္ဍရှိ အစိုးရ၊ ပုဂ္ဂလိက၊ ပညာရပ် အသိုင်းအဝိုင်းနယ်ပယ်ရှိသူ အားလုံး ပူးပေါင်းဆောင်ရွက် ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ယင်းနောက် အစည်းအဝေးသို့တက် ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးပြောကြားကာ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။