သာယာဝတီ ခရိုင်အတွင်း စိုက်ပျိုးရေးနှင့် ကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှု

 

သာယာဝတီ ခရိုင်အတွင်း စိုက်ပျိုးရေးနှင့် ကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှု

 

ပဲခူး မတ် ၅

    ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့နံနက်ပိုင်းက အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အတူ သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးနှင့်ကုန်ထုတ် လုပ်ငန်းများဖွံ့ဖြိုး တိုးတက်စေရေး ကွင်းဆင်း ကြည့်ရှုခဲ့သည်။

ရှေးဦးစွာ  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မင်းလှမြို့နယ် ဝက်လှ ကြီးကျေးရွာ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် မြေဧရိယာ ဧက ၄၀ အား စနစ်ကျလယ်ယာမြေ ဖော်ထုတ်နေမှုအား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

ထို့နောက်  ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ စိုက်ပျိုးသီးနှံ ပန်းတိုင်အထွက်နှုန်း ရရှိရေး၊ သီးထပ်စွမ်းအား တိုးတက်စေရေး နှင့် တောင်သူလယ်သမားများ၏ လူမှုစီးပွား ဘဝများတိုးတက် မြင့်မားလာစေရေး စနစ်ကျ လယ်ယာမြေများ ဖော်ထုတ်ပေးခြင်းဖြစ်၍ မြေလပ်မရှိ   စိုက်ပျိုးသွားရန်နှင့် စိုက်ပျိုးရေအား    စနစ်တကျ အလေအလွင့်မရှိ သုံးစွဲနိုင်ရေး ပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူးက ရာသီအလိုက် ကျရောက်တတ်သည့်  ပိုးမွှားရောဂါနှင့် တုံ့ပြန်ဆောင်ရွက်ရမည့် နည်းလမ်းများအား ရှင်းလင်း ပြောကြားခဲ့ပြီး ဒေသခံ တောင်သူများအား သွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် လက်ပံတန်းမြို့  မြို့မရပ်ကွက်ရှိ လုပ်ငန်းရှင် ဦးမင်းမင်းစိုး၏ ဒေသ ထွက်ကုန်ကြမ်းပစ္စည်းများဖြင့် ထုတ်လုပ်လျက်ရှိသော စားဖိုမှူး ငရုတ်ဆီအလုပ်ရုံ သို့ သွားရောက်အားပေးခဲ့ပြီး ဒေသတွင်း ဈေးကွက်အချင်းချင်း ချိတ်ဆက်မှာယူဆောင် ရွက်နိုင်ရေး၊ ထုပ်ပိုးမှုစနစ်များ နိုင်ငံတကာ အဆင့်မီ အဆင့်မြှင့်တင် ဆောင်ရွက်ရန်နှင့် FDAထောက်ခံချက်ရရှိနိုင်ရေး ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် သာယာဝတီမြို့နယ် ကျွန်းကုန်း ကျေးရွာ၌ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် တစ်ကွင်းတစ်ဆက်တည်း လက်ဆွဲ ကောက်စိုက်စက်ဖြင့် နွေစပါးမျိုးစေ့ထုတ် ဧက၂၀၀ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေမှုနှင့် စုပေါင်းဓာတ်မြေသြဇာကြဲပက်ပွဲအခမ်း အနားသို့ တက်ရောက်အားပေးခဲ့ပြီး ဒေသခံ တောင်သူများနှင့် တွေ့ဆုံ၍ စိုက်ပျိုးသီးနှံ အလိုက် ပန်းတိုင်အထွက်နှုန်း ရရှိရေး၊ ဒေသတွင်း အထွက်နှုန်းကောင်းမျိုးကောင်းမျိုးသန့်များဖူလုံစေရေးနှင့် မျိုးစေ့ထုတ်စိုက် ခင်းများ၌ မျိုးကွဲနုတ်ပယ်ခြင်းများကိုလည်း အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပြီး နွေစပါးစိုက်တောင်သူများအား သွင်းအားစု များ ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီမြို့နယ် သုံးဆယ်မြို့ရှိ လုပ်ငန်းရှင် ဦးဇော်မင်းဦး၏ တံမြက်စည်း အလုပ်ရုံသို့သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး ဒေသထွက်ကုန်ကြမ်း ပစ္စည်းများဖြင့် ကုန်ချောထုတ်လုပ်၍ အိန္ဒိယနိုင်ငံ သို့ တစ်ဆင့်ခံပေးပို့နေရသဖြင့် တိုက်ရိုက် တင်ပို့နိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ပြီး ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း တိုးတက်နိုင်ရေးအတွက် လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။