ဟိုင်းကြီးကျွန်းမြို့ ငွေတောင်ကမ်းခြေသို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ခရီးသွားဧည့်သည် ဦးရေ ၃၆၅၅၅ ဦးအထိ လာရောက်လည်ပတ်

 

ဟိုင်းကြီးကျွန်းမြို့ ငွေတောင်ကမ်းခြေသို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ခရီးသွားဧည့်သည် ဦးရေ ၃၆၅၅၅ ဦးအထိ လာရောက်လည်ပတ်

 

    ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့ ငွေတောင်ကမ်းခြေသို့   ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း  ခရီးသွားဧည့်သည်ဦးရေ ၃၆၅၅၅ ဦးအထိ လာရောက် လည်ပတ်ခဲ့ကြောင်း ငပုတော မြို့နယ် ခရီးသွားလုပ်ငန်း အသင်းတာဝန်ခံ ဒေါ်နီနီမာ၏ ပြောဆိုချက်အရ သိရသည်။

ငွေတောင်ကမ်းခြေကို    ပြီးခဲ့သည့် ဇန်နဝါရီလ  တစ်လတာ ကာလအတွင်းက ခရီးသွားဧည့်သည်ဦးရေ ၃၅၄၅၅ ဦးအထိ လာရောက်လည်ပတ်ခဲ့ပြီး ဖေဖော်ဝါရီလ ၁ ရက်မှ ၂၉ ရက်အထိ ခရီးသွားဧည့်သည် ဦးရေ ၃၆၅၅၅ ဦးအထိ လာရောက်လည် ပတ်ခဲ့ကြောင်း သိရသည်။

“ပြီးခဲ့တဲ့  ဖေဖော်ဝါရီလအတွင်း ငွေတောင်ကမ်းခြေကို ခရီးသွားဧည့်သည် ၃၆၅၅၅ ဦးအထိ လာရောက် လည်ပတ်ခဲ့ပါတယ်။ နွေရာသီကျောင်းပိတ်ရက် ရောက် လာတာကြောင့်  ခရီးသွားတွေ  ပိုပြီးလာရောက် လည်ပတ်နေပါတယ်။  ငွေတောင်  ကမ်းခြေက   မြတ်မော်တင်စွန်းစေတီနဲ့ နီးတာကြောင့် ဘုရားဖူးလာရင်း ကမ်းခြေကိုလာတဲ့ ဧည့်သည်တွေများပါတယ်။ လာတဲ့ ဧည့်သည်တွေကတော့    ဒေသတွင်းခရီးသွားတွေအပြင် ရန်ကုန်နဲ့နေပြည်တော် ဘက်ကလာတဲ့ ခရီးသွားတွေ များပါတယ်။ သင်္ကြန်ကာလနီးလာရင် ခရီးသွားဧည့်သည်တွေ ပိုပြီးဝင်ရောက် လာလိမ့်မယ်လို့ မျှော်မှန်းထားပါတယ်”ဟု ဒေါ်နီနီမာ ကပြောသည်။

အဆိုပါကမ်းခြေသို့ လာရောက်အပန်း ဖြေသည့် ခရီးသွားဧည့်သည်များ ခရီးစဉ် အဆင်ပြေစေရန်နှင့် စနစ်တကျ အနားယူနိုင်ရန်အတွက် လုံခြုံရေး၊  စည်းကမ်းထိန်းသိမ်းရေး  စသည့်လုပ်ငန်းများကို ခရီးသွားလုပ်ငန်းရှင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံများ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။