အောင် ရဲ့ အောင်
ယမန်နေ့မှအဆက်
ထိုနေ့က သူငယ်ချင်းတစ်စုရိုက်ကြသော ဓာတ်ပုံတွင် သတို့သမီးနှင့်တွဲလျက် သတို့သားပါခွင့်မရရှာတော့။ ထိုနေ့ကစပြီး ကိုယ်ပျောက်သတို့သားဘွဲ့ မည်တွင် လျက်ရှိသည်။
“အေး...အောင် နင်အလှည့်ကျသိမယ် သတိထား”
အားလုံးက ဝိုင်းကြိမ်းမောင်းကြရသည်။ ဘယ်လောက်ဆိုးသည့် အောင်ပါလိမ့်။ ထို့ နောက် အောင်ကပြောသေးသည်။
“ချစ်သူဘဝထက်ကျော်လွန်ပြီး ကိုယ့်ဘဝကို ယောကျ်ားတစ်ယောက်လက်ထဲ အပ်လိုက်တာ သက်သက်မိုက်မဲတာပဲ၊ အိမ်ထောင်ရေးဟာ မျိုးဆက်ပြန့်ပွားရေး ဖြစ်ပေမယ့် စဉ်းစားဉာဏ်ရှိတဲ့လူတွေ အတွက် အဓိကကျတဲ့အခြေခံတရား မဟုတ်ဘူး၊ လူတွေမှာ အနာဂတ်အတွက် ဘဝရည်မှန်းချက်ဟာ အဓိကပဲ၊ အိမ်ထောင်ပြုတာနဲ့ ဘဝဟာ သေသွားတာပဲ၊ တစ်ကိုယ်ကောင်းလည်း ဆန်လာတယ်၊ အိမ်ထောင်ပြုပြီးတာနဲ့ ငါ့လင်၊ ငါ့သား၊ ငါ့မယားရယ်လို့ ငို့ဘတရားတွေ လွှမ်းလာတယ်၊ စိတ်ဓာတ်ကို ပျက်စီးစေတဲ့ လောဘ တရားဟာ အထွတ်အထိပ်ရောက်လာတာပဲ”
တစ်ခါတုန်းက အောင်၏စကားများကို ကိုလတ်သည် ရယ်ကာမောကာနှင့် အံ့သြ မိရသေးသည်။
အောင်၏ မသိစိတ်တို့ ဖွံ့ဖြိုးရှင်သန်လာ ပုံကိုပဲ အံ့သြမိခြင်းဖြစ်သည်။ လောကရဲ့ အကြောင်းအရာတွေ၊ သဘာဝတရားတွေ သိရန် ငယ်လွန်းလှသောအောင်၊ သိသလို လိုနှင့် မသိသေးသည့်အောင်သည် တချို့ ကိစ္စများ၌ မသိသလိုနှင့် သိနေပြန်သည်။
လောက၌ ငွေကြေး၊ ရာထူး၊ အခွင့်အရေးတည်းဟူသော လက်ဝေခံ ဖောက်ပြန်သူတို့၏ စူးရှထက်မြက်လှသော လက်နက်ဖြင့် အသက်ထွက်သွားခဲ့ကြသူများ အကြောင်းကို အောင်ဘယ်လိုသိပါလိမ့်။
အစက အောင်ဆိုသော မိန်းကလေး၏ ဦးနှောက်တွင် အဆိပ်အတောက်တွေနှင့် ပြီးသော၊ အဆိပ်ငွေ့လွှမ်းသော အတွေး အခေါ်တွေနှင့် ပြည့်နှက်နေလိမ့်မည်ဟု ထင်ခဲ့သည်။ တကယ်ပါပဲ။ အောင့်ဦးနှောက် ထဲတွင် သန့်စင်မွန်မြတ်သော အတွေးမျိုး စေ့များ ကြဲခဲ့လိမ့်မည် မထင်ခဲ့။
စင်စစ်တော့ နွားချေးပုံထဲ ကြာပင် ပေါက်ခဲ့သည်သာ ဖြစ်သည်ဟု တင်စားမိသည်။ ကိုလတ်၏မျက်စိထဲတွင် သူ့အိမ် အဝင်ဝရှိ နွားချေးပုံထဲ ကြာပန်းတစ်ခက် စိုက်ခဲ့သော အမရာကိုသာ မြင်ယောင်မိ သေးသည်။ ခေတ်သစ်မဟော်သဓာအတွက် နှစ်ဆယ်ရာစုအမရာ မွေးဖွားခဲ့လေပြီလား၊ တင်စားမိပြန်သည်။ တင်စားဝံ့သည်။
အခန်း (၃)
တစ်ခါတစ်ခါကျ အောင်သည် အံ့သြစရာကောင်းသည်။ ဆန်းလည်းဆန်းသည် ဟု ထင်မိသည်။
အောင်နှင့် သိကျွမ်းခဲ့ရသည်မှာတော့ မဆန်းလှ။ ပဲခူးတွင် တစ်ကျောင်းတည်း အတူနေခဲ့သော ဒေဝနှင့်ချောစုတို့ကို အကြောင်းပြု၍ သိခဲ့ရခြင်းဖြစ်သည်။
တွေ့ခါစက အောင်ဆိုသည့် မိန်းကလေးမှာ ထောင့်မကျိုးသော၊ ရွယ်တူ အမျိုးသားတွေကို အကြောင်းမဲ့ဂျစ်တိုက်တတ်သော၊ ခေတ်ပညာတတ်၍ လူတန်းစား မမှန်သော ကောင်မလေးတစ်ယောက်ပဲ ထင်ခဲ့မိသည်။
ကိုလတ်အပေါ် ဤမျှကျိုးနွံလိမ့်မည်၊ လေးလေးစားစား ဆက်ဆံလိမ့်မည်ဟု တစ်ခါမျှ မမျှော်လင့်ခဲ့။ နှစ်လည်မဂ္ဂဇင်းအတွက် ပန်းချီဒီဇိုင်းတချို့ကို ဆွဲလာရင်း...
“ကိုလတ် မကြိုက်ရင် ကျွန်တော်ပြန်ဆွဲ ပေးမယ်၊ ကြည့်ပါဦး”
“ကိုလတ်ကလည်း ရက်စက်လိုက်တာ ကျွန်တော့်ကို ရက်တိုတိုနဲ့ စာမူတွေနှစ်ရာ ကျော်တယ် ဖတ်ခိုင်းတာ၊ ခုတစ်လော ခေါင်းကိုမူးနေတာပဲ”
ကိုလတ်က ဆေးပေါ့လိပ်ကို ကိုက်ထား ရင်း လက်ကပန်းချီဒီဇိုင်းတွေကို တစ်ခုပြီး တစ်ခု လှန်လှောကြည့်ကာ ဘာဘာညာညာ မပြောဘဲ ပြုံးနေသည်။ ဒေဝကလည်း မျက်နှာရှုံ့လျက်...
“ဒီကောင် နဖားကြိုးအတပ်တော့ တကယ်တော်တယ်၊ သူ့ယောက္ခမအတိုင်းပဲ၊ ငါဟာ မနေ့က ပြေးလိုက်လွှားလိုက်ရတာ မိုးရေထဲ၊ နဂိုက နင်တို့ပေးထားတဲ့ အိမ်သာဒေဝနာမည်အတိုင်းပဲ၊ ဗိုက်နာတာ မနေ့က တစ်နေ့လုံး”
“သေပါလား”
ဗလကပြောရင်း ရယ်နေသည်။
အိမ်သာဒေဝ၏ “ချစ်ထွန်း” ဆိုသော နာမည်၊ ဗလဖင်ပြောင်၏ မင်းမောင်ဆိုသော အမေမှည့်သောနာမည်များ အပေါင်း အသင်းနှုတ်ဖျားတွင်ရော၊ အသည်းနှလုံး တွင်ရော မရှိကြတော့။
ချစ်ထွန်းက အဆောင်ရောက်ခါစက ပဲဟင်းစားပြီး ဝမ်းခဏခဏ သွားတတ်သောကြောင့် သည်နာမည်တွင်သည်။ သည် နာမည်က သမိန်ပေါသွပ်ဆိုသော ကာတွန်းထဲမှာ ပါသည်ဆိုလား။ ချောစုပေးထားသော နာမည်ဖြစ်သည်။
သူတို့မိန်းကလေးများ နာမည်အပေး တကယ်ရက်စက်သည်။ ဗလဖင်ပြောင်ကလည်း ကာတွန်းထဲကနာမည်တဲ့။ ခြင်းခတ်လျှင် ခါးတောင်းမြှောင်နေအောင် ကျိုက်တတ်သော မင်းမောင်ကိုပေးထားသော နာမည်ဖြစ်သည်။
သည်နာမည်ကိုတော့ အောင်က ပေးထားတာတဲ့။ ဗလဖင်ပြောင် သို့မဟုတ် ဗလ။ မခင်ခင်က ပေးထားတဲ့ နာမည်မို့ တယ်လည်း ပက်စက်တဲ့ နာမည်ပါလား။ ကြားခါစကများ ဆဲသလို နာမိသေးသည်။
နောက်တော့လည်း သူ့ကိုယ်သူ လိုလိုလားလား ဗလ၊ ဗလနှင့် သေးကွေးသော ကိုယ်ခန္ဓာလေးကို ဆန့်ထုတ်ကာ ခပ်မတ်မတ်နေပြသည်။
ဆက်လက်ဖော်ပြပါမည်။