အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ သောဠသမ  အစည်းအဝေး ဒုတိယနေ့ကျင်းပ

 

အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ သောဠသမ  အစည်းအဝေး ဒုတိယနေ့ကျင်းပ

 

ရန်ကုန်   မတ်  ၆

    ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ သောဠသမ အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေး ကုန်းမြေ ဝိဇယမင်္ဂလာ ဓမ္မသဘင်၌ ဆက်လက်ကျင်းပသည်။

အစည်းအဝေးသို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မြို့  မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသည့် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊   သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်   ဒုတိယပါမောက္ခချုပ် (စီမံ)နှင့် သာသနာရေး ဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီး/ပြည်နယ် သာသနာရေးမှူးများ တက်ရောက်ကြည်ညို ကြသည်။

အစည်းအဝေးတွင် သဘာပတိအဖြစ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသက ဆောင်ရွက်တော်မူပြီး အခမ်းအနားမှူးအဖြစ် တွဲဖက်အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ သီဟနာဒက ဆောင်ရွက်တော်မူသည်။

ယင်းနောက် အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့  တတိယအဖွဲ့ခွဲ၏ ပဉ္စမအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက်များ အနက် ဝိနိစ္ဆယရေးရာဆောင်ရွက်ချက် အပေါ် သာသနဓဇဓမ္မာစရိယ ဘဒ္ဒန္တစန္ဒက လည်းကောင်း၊ သာသနာရေးရာ ဆောင်ရွက်ချက်များအပေါ် အဂ္ဂမဟာ ပဏ္ဍိတ  ဘဒ္ဒန္တကောဝိဒက လည်းကောင်း၊ ပညာရေးရာ ဆောင်ရွက်ချက်များအပေါ် အဂ္ဂမဟာပဏ္ဍိတ Ph.D  ဒေါက်တာဘဒ္ဒန္တသူရိယက လည်းကောင်း ဝေဖန်ဆွေးနွေး တော်မူကြသည်။

ထို့နောက် ဝိနိစ္ဆယရေးရာ၊ သာသနာရေးရာ၊ ပညာရေးရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးဆုံးဖြတ်တော်မူကြပြီး အစည်းအဝေးကို ရပ်နားလိုက်သည်။

ဆက်လက်၍ အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့   ၄၇  ပါးစုံညီ သောဠသမ အစည်းအဝေး ဒုတိယနေ့ ဒုတိယပိုင်းကို မွန်းလွဲ ၁ နာရီတွင် ဆက်လက် ကျင်းပပြီး ဝိနိစ္ဆယရေးရာ ကိစ္စများ၊ သာသနာရေးရာကိစ္စများ၊ ပညာရေးရာ ကိစ္စများနှင့် စပ်လျဉ်း၍ ဆွေးနွေး ဆုံးဖြတ်တော်မူကြသည်။

ယင်းနောက်  အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ တတိယအဖွဲ့ခွဲ၏ ပဉ္စမအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက် အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဝေဖန်ဆွေးနွေး ဆုံးဖြတ်ချက်များအပေါ် ဝိနိစ္ဆယရေးရာ ဆောင်ရွက်ချက်ကို အဂ္ဂမဟာပဏ္ဍိတ ဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တ ပညာသီဟာလင်္ကာရာ ဘိဝံသကလည်းကောင်း၊ သာသနာရေးရာ ဆောင်ရွက်ချက်များကို အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပဏ္ဍဝံသက လည်းကောင်း၊ ပညာရေးရာဆောင်ရွက်ချက်များကို   အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကောဏ္ဍညက လည်းကောင်း   ပြန်ကြား လျှောက်ထားတော်မူကြသည်။

ထို့နောက်  အဋ္ဌမအကြိမ်  နိုင်ငံတော် သံဃမဟာနာယကအဖွဲ့  တတိယအဖွဲ့ခွဲ၏ ပဉ္စမအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက် အစီရင်ခံစာကို တွဲဖက်အကျိုးတော်ဆောင် ဆရာတော်  အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီဟနာဒက အတည်ပြုချက် ရယူပြီး အဋ္ဌမအကြိမ်   နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့   ၄၇  ပါးစုံညီ သောဠသမအစည်းအဝေးကို    မွန်းလွဲပိုင်းတွင် အောင်မြင်စွာ ကျင်းပပြီးစီးသည်။                                                 

ယနေ့အစည်းအဝေးသို့   ကြွရောက်တော်မူလာကြသော နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများအား သင်္ဃန်းကျွန်းမြို့နယ်  ကျိုက္ကဆံဝေဠုဝန် (ရွှေကျင်)ကျောင်းတိုက် ဆရာတော်   မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တမာနိတ ဦးဆောင်သော တပည့်ဒါယကာ၊ ဒါယိကာမ ဓမ္မမိတ်ဆွေများက အဋ္ဌတိံသတိမ (၃၈) ကြိမ်မြောက် အရုဏ်ဆွမ်းနှင့် နေ့ဆွမ်း တစ်နေ့တာ ဆက်ကပ် လှူဒါန်းကြကြောင်း သိရသည်။