ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ တွေ့ဆုံ

 

ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ တွေ့ဆုံ

 

နေပြည်တော်  မတ်  ၆

    မြန်မာနိုင်ငံတော်   ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၌တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ များနှင့် ဌာနဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌက  ရွှေဈေးကွက်တွင် စနစ်တကျ ရောင်းဝယ်နိုင်ရန်၊ စံချိန်စံနှုန်းနှင့် ဈေးနှုန်းအခြေခံ သတ်မှတ်နိုင်ရေး တရားဝင်ဆောင်ရွက်နိုင်သည့်   ဈေးကွက်ဖော်ဆောင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ရွှေဈေး၊ ငွေဈေး ကစားပြီး  ဈေးနှုန်းမတည်မငြိမ် ဖြစ်အောင် ဆောင်ရွက်သူများကို   ဥပဒေနှင့်အညီ  ကြီးကြပ်အရေးယူ သွားမည်ဖြစ်ကြောင်း၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုအဖြစ် သတ်မှတ်ပါက ဥပဒေပါပြဋ္ဌာန်းချက်များကို ဆက်လက်အကောင်အထည် ဖော်ရန်လိုအပ်ကြောင်း၊ အဖွဲ့ဝင်များ အနေဖြင့် လက်ရှိလုပ်ဆောင်ချက်များ၊ ကြီးကြပ်မှုများကို ပြန်လည်စိစစ်ရန်နှင့် စနစ်တကျ ထိန်းကျောင်းသွားရန် လိုအပ်ကြောင်း ဆွေးနွေးသည်။

ထို့နောက်   ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက  ရွှေရောင်းဝယ်ရာ၌ မသမာမှုပြုလုပ်၍ ဈေးကစားမှုများအပေါ် ကြီးကြပ်အရေးယူမှုများ ဆောင်ရွက်နိုင်ရန် တည်ဆဲဥပဒေများနှင့် အညီ အမိန့်ထုတ်ပြန်ရာတွင် အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုအဖြစ်သတ်မှတ်နိုင်ရေး အတွက် အမိန့်၊ ညွှန်ကြားချက်များ ထုတ်ပြန်ရန်လည်းကောင်း၊ စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက သက်ဆိုင်ရာ ဌာနများအနေဖြင့်  ရည်ညွှန်းရွှေဈေးနှုန်း ထုတ်ပြန်ပြီး ကျော်လွန် ရောင်းချသူများကို အရေးယူနိုင်မည့် နည်းလမ်းများကိုလည်းကောင်း၊ အစည်းအဝေး တက်ရောက်လာသူများက လိုအပ်သည့်အမိန့်များ ထုတ်ပြန်ရာတွင် ဦးစီးဆောင်ရွက်မည့် ဝန်ကြီးဌာန၊ ဆက်လက်ထိန်းချုပ် ကြီးကြပ်ကွပ်ကဲမည့် နည်းလမ်းများ၊ လုပ်ငန်းစဉ်များကို သေချာစွာစနစ်တကျ ချမှတ်ဆောင်ရွက်သွားရမည့် အခြေအနေများကို လည်းကောင်း ဆွေးနွေးကြသည်။

ယင်းနောက် အစည်းအဝေး တက်ရောက်လာကြသူများက တည်ဆဲဥပဒေ ပြဋ္ဌာန်းချက်များ၊ ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး လက်ရှိဆောင်ရွက်ချက်များ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် လိုအပ်သည့် အမိန့်ကြော်ငြာစာများ၊  ထုတ်ပြန်နိုင်ရန် ဆက်လက်တင်ပြ ဆောင်ရွက်သင့်သည့် အချက်များကို ရှင်းလင်း ဆွေးနွေးကြသည်။

ထို့နောက် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ်များက ရွှေဈေးကွက် တည်ငြိမ်ခိုင်မာရေးအတွက် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေနှင့် စပ်လျဉ်း၍ ထုတ်ပြန် ဆောင်ရွက်သင့်သည့် အစီအစဉ်များကို လည်းကောင်း၊ တရားမဝင် ရောင်းဝယ်သူများကို  သက်ဆိုင်ရာ တည်ဆဲဥပဒေများနှင့် ထိရောက်စွာ  အရေးယူနိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရန် အစီအမံများကို လည်းကောင်း ဆွေးနွေးကြပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။