တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

 

တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

 

နေပြည်တော်  မတ်  ၆

    တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး၊ ပြည်နယ် ညွှန်ကြားရေးမှူးရုံးများမှ တာဝန်ခံအရာရှိများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phangနော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များနှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ပြည်နယ် ညွှန်ကြားရေးမှူးရုံးများမှ တာဝန်ခံ အရာရှိများ တက်ရောက်ကြပြီး  ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသ ကြီးနှင့် တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးများမှ  တာဝန်ခံအရာရှိများက Online ဖြင့် တက်ရောက်ကြသည်။

ဦးစွာ   ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီး၊ ပြည်နယ် ညွှန်ကြားရေးမှူးရုံးများမှ တာဝန်ခံများအနေဖြင့်   မိမိတို့၏ လုပ်ငန်းဆောင်ရွက်ချက်များ အပေါ် အားနည်းချက်၊   အားသာချက်များကို ပြန်လည်သုံးသပ်ပြီး ပြင်ဆင်သင့်သည်များကို ပြင်ဆင်သွားကြရန်၊   တိုင်းဒေသကြီး၊ ပြည်နယ် ညွှန်ကြားရေးမှူးရုံးများသည် ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များ၊ မူဝါဒများနှင့်အညီ တိုင်းရင်းသားရေးရာ ကိစ္စရပ်များကို အကောင်အထည်ဖော် ဆောင်ရွက် ရာတွင်   အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်နေသဖြင့်  ဝန်ထမ်းများ၏ လုပ်ငန်း စွမ်းဆောင်ရည်ပြည့်ဝမြင့်မားရေးသည်လည်း လွန်စွာအရေးကြီးကြောင်း၊ ၂၀၂၄ ဘဏ္ဍာနှစ်တွင် အမျိုးသားစီမံကိန်း ဥပဒေပါလုပ်ငန်း ၂၄ ခုကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ရာနှုန်းပြည့် ပြီးစီးနိုင်ရေး အထူးကြပ်မတ် ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ နိုင်ငံတော်မှ ပြဋ္ဌာန်းထားရှိသည့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများ၊ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ၏   ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့ကို အထူးအလေး ထား လိုက်နာဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး  ဦးဇော်အေးမောင်က    တိုင်းဒေသကြီး၊   ပြည်နယ် တာဝန်ခံများအနေဖြင့်   ပြည်ထောင်စု ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ အကြား ကောင်းမွန်ပြေလည်စွာ ဆက်ဆံနိုင်သော   အရည်အချင်းရှိရန် လိုအပ်ကြောင်း၊   မိမိတို့၏ လုပ်ငန်း စွမ်းဆောင်ရည်များကို စဉ်ဆက်မပြတ် မြှင့်တင်ရန်နှင့် တိုင်းရင်းသားများ၏ လူမှုစီးပွားဘ၀  ဖွံ့ဖြိုးတိုးတက်ရေးသည် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး၊ ငြိမ်းချမ်းရေးတို့နှင့်   အပြန်အလှန် အမှီသဟဲပြုနေသဖြင့်   တိုင်းရင်းသားများ၏ အကျိုးစီးပွားကို ရှေးရှုဆောင်ရွက်ကြရန် ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးရုံးမှ အမြဲတမ်းအတွင်းဝန်၊ တိုင်းရင်းသား စာပေနှင့်  ယဉ်ကျေးမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊    တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တို့က   ဌာနအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို တင်ပြကြသည်။

ဆက်လက်၍ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်ညွှန်ကြားရေးမှူးရုံး များမှ တာဝန်ခံအရာရှိများက မိမိတို့တာဝန်ယူ ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်  တိုင်းရင်းသားရေးရာ အပါအဝင် အထွေထွေ ကိစ္စရပ်များကို တင်ပြဆွေးနွေးကြရာ  တင်ပြချက်များ အပေါ် ဒုတိယဝန်ကြီးက ခြုံငုံသုံးသပ်၍ ပေါင်းစပ်ညှိနှိုင်းပေးသည်။   

ထို့နောက်  ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားကာ အခမ်းအနားကို  ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။