(၃၁)ကြိမ်မြောက် ဗုဒ္ဓဟူးနေ့စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

 

 (၃၁)ကြိမ်မြောက် ဗုဒ္ဓဟူးနေ့စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

 

နေပြည်တော်  မတ်  ၆

    သီးနှံစိုက်ပျိုး ထုတ်လုပ်မှု  ဖြစ်ထွန်း အောင်မြင်စေရန် အဓိက လိုအပ်သည့် မျိုး၊ မြေ၊ ရေ၊ နည်းကို စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ  ပြည့်စုံစွာ အသုံးချနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဘက်စုံကဏ္ဍစုံမှ ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိပြီး ယနေ့တွင် ပြည်ထောင်စုဝန်ကြီးရုံး  စုဝေးဆောင်ခန်းမ၌ (၃၁)ကြိမ်မြောက်  ဗုဒ္ဓဟူးနေ့စကားဝိုင်း ဆွေးနွေးပွဲကို “မြေအသုံးချမှုမှန်ကန် ရှေ့သို့လှမ်းရန်  စနစ်မှန်”  ခေါင်းစဉ်ဖြင့် ကျင်းပသည်။

စကားဝိုင်းဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဒေါက်တာတင်ထွဋ်က မြေအသုံးချမှုကို မှန်မှန်ကန်ကန် ဆောင်ရွက် နိုင်မှသာ ထုတ်လုပ်မှု တိုးတက်၍ စိုက်ပျိုးမွေးမြူရေး ကဏ္ဍတစ်ခုလုံး အရှိန်အဟုန် ကောင်းစွာ တိုးတက်မည်ဖြစ်ကြောင်း၊ မြေဆီလွှာနှင့် ပတ်သက်သည့်  မြေအမျိုးအစားခွဲခြားသတ်မှတ်ခြင်း၊ မြေဆီလွှာနှင့် သင့်တော်သည့် သီးနှံများ ရွေးချယ်စိုက်ပျိုး ထုတ်လုပ်ခြင်း၊ မွေးမြူရေးကဏ္ဍ၊ ရေသတ္တဝါမွေးမြူ ထုတ်လုပ်ရေး ကဏ္ဍများတွင် မြေအသုံးချမှု မှန်ကန်စေရေး ဆောင်ရွက်ခြင်း စသည့် လုပ်ငန်းများကို လယ်ယာကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် မြေအသုံးချမှု မှန်ကန်စေရေးနှင့် အနာဂတ်တွင် စနစ်မှန်၊ နည်းမှန်ဖြင့် လျှောက်လှမ်းနိုင်ရေး အားလုံး ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း။

နိုင်ငံတစ်ဝန်းလုံး၌ ကွင်းဖွဲ့မြေတိုင်းတာခြင်း လုပ်ငန်းအနေဖြင့် ကွင်းပေါင်း ၈၇၀၀၀ ကျော်၊ အကွက်ပေါင်း ၁၁၂၀၀ ကျော်၊ ဧရိယာအားဖြင့် ဧက ၅၂ ဒသမ ၇၇၇ သန်းခန့်ကို လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက တိုင်းတာ ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ မြေအသုံးချမှု မှန်ကန်စေရေး ဆောင်ရွက်နိုင်ရန်    အခြေခံကျသည့် စာရင်းအင်း  ကိန်းဂဏန်းများ  ရရှိရေး ဆောင်ရွက်မှု အခြေအနေများ၊ မြေဆီလွှာ နှင့်သင့်တော်သည့် သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်မှုကို ဖော်ပြသည့် တည်ငြိမ်သည့် စိုက်ပျိုးမြေပုံ(Crop Suitability Map)များ ရေးဆွဲထားမှု၊ မွေးမြူရေးကဏ္ဍနှင့် ရေသတ္တဝါမွေးမြူ ထုတ်လုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်  မြေအသုံးချမှု မှန်ကန်စေရေးအတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး အတွက် ယခုဆွေးနွေးပွဲတွင် သက်ဆိုင်ရာကဏ္ဍအလိုက်  ဖော်ထုတ် ဆွေးနွေး သွားကြစေလိုကြောင်း ပြောကြားသည်။

စကားဝိုင်းဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊  ပါမောက္ခချုပ်များ၊  ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံ၌ လက်ရှိ အသုံးပြုလျက်ရှိသည့် မြေအမျိုးအစားများသည် ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် ဆက်စပ်မှု၊ မြေအသုံးချမှု မှန်ကန်ရန် စိုက်ပျိုးရေးဦးစီး ဌာနအနေဖြင့် မြေဆီလွှာကွဲပြားခြားနားမှု အပေါ်အခြေခံ၍ မြေအမျိုးအစားခွဲခြား သတ်မှတ်ထားရှိမှု၊ မြေဆီလွှာနှင့်  သင့်တော်သည့်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်မှုကို   ဖော်ပြသည့် တည်ငြိမ်သည့် စိုက်ပျိုးမြေပုံ Crop Sui-tability Map  များ ရေးဆွဲထားရှိမှု၊ မွေးမြူရေးကဏ္ဍ   ဖွံ့ဖြိုးတိုးတက်ရန် အတွက်  မြေအသုံးချမှု၊  ရေသတ္တဝါ မွေးမြူထုတ်လုပ်ရေး လုပ်ငန်းဆောင်ရွက်ရာတွင် မြေအသုံးချမှု အခြေအနေတို့ကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။