သတင်းပေးတိုင်ကြားမှုများကြောင့် တရားမဝင်တင်သွင်းလာသည့် ကုန်စည်များနှင့် အဆိုပါကုန်စည်များ တင်ဆောင်လာသည့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

သတင်းပေးတိုင်ကြားမှုများကြောင့် တရားမဝင်တင်သွင်းလာသည့် ကုန်စည်များနှင့် အဆိုပါကုန်စည်များ တင်ဆောင်လာသည့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် နေပြည်တော် ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များကို ဖွဲ့စည်း၍လည်းကောင်း၊ အကောက်ခွန်ဦးစီးဌာနက ဦးဆောင်သည့် One Stop Service ဌာနဆိုင်ရာအဖွဲ့များ ဖွဲ့စည်း၍လည်းကောင်း၊ နယ်စပ်ဝင်/ထွက်ဂိတ်များ၊ နယ်စပ်ကုန်သွယ်ရေးရုံးနှင့် စခန်းများ၊ အမြဲတမ်းစစ်ဆေးရေး စခန်းများ၊ ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက်နှင့် ကုန်ပစ္စည်း သိုလှောင်ရုံများ၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများနှင့် လေဆိပ်များ၊ ကမ်းရိုးတန်းဆိပ်ကမ်းများတွင် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်လျက်ရှိရာ သတင်းအချက်အလက် ရရှိမှုသည်   အလွန်အရေးပါလျက်ရှိကြောင်း သိရသည်။

တာဝန်သိပြည်သူများ၏ သတင်းပေးတိုင်ကြားမှုများကြောင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း သတင်းရရှိမှုအကြိမ် ၁၀၀ ရရှိခဲ့ပြီး သတင်းမှားရှစ်ကြိမ်၊ နောက်ကျ သတင်းငါးကြိမ်နှင့် ဖမ်းဆီးရမိမှု (၈၇)ကြိမ်ဖြစ်သည်။ ဖမ်းဆီးရမိမှု အမှုတွဲ ၁၉၈ မှု ဖွင့်လှစ်ထားပြီး ဖမ်းဆီးရမိမှုများတွင် လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန် ပစ္စည်းများဖြစ်သော ကုန်ပစ္စည်း ၃၀၅ မျိုးအပါအဝင် ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၃၃၉ ဒသမ ၄၂၈ သန်းနှင့် တရားမဝင်ကုန်စည်များ တင်ဆောင်လာသည့် မော်တော်ယာဉ်များ ဖမ်းဆီးရမိခဲ့သည်။

သတင်းပေးတိုင်ကြားခဲ့သည့် တာဝန်သိပြည်သူများသို့ ဖမ်းဆီးရမိမှုတန်ဖိုး၏ ၂၀ ရာခိုင်နှုန်းကို သတင်းပေး ဆုကြေးငွေအဖြစ် ချီးမြှင့်နိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများက မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးလျက်ရှိသည်။

တရားမဝင် ကုန်သွယ်မှုများကြောင့် နိုင်ငံအတွက် ရရှိမည့်အခွန်အခများ ဆုံးရှုံးခြင်း၊ ကုန်သွယ်မှုဆိုင်ရာ စာရင်းဇယား ကိန်းဂဏန်းအချက်အလက်များ မှားယွင်းနိုင်ပြီး ဆုံးဖြတ်ချက်များမှားယွင်းနိုင်ခြင်း၊ နိုင်ငံတော် ဘဏ်စနစ်နှင့် ငွေကြေးစီးဆင်းမှုစနစ် ထိခိုက်စေနိုင်ပြီး နိုင်ငံခြားငွေကြေးဈေးနှုန်း မတည်ငြိမ်မှုဖြစ်ပေါ်နိုင်ခြင်း၊ တရားမဝင် တင်သွင်းလာသည့် ကုန်စည်များကြောင့် ပြည်တွင်းကုန်ထုတ်လုပ်မှုများ ဈေးကွက်ယှဉ်ပြိုင်မှု ကျဆင်းလာနိုင်ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လျော့နည်းကျဆင်းစေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးနိုင်ခြင်း၊ တရားမဝင်တင်သွင်းလာသည့် ဆေးနှင့်ဆေးပစ္စည်းများ၊ စားသောက်ကုန်နှင့် အလှကုန်ပစ္စည်း များတွင် အတုအပများ၊ သက်တမ်းလွန် ကုန်စည်များကြောင့် သုံးစွဲသူပြည်သူများ   ထိခိုက်နစ်နာမှု ဖြစ်ပေါ်နိုင်ခြင်းစသည့် ဆိုးကျိုးများအပြင် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသည့် ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုကို ထိခိုက်ကျဆင်းစေနိုင်သောကြောင့် တရားမဝင် ကုန်သွယ်မှုများ တိုက်ဖျက်ရာတွင် အမျိုးသားရေးတာဝန် တစ်ရပ်ကဲ့သို့ သတ်မှတ်ပြီး ပြည်သူများက ပူးပေါင်းဆောင်ရွက်ကြရန် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က တိုက်တွန်းထားသည်။

ထို့ကြောင့် တာဝန်သိ ပြည်သူများအနေဖြင့် တရားမဝင်ကုန်သွယ်မှုသတင်းများနှင့်ပတ်သက်၍ လက်ကိုင်ဖုန်း - ၀၉-၄၀၄၃၃၉၉၆၉၊ အော်တိုတယ်လီဖုန်းနံပါတ်-၀၆၇-၄၀၉၈၈၃ နှင့် အီးမေးလ် antiillegaltradeinfo@gmail.com  သို့ သတင်းပေးပို့ တိုင်ကြားနိုင်ကြောင်း သိရသည်။