မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးနှင့် အစားအစာ ကဏ္ဍနှင့် လျှပ်စစ်သုံးယာဉ် ကဏ္ဍများအတွက် အထောက်အကူပြု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

 

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးနှင့် အစားအစာ ကဏ္ဍနှင့် လျှပ်စစ်သုံးယာဉ် ကဏ္ဍများအတွက် အထောက်အကူပြု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

 

နေပြည်တော်  မတ်  ၆

    မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးနှင့် အစားအစာကဏ္ဍနှင့် လျှပ်စစ်သုံးယာဉ် ကဏ္ဍများအတွက် အထောက်အကူပြုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ဂျပန်နိုင်ငံ၏ အတွေ့အကြုံများကို လေ့လာခြင်း ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲအခမ်းအနားကို ယနေ့တွင် နေပြည်တော်ရှိ  Grand Amara Hotel  ၌ Hybridပုံစံဖြင့် ကျင်းပသည်။

အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အဆင့်မြင့် အရာရှိကြီးများ၊ စိုက်ပျိုးရေးနှင့် အစားအစာကဏ္ဍနှင့် လျှပ်စစ်သုံးယာဉ် ကဏ္ဍများဆိုင်ရာ    ဆွေးနွေးပြောကြားသူများ၊ အာဆီယံ - ဂျပန်ဗဟိုဌာနမှ ကိုယ်စားလှယ်များ၊ ဂျပန်ပြည်ပ ကုန်သွယ်မှု အဖွဲ့အစည်းနှင့် ဂျပန်နိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း၊ ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့၊ UMFCCI နှင့် ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်နှင့်   အာဆီယံ-ဂျပန် ဗဟိုဌာန၏ အထွေထွေ အတွင်းရေးမှူးချုပ် ကိုယ်စား Programme Coordinator  ဖြစ်သူ Dr. Nguyen Tuan Anh  တို့က   အဖွင့်အမှာစကား ပြောကြားကြသည်။

ထို့နောက် ဆွေးနွေးပွဲကို အပိုင်းနှစ်ပိုင်း ဖြင့်ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနနှင့် ဂျပန်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်တို့က စိုက်ပျိုးရေးနှင့် အစားအစာကဏ္ဍနှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးကြပြီး ရေရှည်တည်တံ့သည့် ခေတ်မီစိုက်ပျိုးရေးနှင့် အစားအစာစနစ်များ ဆိုင်ရာ စကားဝိုင်း ဆွေးနွေးပွဲကို ဆက်လက်ဆောင်ရွက်ကြသည်။

ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနနှင့် ဂျပန်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ကျွမ်းကျင်ပညာရှင်များက လျှပ်စစ်သုံးယာဉ် ကဏ္ဍနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကြပြီး လျှပ်စစ်သုံးယာဉ်နှင့် လျှပ်စစ်သုံးယာဉ်ဆိုင်ရာ   ထောက်ပံ့ရေးပစ္စည်းများနှင့် စပ်လျဉ်းသည့်   စီးပွားရေး အခွင့်အလမ်းများကို နားလည်စေခြင်းဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ဆောင်ရွက်ကြသည်။

ယခုဆွေးနွေးပွဲ     ကျင်းပခြင်းဖြင့် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံအကြား အစိုးရကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍမှ ပါဝင်ပတ်သက်သူများ၏ ခိုင်မာစွာလက်တွဲ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ပေါင်းစပ်လုပ်ကိုင်ခြင်းမှတစ်ဆင့် မြန်မာနိုင်ငံရှိ အစားအစာနှင့် စိုက်ပျိုးရေး ကဏ္ဍနှင့် လျှပ်စစ်သုံးယာဉ်ကဏ္ဍ ပိုမိုဖွံ့ဖြိုး တိုးတက်စေရေးနှင့်   အနာဂတ်လက်တွဲ ပူးပေါင်းဆောင်ရွက်နိုင်ရေး တို့အတွက် အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။