ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းဘုရား ၁၁ ဆူအား မိုးကြိုးလွှဲတပ်ဆင်ပြီးစီး

 

ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းဘုရား ၁၁ ဆူအား မိုးကြိုးလွှဲတပ်ဆင်ပြီးစီး

ညောင်ဦး မတ်  ၆

မန္တလေးတိုင်းဒေသကြီး  ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ရှေးဟောင်းဘုရား ၁၁ ဆူကို မိုးကြိုးလွှဲတပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ညောင်ဦးမြို့နယ်    စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်   မြို့နယ်စီမံအဖွဲ့ဝင်များက ယနေ့တွင် သွားရောက်စစ်ဆေးကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်     ဒေသအတွင်း ရှေးဟောင်းဘုရား ၁၁ ဆူကို အဆောက်အဦဦးစီးဌာန လျှပ်စစ်ဌာနခွဲမှ တာဝန်ယူတပ်ဆင်လျက်ရှိရာ စူဠာမဏိဘုရားနှင့် ပံ့သကူမဟာထေရ်ဘုရား  မိုးကြိုးလွှဲတပ်ဆင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်  မြို့နယ်စီမံအဖွဲ့ဝင်များအား အဆောက်အဦအထူးအဖွဲ့ ၇ မှ  တာဝန်ရှိသူများက ရှင်းပြသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှု ဒေသအတွင်း မိုးကြိုးလွှဲတပ်ဆင်သည့် ရှေးဟောင်းဘုရား ၁၁ ဆူမှာ ဓမ္မရာဇကဘုရား၊   ထီးလိုမင်းလိုဘုရား၊   မြစေတီ၊  မနူဟာ၊ ရွှေဆံတော်၊ ဓမ္မရံကြီး၊ မဟာဗောဓိ၊ ပြသာဒ်ကြီး၊ စူဠာမဏိ၊ ပံ့သကူမဟာထေရ်နှင့် သိကြားပုန်းဘုရားတို့ဖြစ်ပြီး ဇန်နဝါရီလမှတပ်ဆင်ခဲ့ရာ ယနေ့တွင် ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်သည်။

အဆိုပါ မိုးကြိုးလွှဲတပ်ဆင်ခဲ့သည့်  ဘုရားများကို ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးနန်းတင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက  အနီးကပ်ကြီးကြပ်၍  ဆောင်ရွက်ကြောင်း သိရသည်။                                       

 ဒီပါလင်း