နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီ(၁/၂၀၂၄) အစည်းအဝေး ကျင်းပ

 

နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီ(၁/၂၀၂၄) အစည်းအဝေး ကျင်းပ

 

နေပြည်တော်  မတ်  ၆

    နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံခန့်ခွဲမှု ကော်မတီ၏ (၁/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်နှင့်   စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့်   ဦးမင်းနောင်၊ ဦးလှမိုး၊ ဒေါက်တာချာလီသန်း၊ ဦးထွန်းအုံ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ အမြဲတမ်းအတွင်းဝန်များနှင့် ဌာနအကြီးအကဲများ တက်ရောက်ကြသည်။

အစည်းအဝေးတွင်   ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့များသို့ ထုတ်ပေးထားသည့် နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေမှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ ၁၄ ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသစီမံ အုပ်ချုပ်ရေးအဖွဲ့ ခြောက်ခုသို့ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁ ရက်မှစ၍ အတိုးနှုန်း သက်သာသော ချေးငွေများ ထုတ်ချေးပေးခဲ့ပြီး ချေးငွေများ ရယူခဲ့သည့်ဌာနနှင့်   အဖွဲ့အစည်းများက သက်ဆိုင်ရာ နှစ်အလိုက် အရင်းနှင့်အတိုးငွေများ ပြန်လည်ပေးဆပ်ခဲ့ကြသည်ကို တွေ့ရှိရကြောင်း။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ၂၀၂၃-၂၀၂၄ ခုနှစ် နွေစပါး စီမံကိန်းဆောင်ရွက်နိုင်ရေး အတွက် မူလလျာထားဧက ခြောက်သိန်းအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့များ၏ အဆိုပြုချက်အရ ဧက ၇ ဒသမ ၅၇ သိန်းကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီက ကြိုတင် ခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်း။

နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှချေးငွေများကို   လုပ်ထုံးလုပ်နည်းများနှင့်အညီ ထုတ်ချေးခြင်းနှင့် ပြန်လည်ကောက်ခံခြင်းများကို ကြပ်မတ်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊   ရန်ပုံငွေမှ ထုတ်ပေးထားသည့် အရင်းမပျောက် မတည်ငွေများကို  နိုင်ငံ့စီးပွား မြှင့်တင်ရေးအတွက် အကျိုးရှိစွာ စနစ်တကျ အသုံးချနိုင်ရေးအတွက်   စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း။

ယခုအစည်းအဝေးတွင်     နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို ဆွေးနွေးညှိနှိုင်း ဖြေရှင်းပေးရန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်  ဆည်မြောင်းဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ကချင်ပြည်နယ်အစိုးရ အဖွဲ့တို့မှ တင်ပြလာကြသော မတည်ရန်ပုံငွေ ထုတ်ချေးခြင်းဖြင့် ရရှိလာသည့် အတိုးရငွေအား ပြန်လည်ထုတ်ချေးခွင့်ပြုရန် ကိစ္စရပ်များနှင့် ပြန်လည်သုံးစွဲရန် ကိစ္စရပ်များ၊ လတ်တလော  နယ်မြေဒေသ အခြေအနေအရ လုပ်ငန်းများ ရပ်ဆိုင်းသွားသဖြင့်   ချေးငွေပြန်လည် ပေးဆပ်ရမည့် ကာလနှင့် အတိုး/အရင်းငွေများကို ဆိုင်းငံ့ထားရန် ကိစ္စရပ်များကို ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများနှင့် အညီဖြစ်စေရေး ဝိုင်းဝန်းဆွေးနွေး ပေးကြရန်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှု ကော်မတီဝင်များက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ နွေစပါး၊ ပဲတီစိမ်းချေးငွေ ထုတ်ချေးခဲ့မှုနှင့် ပြန်လည်ကောက်ခံရရှိမှု၊ မိုးစပါးချေးငွေ ထုတ်ချေးပြီးစီးမှု၊ ဆီစက်လုပ်ငန်းဖွံ့ဖြိုးရေး ချေးငွေထုတ်ချေးထားမှု၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ၊    ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများက တင်ပြလာသည့်  နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ချေးငွေများ ထုတ်ချေးရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့် အားနည်းချက်များကို ဖြေရှင်းဆောင်ရွက်နိုင်ရေးနှင့် ချေးငွေထုတ်ချေးရေး လုပ်ငန်းစဉ်များအား  ကြီးကြပ်ဆောင်ရွက်ရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး ကော်မတီဥက္ကဋ္ဌက လိုအပ်သည်များကို   ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း   သတင်းရရှိသည်။