မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေးနှင့် တန်ဖိုးမြှင့်ကုန်ချော ထုတ်လုပ်မှု ဖွံ့ဖြိုးလာရေး အားပေးမြှင့်တင်

 

မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေးနှင့် တန်ဖိုးမြှင့်ကုန်ချော ထုတ်လုပ်မှု ဖွံ့ဖြိုးလာရေး အားပေးမြှင့်တင်

 

နေပြည်တော်  မတ်  ၆

    မွေးမြူရေးထွက်ကုန်များ  ပြည်တွင်းစားသုံးမှု ဖူလုံပိုလျှံစေရန်နှင့် ပြည်ပတင်ပို့မှု တိုးမြှင့်နိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မတ်လ ၄ ရက်က ရန်ကုန်တိုင်းဒေသကြီးလှိုင်မြို့နယ်ရှိ မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်  အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊  မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်  ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ တိရစ္ဆာန်အစာ ထုတ်လုပ်သူများ၊ ညီနောင်အသင်းများမှ လုပ်ငန်းရှင်များ တက်ရောက်ဆွေးနွေးကြသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက ဈေးကွက်စီးပွားရေး စနစ်နှင့်   အညီ ကုန်ထုတ်လုပ်ငန်းများ အားလုံးကို ပုဂ္ဂလိကပိုင်းက ဆောင်ရွက်နေခြင်း ဖြစ်၍ စိုက်ပျိုးမွေးမြူရေး အခြေခံကုန်ထုတ် လုပ်ငန်းများ တိုးတက်လာရန်  တောင်သူများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ အားလုံး ဟန်ချက်ညီပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ချက်များ၊ ပြည်တွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားမွေးမြူရေး လုပ်ငန်း  လုပ်ကိုင် သူများအတွက်   ခိုင်မာသောဈေးကွက် ဖော်ဆောင်နိုင်ကြစေရန်  အစားအစာ ဘေးကင်း  လုံခြုံပြီး အာဟာရပြည့်ဝသော မွေးမြူရေးထွက်ကုန်များနှင့် ခေတ်မီကုန်ချော ထုတ်လုပ်မှုလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရန်   လိုအပ်ချက်များကို ဆွေးနွေးမှာကြားပြီး အစည်းအဝေး တက်ရောက်လာသူများ၏  တင်ပြချက်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

ထို့နောက်    ဒုတိယဝန်ကြီးသည် လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန်ရှိ မွေးမြူရေးထွက်ကုန် အခြေခံအသင့်စား ကုန်ချောထုတ်စက်ရုံများကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး အစားအစာဘေးကင်း လုံခြုံရေးနှင့် ဈေးကွက် လိုအပ်ချက်ရှိသော တန်ဖိုးမြင့်ထုတ်ကုန်များ တိုးတက်ထုတ်လုပ်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ယင်းနောက်   ဒုတိယဝန်ကြီးသည် အင်းစိန်မြို့နယ်   အနောက်ကြို့ကုန်းရှိ ငါးလုပ်ငန်းဦးစီးဌာနပိုင်  မြေနေရာအား ငှားရမ်းလုပ်ကိုင်လျက်ရှိသည့်     First Golden   Dragon   Construction Co.,Ltd၏ စီမံကိန်း လုပ်ငန်းဆောင်ရွက်နေမှုများကို   သွားရောက်ကြည့်ရှု စစ်ဆေးပြီး    လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို ဆွေးနွေး မှာကြားခဲ့ကြောင်း  သတင်းရရှိသည်။