နိုင်ငံတော်ကာကွယ်ရေးနှင့် ပြည်သူ့အင်အား စွမ်းပကား

 

နိုင်ငံတော်ကာကွယ်ရေးနှင့် ပြည်သူ့အင်အား စွမ်းပကား

 

    ကမ္ဘာ့နိုင်ငံအသီးသီးတွင် နိုင်ငံတော်တစ်ရပ်အဖြစ် စုစည်းတည်ထောင်ပြီးမှ တပ်မတော်ကို ဖွဲ့စည်းခဲ့သည့် နိုင်ငံများရှိသကဲ့သို့ တပ်မတော်ကို ဖွဲ့စည်းတည်ထောင်ပြီးမှ နိုင်ငံတော်ကို တည်ထောင်သည့် နိုင်ငံများလည်းရှိသည်။ မည်သို့ပင်ဖြစ်စေ အချုပ်အခြာအာဏာပိုင် နိုင်ငံတော်တစ်ရပ်အဖြစ် တည်ထောင်ရာတွင် “ခေါင်း”  နှင့် “ပန်း” ၊ “ရင်ဘတ်”  နှင့် “နောက်ကျော” ၊ “ဖို” နှင့် “မ” တို့ကဲ့သို့ မပါမဖြစ်ပါရှိရမည့် အင်္ဂါရပ်မှာ ထိုနိုင်ငံတော်၏ အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်မည့် တပ်မတော်တည်းဟူသော အင်အားစု ကြီးပင်ဖြစ်သည်။

မြန်မာ့သမိုင်းစဉ်ကို လေ့လာစေ့ငုသုံး သပ်မည်ဆိုက ရှေးပဝေသဏီခေတ် များစွာကတည်းက လက်ရှိ ကာလပစ္စုပ္ပန် အချိန်တိုင်အောင်ပင် ပြည်သူ့စစ် အသွင်သဏ္ဌာန်ဖြင့် သန္ဓေတည်ပေါက်ဖွားခဲ့သော တပ်မတော် အသီးသီးက  တိုင်းပြည်နိုင်ငံ တစ်ရပ်ကိုဖွဲ့စည်း တည်ဆောက်ရန်၊   တိုင်းတစ်ပါးသား နယ်ချဲ့တို့ လက်အောက်မှ ရုန်းထွက်ရန်ဟူသော ကောင်းမြတ်သည့် မျိုးချစ်အမြုတေ စိတ်ထားတို့ဖြင့် တိုင်းပြည်နိုင်ငံတို့ထက် ဦးစွာ သန္ဓေတည်ခဲ့ကြသည်ကိုလည်း တွေ့မြင်ကြရမည်ဖြစ်သည်။ ထိုအချက်သည်ပင် မိမိတို့တပ်မတော်ကို အခြားသော ကမ္ဘာ့နိုင်ငံများရှိ  တပ်မတော်များနှင့် အလုံးစုံ နှိုင်းယှဉ်သုံးသပ်၍ မရနိုင်သည့် အချက်ဖြစ်သည်။

လွတ်လပ်ရေးရပြီးစ ကာလတွင် ကြုံတွေ့ရင်ဆိုင်ခဲ့ရဖူးသော  ရောင်စုံသူပုန် သောင်းကျန်းမှု၊  ပြည်ပ တပ်များကျူးကျော်ခဲ့မှု၊ ဖက်ဒရယ် အရေးတောင်းဆိုမှု အခြေအနေတို့သည် လည်းကောင်း မိမိတို့နိုင်ငံ၏ ပကတိအမျိုးသား နိုင်ငံရေးလိုအပ်ချက် အခြေအနေနှင့် တပ်မတော်၏ အရေးပါမှုကို သုံးသပ်သိမြင်နိုင်သည့် အခြေအနေမှန်များပင် ဖြစ်သည်။ ယင်းအခြေအနေ သမိုင်းအဆစ်ချိုးများသည် စေ့စပ်ညှိနှိုင်းသည့် နိုင်ငံရေး နည်းလမ်းဖြင့်   ထိန်းသိမ်း ဆောင်ရွက်နိုင်မည့် အခြေအနေမျိုး မဟုတ်ခဲ့ချေ။ တပ်မတော်သားတို့၏ အသက်ခန္ဓာများစွာ ရင်းတည်ပေးဆပ်လျက် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းခဲ့ရသည်မှာ တပ်မတော်၏ အရေးပါမှုကို  ဖော်ညွှန်းသက်သေပြုလျက် ရှိသော ပကတိ အမှန်တရားပင်ဖြစ်သည်။

သမိုင်းအဆက်ဆက်၌ ခေတ်ကာလ မတူညီသော တပ်မတော်များသည် တိုင်းပြည်နိုင်ငံ တည်တံ့ရေးအတွက်   အမျိုးကိုချစ်မြတ်နိုးသူတို့ဖြင့်   ဖွဲ့စည်းတည်ထောင်သည့် ပြည်သူကို အခြေခံသော အမျိုးသားရေး အသင်းအဖွဲ့ကြီး တစ်ရပ်ဖြစ်ခဲ့သည်ကိုလည်း  သိမြင်တတ်ကြဖို့လိုပေသည်။ ယနေ့ခေတ် လက်ရှိမြန်မာ့ တပ်မတော်သည်ပင် လွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံတော်တစ်ရပ်အဖြစ် ပြန်လည်ရပ်တည် နိုင်ရေး သုံးကျိပ်သော အမျိုးကောင်းသား အာဇာနည်တို့ဖြင့် အစပြုသန္ဓေတည် ဖွဲ့စည်းခဲ့သော ဘီအိုင်အေ ခေါ် ဗမာ့လွတ်လပ်ရေး တပ်မတော်က အစပြုခဲ့ခြင်းဖြစ်သည်။ အတိတ်သမိုင်းစဉ်၌လည်း ရှေးခေတ် အဆက်ဆက်သော  တပ်မတော်များက နိုင်ငံတော်တည်ဆောက်ခြင်းနှင့် ကာကွယ်ခြင်း တာဝန်တို့ကို ထက်သန်ပြည့်ဝသော မျိုးပြည်ချစ်စိတ် အရင်းခံသည့်  စွန့်လွှတ်စွန့်စား စိတ်ထားတို့ဖြင့် တာဝန်ထမ်းဆောင် ခဲ့ကြရခြင်းဖြစ်ကြောင်း သိမြင်နိုင်ပေသည်။

ရှေးမြန်မာတို့သည် ယောက်ျားမှန်လျှင် အဋ္ဌာရသ အတတ် ၁၈ ပါးကို တတ်မြောက်ကြရမည်ဟု မှတ်ယူထားကြသူများဖြစ်သည်။   ထိုအချက်ကြောင့်ပင် နှစ်ပေါင်းထောင်ချီ ရှည်လျားသည့် သမိုင်းအစဉ်အလာ ကောင်းများမော်ကွန်း ထိုးနိုင်ခဲ့ကြသည်ဟု ဆိုနိုင်ပေသည်။ တိုင်းပြည်လိုအပ်ချက်အရ စစ်ရေးတာဝန်ထမ်း ဆောင်ရန် ဆင့်ခေါ်ခံရချိန်၌ အသင့်ဖြစ်နေရန်အတွက် ဆင်းရဲချမ်းသာ အဆင့်အတန်းမရွေး အရွယ်ရောက်သူ နိုင်ငံသားတိုင်း   အဋ္ဌာရသအတတ်   ၁၈   ပါးကို သင်ကြားလေ့ကျင့်ထားကြသည်။   ထို့ကြောင့်ပင် အောက်ခြေ   တပ်သားအဆင့်ကသည်  အထက် စစ်သေနာပတိများနှင့် တိုင်းပြည်နိုင်ငံကို စီမံအုပ်ချုပ်ရသည့် မင်းဘုရင်တို့ တိုင်အောင်ပင် အတတ်ပညာနှင့် စွမ်းရည်အသီးသီးကို အဆင့်နှင့်လျှော်ညီစွာ အထက်တန်းကျကျ ကျွမ်းကျင်တတ်မြောက် ထားကြသည်။

ရှေးခေတ်မြန်မာနိုင်ငံသားများ သင်ယူကြသည့် အဋ္ဌာရသအတတ်  ၁၈  ပါးမှာ  “သုတိ ခေါ် အကြားအမြင်အတတ်” ၊ “သမ္မုတိ ခေါ် ဓမ္မသတ် အတတ်” ၊ “သင်္ချာ ခေါ်  ဂဏန်းပညာအတတ်”၊ “ယောဂါ ခေါ် တံစည်း၊ စူး၊ ဆောက်စသော အတတ်”၊”နီတိ ခေါ် ကျင့်ရာ မကျင့်ရာ၊ အကျိုးရှိရာ မရှိရာ ဆုံးမကြောင်းဖြစ်သော နီတိကျမ်း အတတ်” ၊ “ဝိသေသကာ ခေါ် ယာယီ ယတြာစသော ဗျာကရိုဏ်း အတတ်”၊  “ဂန္ဓဗ္ဗာ  ခေါ်  စောင်းငြင်းစသော ကဗျာလင်္ကာအတတ်”၊ “ဂဏိကာ ခေါ် လက်ဆစ်ချိုး၍ ရေတွက်ရသောအတတ်”၊ “ဓနုဗေဒါ ခေါ် တူလေး၊ လင်းလေးအတတ်”၊ “ပုရာဏာ ခေါ် စကားဟောင်း အတတ်” ၊ “တိကိစ္ဆာ ခေါ် ဆေးအတတ်” ၊ “ဣတိဟာသာ ခေါ် ရှေးထုံးဟောင်းအတတ်”၊ “ဇောတိ ခေါ် ဗေဒင် အတတ်”၊ “မာယာ ခေါ် လှည့်ပတ်မှုအတတ်”၊ “ဆန္ဒတိ ခေါ် ဆန်းကျမ်းအတတ်”၊ “ကေတု ခေါ် သံတမန်အတတ်”၊ “မန္တာ ခေါ် မန္တာန်အတတ်”၊ “သဒ္ဒါ ခေါ် သဒ္ဒါကျမ်းအတတ်” တို့ဖြစ်သည်။

အဋ္ဌာရသအတတ် ၁၈ ပါးသည် စစ်အတတ်ပညာနှင့် တိုက်ရိုက်မသက်ဆိုင်ဟု မှတ်ထင်ဖွယ်ရှိသော်လည်း ယင်းအတတ်ပညာ ၁၈ ပါးနှင့် ဓားရေး၊ လှံရေး၊ မြင်းရေး၊ ဆင်ရေးတို့ကဲ့သို့ အတတ်ပညာတို့ ပေါင်းစပ်မိချိန်တွင် လူနှင့်လူချင်း မှန်လျှင် အမှုထားဖွယ်ရာ မရှိလောက်ထိ နှလုံးရည်၊ လက်ရုံးရည်စွမ်းအား ထက်သန်ပြည့်ဝသော  အောင်ပွဲကို ဆွတ်ခူးနိုင်မည့် စွမ်းရည်ထက်သော နိုင်ငံသားများဖြစ်တည် လာရပေသည်။ တစ်ဖက်ရန်သူတို့၏ စည်းလုံးမှု ပျက်ယွင်းပြိုကွဲစေရန် ကြိုးပမ်းအားထုတ်မှု အလုံးစုံတို့သည်လည်း ယင်းအတတ်ပညာ ၁၈ ပါးကြောင့်ပင် အရာမထင် သဲထဲရေသွန်သည်ကဲ့သို့ ဖြစ်ခဲ့ရသည်ကို သုံးသပ်တွေ့မြင်ကြရမည်ဖြစ်သည်။ ထို့ကြောင့်ပင် မြန်မာနိုင်ငံသားတို့အား ကျွန်ပြုအုပ်စိုးနိုင်ရန် ကြိုးပမ်းအားစမ်း ခဲ့သည့်ကာလတစ်လျှောက် တိုက်ပွဲများ၌ မြန်မာတပ်မတော်ကို နယ်ချဲ့တို့အရှုံးကြီး ရှုံးနိမ့်ခဲ့ကြသည်။

ယင်းနောက်တွင်  နယ်ချဲ့တို့က  မြန်မာနိုင်ငံကို ကျွန်ပြုလိုလျှင်   မြန်မာနိုင်ငံသားတို့၏ နှလုံးရည် စွမ်းအားတို့မြစ်ဖျားခံ   သန္ဓေတည်ရာဖြစ်သော အဋ္ဌာရသအတတ်  ၁၈  ပါးကို ဦးစွာဖျက်ဆီးရန် လိုကြောင်း ကောင်းစွာ သိမြင်သွားခဲ့ကြသည်။ စိတ်ရင်းသဘောထား ဖြောင့်စင်းရိုးသားကြသော မြန်မာနိုင်ငံသားတို့အပေါ် ယုတ်မာပက်စက်သော အကြံအစည်ရှိထားသည့် နယ်ချဲ့တို့က ဟန်ဆောင် ဖုံးကွယ်ထားသော အပြုံးမျက်နှာအမျိုးမျိုး၊ နည်းလမ်း အသွယ်သွယ်တို့ဖြင့် စဉ်ဆက်မပြတ် သပ်လျှိုဖျက်ဆီးခဲ့ကြပေသည်။ ထို့ကြောင့်ပင် ကုန်းဘောင်ခေတ်နှောင်းပိုင်းကာလ၌ တိုင်းပြည်နိုင်ငံကို ဦးဆောင်ထိန်းသိမ်းရသည့် တော်ဝင်မိသားစု များမှသည် တပ်မတော်နှင့် အောက်ခြေနိုင်ငံသားများအထိ စွမ်းရည်နိမ့်ကျလာခဲ့သည့်အပြင် အုပ်စုအမျိုးမျိုး ကွဲပြားလာခဲ့ကြသည်။ ထိုအချိန်အခါတွင်မှ ယင်းအခြေအနေကို ကြိုတင်ဖန်တီးထားသည့် နယ်ချဲ့တို့က မြန်မာနိုင်ငံကို အလွယ်ကူဆုံး၊ အချိန်အနည်းဆုံးသော ကျူးကျော်စစ်တစ်ရပ်ဖြင့် သိမ်းယူကျွန်ပြုသွားခဲ့ခြင်း ဖြစ်သည်။  ဤယနေ့  လက်ရှိအချိန်သည်လည်း နယ်ချဲ့တို့ကြိုတင် ရေးဆွဲထားသည့် ဇာတ်ညွှန်းအမျိုးမျိုးတွင် မြန်မာနိုင်ငံသားများစွာ ကြိုးဆွဲခံနေကြရပြီး ကိုယ့်အမျိုးကို ယ့်တိုင်းပြည်ကို ကိုယ်တိုင်ဖျက်ဆီးနေ ကြသည်မှာ ကြေကွဲဝမ်းနည်းဖွယ်ရာ ကောင်းလှသည်။

ထို့ကြောင့်ပင် အမိနိုင်ငံတော်၏ ဒို့တာဝန်အရေး သုံးပါးကို ကာကွယ်ထိန်းသိမ်းရာ၌ “သင်၏နိုင်ငံ၊ ပိုင်းရံခြားဆီး၊ တပ်နှင့်ဆီးလော့” ဟူသော လက်ဝဲသုန္ဒရ၏ နန္ဒီသေနပျို့လာအတိုင်း နိုင်ငံတော် ကာကွယ်ရေး တာဝန်ထမ်းဆောင်ရန် သတ်မှတ်ချက် အကျုံးဝင်သူတိုင်း အမှုထမ်းဆောင်ကြခြင်းဖြင့်   မြန်မာတို့သွေးဗီဇကို ထုတ်ပြကြရန် လိုအပ်ချိန်ဖြစ်သည်။   ရှေးခေတ်မြန်မာနိုင်ငံသားများကဲ့သို့ နိုင်ငံတော် ကာကွယ်ရေး လိုအပ်ချက်ရှိချိန်တွင် စစ်ရေးကိစ္စမှ တစ်ပါး မည်သည့်ကိစ္စကိုမျှ ဦးစားမပေးသည့် အစဉ်အလာကိုလည်း လက်တွေ့ ဖော်ဆောင်ရမည့်အချိန်ပင်ဖြစ်သည်။ အနော်ရထာမင်းကြီး၏ တပ်မတော်သည် လည်းကောင်း၊ ဘုရင့်နောင်၏ တပ်မတော်သည် လည်းကောင်း၊ အလောင်းဘုရား၏ တပ်မတော်သည် လည်းကောင်း ပြည်သူကို အခြေခံသည့် ကျစ်လျစ်ထက်မြက်သော တပ်မတော်ကို တည်ဆောက်၍ ရန်စွယ်ရန်ငုတ်မှန်သမျှကို ပြတ်သားရဲဝံ့စွာ ချေမှုန်းခဲ့ကြသဖြင့် ပြည်တွင်းပြည်ပ အဖျက်ရန်ဟူသမျှကို အမြစ်လှန် ဖယ်ရှားနိုင်ခဲ့ကြခြင်းဖြစ်သည်။

ပြည်သူကိုအခြေခံသည့် တိုင်းပြည်ကာကွယ်ရေးစနစ်သည် အနော်ရထာမင်း လက်ထက်မှ စတင်ခဲ့ ခြင်းဖြစ်သည်။ မြန်မာတို့သည် တိုင်းပြည်ကာကွယ်ရေးအတွက် ပြည်သူ့စစ်သဘောတရားကို အောင်မြင်စွာ ကျင့်သုံးနိုင်ခဲ့ကြသဖြင့်လည်း အမျိုးသားရေး ဂုဏ်သိက္ခာထည်ဝါမြင့်မားသည့်   နိုင်ငံတော်တစ်ရပ်အဖြစ် နှစ်ပေါင်းထောင်ချီ   တည်တံ့နိုင်ခဲ့ခြင်းဖြစ်သည်။ ပြည်သူ့စစ်သဘောတရားဖြင့်  တစုတစည်းတည်းသော ပြည်ထောင်စု တပ်မတော်နှင့် ပြည်ထောင်စု အင်ပါယာနိုင်ငံတော် တစ်ရပ်ကို   တည်ဆောက်အောင်မြင်ပြီးချိန်၌  နိုင်ငံတော်တည်တံ့ရေး အတွက် ပိုမိုစည်းစနစ်ကျသော ပြည်သူ့စစ်အသွင်သဏ္ဌာန်သစ် တစ်ရပ်အဖြစ် ရာပြု၊ ထောင်ပြုမြို့များအဖြစ် တည်ထောင်သတ်မှတ်ပေးခဲ့သည်။  မိမိတို့မြို့ရွာ နယ်ပယ်များကို  ပြည်သူ့စစ်နည်းဖြင့်  မိမိတို့ကိုယ်တိုင် ကာကွယ်ကြရသည်။ အရေးအကြောင်း တစ်စုံတစ်ရာ ရှိလာချိန်များတွင်မူ အိမ်ထောင်စု ၁၆ စုလျှင် နှစ်ဦးနှုန်းစီဖြင့် အင်အား ထုတ်ပေးရကြောင်းလည်း မှတ်တမ်းများ၌ တွေ့ရှိရသည်။

ပုဂံခေတ်မှတ်တမ်းများ၌ ပြည်သူ့စစ်အင်အားဖြင့် တပ်မတော်ဖော်ဆောင်ရာ၌ သောင်းပြု၊ သိန်းပြုရာဇဌာနီများ ဖော်ပြရာတွင်   ကွဲပြားမှုများရှိသော်လည်း ရာပြုမြို့များကိုမူ မှတ်တမ်းအတိအကျ တွေ့ရှိရသည်။ လေးရာပြုမြို့များအဖြစ် “မြင်စိုင်း၊ ပင်လယ်၊ ပြင်စည်၊ ပင်းတလဲ၊ ယင်းတော်၊ ဝတီ၊ ရန်အောင်၊ ကြက်သား၊ မြေထဲ၊ ကျွန်းဆုံ၊ ပန်းတော၊ စကု၊ လယ်ကိုင်း၊ ကုကျွန်းကြီး၊ တလုပ်၊ ကံနီ၊ တပယင်း၊ စေတုတ္တရာ၊ မြေတူးဟောင်း၊ ငစဉ့်ကူး၊ အမြင့်၊ ဗတုံ” ၊ သုံးရာပြုမြို့များအဖြစ် “ငနွယ်ကုန်း၊ ပြင်တိ၊ မြစ်တွင်း” ၊ နှစ်ရာပြု မြို့များအဖြစ် “မြစ်သာ၊ ဝက္ကစပူ၊ သရက်၊ မင်းတုန်း၊ မကွေး၊ စုန်း၊ ရွှေတောင်ကျွန်းသီး၊ စစ်ကိုင်းထောင်သင်း၊ မုဆိုးဘို၊ ပူတက်၊ မြို့သစ်၊ အင်းမဝ၊ ပေါင်းတည်” ၊ ရာပြုမြို့များအဖြစ် “မက္ခရာ၊ တပြက်သာ၊ ပျဉ်းမနား၊ မြို့တောင်၊ ရွှေနံ့သာ၊ တည်တော၊ စဉ့်ကိုင်၊ ရန်မိန်” တို့ဖြစ်သည်။ လူဦးရေနည်းပါးသဖြင့် ရှစ်ကျိပ်ပြု၊ ခုနစ်ကျိပ်ပြုမှသည် နှစ်ကျိပ်ပြုမြို့ငယ်များအထိတွေ့ရသည်။ ခေတ်ကာလရွေ့လျားခဲ့သဖြင့် အချို့သောမြို့ အမည်နှင့် တည်နေရာ မှတ်တမ်းများကို ကာလဒေသနှင့် ဆီလျော်စွာပြင်ဆင်ထားသည်ဟု နားလည်ကြရမည် ဖြစ်သည်။

ပုဂံခေတ်မြန်မာ့တပ်မတော်အတွက် စစ်စည်းရုံးမှုပြုရာတွင်  အမြဲတမ်းတပ်မတော် တစ်ရပ်အပြင် ပြည်သူကိုအခြေပြုသော အရန်တပ်မတော် တစ်ရပ်ကို စနစ်ကျနစွာ ဖွဲ့စည်းတည်ဆောက် ထားခြင်းဖြစ်သည်။

စစ်သည်စုဆောင်းရာတွင်လည်း  အုတ်ရောရော ကျောက်ရောရော ပုံစံမဟုတ်ဘဲ “ကာမန္တကီ”  နီတိကျမ်းလာ “မောလံ ဘူတံ သေဏိ သခါ၊ ရိပု ဝါ ဝိကဋံ ဗလံ။

ပုဗ္ဗံ ပုဗ္ဗံ ဂါရ ဝေါတု၊

ဗလာနံ ဗျသနံ တထာ”

 ဟူသည်ကဲ့သို့ စစ်သည်အမျိုးအစား ၆ မျိုးအား အောက်ပါအတိုင်း ခွဲခြားစုဖွဲ့ထားကြောင်း မှတ်သားဖွယ်ရာ သိရှိမှတ်သားရသည်။

မောလ

    ရှေးဘေးဘိုးအစဉ်အဆက်မှစ၍ အစုရင်းကျေးရင်းဖြစ်သော အမှုထမ်းများကို ခေါ်သည်။ ၎င်းတို့မှာ အထူးယုံကြည်စိတ်ချရပြီး ဆွေမျိုးလည်းမကင်း၊ အစုအမှုထမ်းလည်း အစဉ်အဆက်ဖြစ်သဖြင့် အတွင်းကိုယ်ရံ၊ အပြင်ကိုယ်ရံ တပ်စုများတွင်သာ ထားလေ့ရှိသည်။ တစ်နည်းအားဖြင့် ဘိုးဘေးအစဉ်အဆက် စစ်မှုထမ်းသော စစ်သားမျိုးရိုးကို ခေါ်ဆိုခြင်းဖြစ်သည်။

ဘူတ

    စုကြီး ၆ ကြောင်း၊ ဒိုင်း၊ ထားဝယ်၊ မာရဘင် စသော လစာရိက္ခာမျိုး ရိက္ခာပေး၍ အမှုထမ်းစေသည့် ယုံကြည်ချက်ခိုင်မာသော စစ်သည်အစုမျိုး အမြဲတမ်း တပ်တော် အမျိုးအစားဖြစ်သည်။

သေဏိ

    မိမိနိုင်ငံအတွင်း  မြို့ရွာများတွင် အရေးအကြောင်းရှိက အသင့်စစ်စည်းရုံးထားပြီးသူများ    တစ်နည်းအားဖြင့် ပြည်သူ့စစ် အဖွဲ့များဖြစ်သည်။

သခါ

    အရေးအကြောင်းပေါ်ပေါက်သောအခါ မဟာမိတ်နိုင်ငံများမှ မေတ္တာဖြင့်လည်းကောင်း၊ အခကြေးငွေဖြင့် လည်းကောင်း ကူညီလာသော စစ်သည်များဖြစ်သည်။

ရိပု

    မိမိက အခြားနိုင်ငံများကို သိမ်းပိုက်ရရှိသောအခါ ၎င်းနိုင်ငံသားများထဲမှ စည်းရုံးကာ စစ်မှုထမ်းစေသူများ တစ်နည်းအားဖြင့် မိမိလက်အောက်ခံ နိုင်ငံများမှ စစ်မှုထမ်းများဖြစ်သည်။

အဋဝိက

    တောတောင်ကြီးမား ထူထပ်ရာ အရပ်ဒေသများသို့ ချီတက်ရာ၌ လမ်းခရီး ရေမြေအနေအထားကို  သိကျွမ်းကျင်သော နယ်ခံအမှုထမ်းများကို   ခေါ်ဆိုသည်။ လမ်းပြသဖွယ် တပ်ဦးက ချီတက်စေလေ့ရှိသည်။ တစ်နည်းအားဖြင့် မိမိနှင့်စိတ်တူကိုယ်တူ၊  ခံယူချက် ယုံကြည်ချက်တူသူ စစ်မှုထမ်းများဖြစ်သည်။ ရှေးခေတ်မြန်မာ့ တပ်မတော်များ၏ ဖော်ပြပါစစ်သည် အမျိုးအစား ၆ မျိုးအနက်  သေဏိနှင့် အဋဝိကတို့မှာ ပြည်သူကိုအခြေခံသော ပြည်သူ့စစ်များပင် ဖြစ်သည်မှာ ထင်ရှားပေသည်။ မြန်မာ့သမိုင်းစဉ်၌ အဆိုပါ ပြည်သူ့စစ် သဘောတရားကို  စတင်ကျင့်သုံးအကောင်အထည်ဖော်သူမှာ အနော်ရထာမင်းစောပင်ဖြစ်သည်။  ပြည်သူ့စစ်၏ အနှစ်သာရနှင့် အင်အားကြီးမားပုံကို လက်ညှိုးညွှန်ရာ မလပ်အောင် ခမ်းနားထည်ဝါစွာ တည်ရှိခဲ့သော ပုဂံရွှေမြို့တော်ကြီး ပေါ်ထွန်းလာခဲ့ရခြင်းက သက်သေခံလျက်ရှိသည်။

ထို့ကြောင့်ပင် ဤယနေ့အချိန်၌ ဒို့တာဝန် အရေးသုံးပါး လိုအပ်ချက်အရ နိုင်ငံတော်မှ ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်  အရန်တပ်ဖွဲ့ဥပဒေ ထုတ်ပြန်ပြဋ္ဌာန်းခဲ့ခြင်းများ အပေါ် အမျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်ရှိသော မိမိတို့နိုင်ငံသား တစ်ဦးတစ်ယောက်ချင်းစီတိုင်းက ကြိုဆိုထောက်ခံ ကြရမည်ဖြစ်ကြောင်းနှင့် အနာဂတ်    နိုင်ငံတော်၏  တစ်မှုန့်သောမြေစာ တစ်လွှာသောပန်းခြောက်မျှပင် တစ်ပါးသူတို့ လက်ဝယ်သို့ မရောက်ရှိစေရန်   တစ်မျိုးသားလုံးက စုစည်းညီညွတ်စွာ ကာကွယ်စောင့်ရှောက် သွားကြရမည်ဖြစ်ပါကြောင်း  ဖော်ညွှန်း ရေးသားလိုက်ရပါသည်။   ။