ဟိုပုံးမြို့နယ်၊ လွယ်ဝိုးတုတ်ကျေးရွာတွင် လူသူမရှိတဲ့အိမ်တွေမှ ပစ္စည်းများကို လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များက ယူဆောင်နေကြောင်း သတင်းတု၊ သတင်းအမှားများကို လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ

ဟိုပုံးမြို့နယ်၊ လွယ်ဝိုးတုတ်ကျေးရွာတွင် လူသူမရှိတဲ့အိမ်တွေမှ ပစ္စည်းများကို လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များက ယူဆောင်နေကြောင်း သတင်းတု၊ သတင်းအမှားများကို လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ မတ် ၇

          ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ လွယ်ဝိုးတုတ်ကျေးရွာမှ လူသူမရှိသည့် နေအိမ်များကို ဖောက်ထွင်း၍ ပစ္စည်းများကို လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များက ယူဆောင်နေကြောင်း သတင်းတု၊ သတင်းအမှားများကို ‌တရားမဝင်ပြည်ဖျက် မီဒီယာများက အထင်အမြင်လွဲမှားဖွယ် မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

          ဖြစ်စဉ်အမှန်မှာ ဟိုပုံးမြို့နယ်၊ လွယ်ဝိုးတုတ်ကျေးရွာကို ဖေဖော်ဝါရီလအတွင်း  KNDF ၊ PNLA ၊ PDF အကြမ်းဖက်သမားများက ကျေးရွာအတွင်းသို့ ဝင်ရောက်၍ ပြည်သူများအား ငွေကြေးကောက်ခံခြင်း၊ အဓမ္မလူသစ်စုဆောင်းခြင်းနှင့် လူသား တံတိုင်းအဖြစ် လုပ်ဆောင်ရန် ဒေသခံပြည်သူများကို ဖမ်းဆီးထိန်းသိမ်းထားလျက် ရှိသည့်အတွက် အဆိုပါကျေးရွာရှိ အကြမ်းဖက်သမားများကို လုံခြုံရေးပူးပေါင်း တပ်ဖွဲ့ဝင်များက ပြန်လည်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများ ကျေးရွာအတွင်းမှ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး နေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ကျေးရွာအတွင်းသို့ ရောက်ရှိသည့်အချိန်တွင် အကြမ်းဖက်သမားများ ဖောက်ထွင်းထားရှိသည့် နေအိမ်များကို တွေ့ရှိရကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

          ထိုသို့ တရားမဝင်ပြည်ဖျက်မီဒီယာများမှ အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန် လုပ်ကြံရေးသားထားသည့် သတင်းအမှားများသာဖြစ်ကြောင်း သတင်းရရှိပါသည်။