နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုစားသောက်ဖွယ်ရာများ လာရောက်ပေးအပ်

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုစားသောက်ဖွယ်ရာများ လာရောက်ပေးအပ်

နေပြည်တော်၊ ၂၀၂၄ မတ် - ၇

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင် အလှူရှင်များက  စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိသည်။

ထိုသို့ ပေးအပ်လျက်ရှိရာ ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် စေတနာရှင် ပြည်သူများမှ စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်ခြင်းကို ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ်ရှိ တိုင်းရန်အောင်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာဦး၊   တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးနှင့် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြိတ်ခရိုင် စေတနာရှင် ပြည်သူများကိုယ်စား ငွေကျပ် ၁၇၆၁၀၀၀၀ ကျပ်တန်ဖိုးရှိ စားသောက်ဖွယ်ရာများအား တိုင်းစီးပွားရေးရာဝန်ကြီးက တိုင်းမှူးထံ ဂုဏ်ပြုပေးအပ်သည်။ ယင်းနောက် တိုင်းမှူးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ရာ စီးပွားရေးရာဝန်ကြီးက ကျေးဇူးတင်စကားပြောကြားသည်။

အလားတူ ဘုတ်ပြင်းခရိုင်မှ စေတနာရှင်ပြည်သူများက ဂုဏ်ပြုချီးမြှင့်ငွေ ၂၀၀၀၀၀ ကျပ်နှင့် ငွေကျပ် ၁၉၃၄၅၅၀ တန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ ကော့သောင်းခရိုင်မှ စေတနာရှင်ပြည်သူများက ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၃၀၀၀၀၀၀ ကျပ်နှင့် ငွေကျပ် ၈၃၉၄၅၀၀ တန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း သတ်မှတ်နေရာ အသီးသီး၌ လာရောက်ဂုဏ်ပြုပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူပြီး ကျေးဇူးတင်စကားများပြန်လည်ပြောကြားသည်။

  အဆိုပါ ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများအား လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် ဆက်လက်ပို့ဆောင် ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။