အောင် ရဲ့ အောင်

 

အောင် ရဲ့ အောင်

 

ယမန်နေ့မှအဆက်

ကားမှာ သုံးဘီး၊

လူမှာ ဒေဝနဲ့ ဗလ၊

ဘာမှတ်သလဲ...

ကြုံးဝါးသေးသည်။ ဒေဝရော၊ ဗလရော အရပ်တွေကလည်း နည်းနည်းမှ ပေမမီ။ လေးပေသာသာခန့်၊  ခွေးပစ်တဲ့တုတ်လောက်ပဲရှိသည်။ တစ်ခါတလေ ဒေဝက မိန်းမတို့ ဟန်ပန်လေသံနှင့်...

“ကျွန်မတို့မြန်မာနိုင်ငံမှာ   အာဟာရချို့တဲ့တဲ့မိသားစုကို  အကြံဉာဏ်ပေးလိုပါတယ်ရှင်။ ငွေကြေးမတတ်နိုင်တဲ့မိသားစုမှာ တစ်ပိဿာ ၂၅ ကျပ်ပေးရတဲ့ ကြက်သားကို ဝယ်စားနိုင်မလား၊ တစ်လုံးကို ပြား ၇၀ ပေးရတဲ့ ကြက်ဥကိုရော ဝယ်ကျွေးနိုင် ပါ့မလား၊ ငါးတစ်ဆယ်သား နှစ်ကျပ်ခွဲ၊ သုံးကျပ်ဖြစ်နေတဲ့အချိန်မှာ အာဟာရဖြစ် အောင် ကြက်သား၊ ငါး၊ ဥ စားပါလို့ပြောရင် ဖြစ်ပါ့မလားရှင်။ ဒီတော့ အာဟာရ လည်းဖြစ်၊ ဈေးလည်းသက်သာတဲ့ ကုလားပဲ၊ မတ်ပဲ၊ ပဲစင်းငုံတို့ကို  သာရာဆပ်ဆိုတဲ့ ဆေးပြားတွေလည်း ဆောင်ထားရင် သုံးဆောင်နိုင်ပါတယ်။ ပြီးတော့ ကန်စွန်းဥ၊ ကန်စွန်းရွက်၊ ဟင်းနုနယ်ရွက်တွေကို ခုလို မိုးတွင်းမှာ ဘာရာဇင်းဆိုတဲ့ သန်ကောင် ချတဲ့ဆေးပြားနဲ့အတူ အပင်းလျှိုနိုင်ပါတယ်လို့ စေတနာသန့်သန့်နဲ့ အကြံပေးလိုပါ တယ်ရှင်"

ဦးချစ်လက်ဖက်ရည်ဆိုင် ပတ်ဝန်းကျင်တစ်ခုလုံး  အောင်၏ရယ်သံသည်  ကျယ် လောင်စွာ ပျံ့နှံ့သွားလေသည်။ တယ်လည်း အရယ်သန်တဲ့    ကောင်မလေးပါလား။

ဘယ်လိုမိန်းကလေးပါလိမ့်။  ကိုလတ်က တွေးမိသည်။

သည်လက်ဖက်ရည်ဆိုင်တွင် သူတို့ လူသိုက်စုဝေးလာကြသည်။ ပထမဦးဆုံး အချိန်မှန်ရောက်လာသူက  ကိုလတ်။

ဖိုင်တွဲတစ်ခု  လက်ကကိုင်လျက်  နေပူပူ၊ မိုးရွာရွာ ထီးမပါသောသူ။

နောက်ရောက်လာသူတွေက ဒေဝနှင့် ဗလ။   လူနှစ်ယောက်   ထီးတစ်ချောင်း၊ စာအုပ်တစ်အုပ်။ နောက် ခေါက်ထီးလေး တွေကိုယ်စီဆောင်းလျက် ရောက်လာကြ သူ အောင်နှင့်ချောစု။ နောက်ဆုံး ဖတ်သီဖတ်သီနှင့် လက်တစ်ဖက်က ထီးကိုင်ကာ ပခုံးတစ်ဖက်တွင် လွယ်အိတ်လွယ်လျက် ရောက်လာသူက ကိုအောင်။

ရာမညဆောင်မှလွန်၍ မြေလမ်းငယ် အတိုင်းလာခဲ့လျှင်  သွပ်မိုး၊  အုတ်ခင်း၊ အုတ်ကာ ဂိုဒေါင်အပွင့်လို လက်ဖက်ရည် ဆိုင်ကြီးတစ်ဆိုင်ရှိသတတ်။ ဦးချစ်ဆိုင်ဆို သော   လက်ဖက်ရည်ဆိုင်အသက်သည် အိုမင်းရင့်ရော်လှပေပြီ။ အောင်တို့အဖေ ငယ်ရွယ်နုနယ်စဉ်ကတည်းက  လက်ဖက်ရည်ဆိုင်။

တက္ကသိုလ်သမိုင်းစဉ် တစ်လျှောက် နိုင်ငံရေး၊  စီးပွားရေး၊  လူမှုရေး၊  အချစ်ရေး အဖြစ်အပျက်တွေကို အဘဦးချစ်ဆိုင်သည် မျက်ဝါးထင်ထင်မြင်ခဲ့ပြီ၊ သိခဲ့ပြီ။

အဘသည် အသက်ကြီးရင့်လာသော် လည်း အရွယ်မအိုသေး၊ မကျသေး။ တက် သစ်စလူငယ် ကျောင်းသားများနှင့်အတူ ခေတ်အမီလိုက်လျက် နုပျိုဆဲ၊ တက်ကြွဆဲ၊ ထက်သန်ဆဲ၊ လန်းဆန်းမြဲပင်။

သဲခင်းထားသော မြေလမ်းဘေးတို့တွင် လည်းကောင်း၊ ဆိုင်၏ပတ်ဝန်းကျင်တွင် လည်းကောင်း စိမ်းနုဖပ်လျက် လတ်ဆတ် လန်းဆန်းသော ငှက်ပျောရွက် ဖားဖားကြီး တို့သည်   ငှက်ကျေးအတောင်ဖြန့်လိုက် သကဲ့သို့ ခပ်ပြေပြေစိမ်းနေသည်။

တောက်ပစွာကျရောက်လာသော နေအလင်းရောင်သည် မြအသွေးရွှေရေးလုဘိ သို့ ပန်းချီဆေးနှယ် ရေးခြယ်နေ၏။

ဆိုင်တွင်း၌ကား    ပြာလဲ့လဲ့   နီယွန်မီးချောင်းအရောင်သည် လင်းနေသည်။ သူတို့လူစုသည်   ဆိုင်၏တံစက်မြိတ်အ၀ တွင်ပင် ထိုင်နေကျ။

သူတို့သည် နိုင်ငံရေးစကားလည်းပြောသည်။ စာပေတရားလည်း ဟောသည်။ လူမှုရေးကိစ္စတွေ၊ ပေါက်တတ်ကရ ရယ်စရာတွေလည်း ပြောသည်။အငြင်းလည်း သန်ကြသည်။ တကယ့် လူဆူလူပူတွေ။

ကိုအောင်နှင့်  အောင်တို့က  ကျယ် လောင်စွာရယ်တတ်သလောက်  ဒေဝနှင့် ဗလတို့က လူသေးသော်လည်း စကားပြော သံက စူးခနဲ စူးခနဲနှင့် တွံတေးသိန်းတန် အသည်းကွဲသီချင်းဟစ်သည့်အတိုင်း ကျယ်လှသည်။ ကိုလတ်နှင့် ချောစုက ဣန္ဒြေရ သလိုလို  လေသံတိုးတိုးနှင့်  မထိတထိ ရယ်စရာပြောသမားတွေ။

ရှေ့ဘက်စားပွဲတန်းနှင့်ကပ်လျက် အုတ်  ထရံတွင် ကြော်ငြာပိုစတာတွေ ကပ်ထားသည်။ ကျူရှင်သင်တန်း၊ ရေကူးသင်တန်း နှင့် ဝတ္ထု၊ ကဗျာစာအုပ်ကြော်ငြာတွေ။

ကိုလတ်က ဆေးလိပ်ပြာခေါင်းရှည်ကို မခြွေသေးဘဲ လက်ကြားညှပ်ထားသော လက်နှင့် ဒေဝကိုလှမ်းတို့ကာ ဒီမယ်ဒေ၀ ဟုခေါ်ပြီး ကြော်ငြာတစ်ပုဒ်စီ ပေးနေသည်။

ဆိုက်ဗီးရီးယားပြန် ပုရောဟိတ်လက္ခဏာ သုတေသီ ဆရာဒေ၀ ဘီအက်စ်စီ(သင်္ချာ) ၁၀ ခွန်းဟောလျှင် ကိုးခွန်း မုချလွဲစေ ရမည်။

မှားလျှင် ပိုက်ဆံပြန်ယူစရာ မလိုပါ။

အောင်က    တသောသော ရယ်မိပြန်သည်။ အရယ်ကလည်း သန်ပါဘိ။ တကယ့်ကို    ရယ်တဲ့ကောင်မလေး။   ဆရာဒေ၀ ဓာတ်ပေါက်ထားသည်ဟု   ကိုလတ်က အပြော၊ ဒေဝက လက်တွေ့အန္တရာယ်ကို မလွယ်နိုင်ဘဲ တကယ့်ကို ဝါယောတွေ လွှတ်လိုက်သည့်အခါ   အောင့်ရယ်သံကြောင့် သူတို့အုပ်စု လူကြည့်ခံရပြန်သည်။ အောင့်ရယ်သံသည် နည်းနည်းမှ အထိန်းမရှိ။ စိတ်လွတ်လက်လွတ် ရယ်လိုက်ခြင်း ဖြစ်သည်။

“တယ်...ဒီကောင်မလေး ရယ်တာနဲ့ သေတော့မှာပဲ”

ဗလက ဘတ်စကားလက်မှတ်ကို လုံးခြေလျက်  အောင့်ကို   လှမ်းပေါက်လိုက် သည်။

ဆက်လက်ဖော်ပြပါမည်။