၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး  ဝူရှူးပြိုင်ပွဲ ဖွင့်ပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ တက်ရောက်ကြည့်ရှုအားပေး

 

၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး  ဝူရှူးပြိုင်ပွဲ ဖွင့်ပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ တက်ရောက်ကြည့်ရှုအားပေး

နေပြည်တော်  မတ်  ၇

ပြည်နယ်နှင့်  တိုင်းဒေသကြီးများမှ မျိုးဆက်သစ် ဝူရှူးအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဝူရှူးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင်    နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B)၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ  ဖြစ်ကြသည့်  ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့်ဦးရန်ကျော်၊  ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊  ဌာနဆိုင်ရာတာဝန်ရှိသူများ၊  မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့်အားကစားသမားများ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတဥက္ကဋ္ဌအားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက  ယခုပြိုင်ပွဲကိုပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမား မောင်/မယ်များသည်    မိမိတို့၏ အစွမ်းအစအရည်အသွေးများကို အစွမ်းကုန်ဖော်ထုတ်ပြသပြီး မိမိတို့ ကိုယ်စားပြုယှဉ်ပြိုင်သည့် အသင်းအောင်နိုင်ရေးအတွက်  အနိုင်မခံအရှုံးမပေးသော ဇွဲ၊ စိတ်ဓာတ်ဖြင့် ယှဉ်ပြိုင်ကစားကြစေလိုကြောင်း၊ တစ်ဦးနှင့်တစ်ဦး  ချစ်ခင်ရင်းနှီးစွာ စည်းကမ်းနှင့်အညီ ပြောဆိုနေထိုင်ဆက်ဆံကြပြီး ပြည်ထောင်စုစိတ်ဓာတ်ကို ဖော်ဆောင်သွားကြရန်နှင့် သတ်မှတ်ထားသော  ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများကို  လေးစားလိုက်နာ၍ နိုင်ငံတော်ကအားထားရသည့်   နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ ဖြစ်လာအောင် ကြိုးစားသွားကြစေလိုကြောင်း ပြောကြားပြီး ၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူးပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။

ထို့နောက် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာ အဓိဋ္ဌာန်ရွတ်ဆိုကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊  ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အားကစားအသင်းများမှ အားကစားသမားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး   အမျိုးသမီးအသက် ၁၂ နှစ်နှင့်အထက် ဝူရှူး ထောက်လု(ချန်းချွမ်) ပြိုင်ပွဲနှင့် အမျိုးသား/အမျိုးသမီး  ဝူရှူးဆန်းဆို(အတိုက်) ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြသည်။

အဆိုပါ ၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူးပြိုင်ပွဲကို  မတ်လ ၇  ရက်မှ ၁၁ ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ ကျင်းပသွားမည်ဖြစ်ပြီး ဝူရှူးအားကစားနည်းကို စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။