ဟူသီသူပုန်အဖွဲ့က အမေရိကန်ပိုင်သင်္ဘောတစ်စင်းအား တိုက်ခိုက်မှုအတွင်း ဖိလစ်ပိုင်ရေယာဉ် လုပ်သားနှစ်ဦးသေဆုံး

 

ဟူသီသူပုန်အဖွဲ့က အမေရိကန်ပိုင်သင်္ဘောတစ်စင်းအား တိုက်ခိုက်မှုအတွင်း ဖိလစ်ပိုင်ရေယာဉ် လုပ်သားနှစ်ဦးသေဆုံး

အမေရိကန်ပိုင် ကုန်တင်သင်္ဘောတစ်စင်းအား အေဒင်ပင်လယ်ကွေ့တွင် ဟူသီသူပုန်အဖွဲ့က လုပ်ဆောင်ခဲ့သည့် ဒုံးကျည်ဖြင့် တိုက်ခိုက်မှုအတွင်း ဖိလစ်ပိုင်ရေယာဉ်လုပ်သားနှစ်ဦးသေဆုံးပြီး အခြားနှစ်ဦး အပြင်းအထန်ဒဏ်ရာ ရရှိသွားကြောင်း ဖိလစ်ပိုင်အစိုးရက မတ်လ ၇ ရက်တွင် ထုတ်ပြန်သည်။

True Confidence အမည်ရှိ အဆိုပါကုန်တင်သင်္ဘောသည် ယီမင်နိုင်ငံတောင်ပိုင်း အေဒင်ပင်လယ်ကွေ့အတွင်းရှိ ရေပြင်တွင် မတ်လ ၆ ရက် ညနေပိုင်းက တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး  သင်္ဘောပေါ်တွင် လိုက်ပါလာသည့် ရေယာဉ်လုပ်သားများမှာ နောက်ပိုင်းတွင် သင်္ဘောအားစွန့်ခွာခဲ့ရကြောင်း သိရသည်။

အဆိုပါ သင်္ဘောသည်  ယီမင်ရေတပ်ဖွဲ့၏သတိပေးချက်ကို  လျစ်လျူရှုခဲ့ခြင်းကြောင့် ဒုံးကျည်များဖြင့်  တိုက်ခိုက်ခံရခြင်းဖြစ်ပြီး သင်္ဘောပေါ်တွင်လိုက်ပါလာသည့် ရေယာဉ်လုပ်သားများအနေဖြင့်   ပထမဆုံးသော ဒုံးကျည်ပေါက်ကွဲပြီးနောက် ရေယာဉ်အားစွန့်ခွာရန် ယီမင်ရေတပ်က သတိပေးခဲ့သော်လည်း  လိုက်နာခြင်းမရှိကြောင်း ဟူသီသူပုန်အဖွဲ့မှ   ပြောရေးဆိုခွင့်ရှိသူ ယာယာဆာရီက ပြောသည်။

တိုက်ခိုက်ခံရသည့် ကုန်တင်သင်္ဘောပေါ်တွင် အမေရိကန်နိုင်ငံသားတစ်ဦးမျှလိုက်ပါလာခြင်းမရှိဘဲ  ဖိလစ်ပိုင်နိုင်ငံသား ရေယာဉ်လုပ်သား ၁၅ ဦးအပါအဝင် ရေယာဉ်လုပ်သားစုစုပေါင်း ၂၀ ဦးခန့် လိုက်ပါလာကြောင်း အချို့မီဒီယာများတွင် ဖော်ပြသည်။

ဟူသီသူပုန်တို့၏တိုက်ခိုက်မှုအတွင်း ရေယာဉ်လုပ်သားသုံးဦးသေဆုံးပြီး အခြားလေးဦးဒဏ်ရာရရှိခဲ့ကြောင်း အမေရိကန်စစ်ဘက်ကလည်း ထုတ်ပြန်ထားသည်။

Ref: RT, Xinhua