အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အကြောင်း သိကောင်းစရာ
(အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဂုဏ်ပြုဆောင်းပါး)
မတ်လ ၈ ရက်သည် “အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့- International Women's Day” ဖြစ်ပါသည်။ ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးများ၏ အခန်းကဏ္ဍကို အသိအမှတ်ပြုရေး၊ အမျိုးသမီးများ စွမ်းဆောင်ရည်များ ပိုမိုမြင့်မားစေရေး၊ စံပြုထိုက်သော အမျိုးသမီးများအား ဂုဏ်ပြုရေးနှင့် အမျိုးသမီးများ ရင်ဆိုင်နေသည့် အခက်အခဲများကို ပူးပေါင်းဖြေရှင်းရေး စသည်တို့အတွက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ထိုနေ့တွင် ကမ္ဘာတစ်ဝန်းရှိနိုင်ငံများ၌ အထိမ်းအမှတ် အခမ်းအနားများ ကျင်းပလေ့ရှိပြီး နိုင်ငံအချို့တွင်မူ တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားကြသည်။
အမျိုးသမီးများ အကြမ်းဖက်ခံရမှု
အကြမ်းဖက်မှုဆိုသည်ကို အဓိပ္ပာယ်ဖွင့်ရာ၌ အမျိုးသမီး(gender)အပေါ် အခြေခံပြီး လူတစ်ယောက်ပေါ်တွင် အနိုင်အထက် ပြုကျင့်ခြင်း သို့မဟုတ် အကြမ်းဖက်သည့် လုပ်ရပ်များဖြစ်ခြင်းဟု ဆိုထားပါသည်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ဆိုသည်မှာ အများပြည်သူ နေရာတွင်ဖြစ်စေ၊ ပုဂ္ဂလိကသီးသန့် အခြေအနေတွင်ဖြစ်စေ အမျိုးသမီးများအပေါ် အနိုင်အထက်ပြုခြင်း သို့မဟုတ် လွတ်လပ်ခွင့်အား ငြင်းဆန်ပြီး တစ်ဖက်သတ်ပြုမူခြင်းစသည့် ခြိမ်းခြောက်မှုများ အပါအဝင် ကိုယ်ထိလက်ရောက်ဖြစ်စေ၊ လိင်ပိုင်းဆိုင်ရာဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာဖြစ်စေ ထိခိုက်နစ်နာစေမည့် သို့မဟုတ် ထိုသို့ထိခိုက်နစ်နာဖွယ်ရှိသည့် ကျား၊ မ ရေးရာကို အခြေခံသော အကြမ်းဖက်သည့် အပြုအမူ တစ်ရပ်ကိုဆိုလိုကြောင်း ၁၉၉၃ ခုနှစ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ ကြေညာစာတမ်း၏ အပိုဒ် ၁ တွင် ဖော်ပြထားသည်။
သို့ဖြစ်၍ အမျိုးသမီးများအား အကြမ်းဖက်မှုဟူသည့် ဝေါဟာရ၏ နောက်ကွယ်တွင် ကိုယ်ထိလက်ရောက် အကြမ်းဖက်မှု၊ နှုတ်အားဖြင့် စော်ကားမှုနှစ်ခုစလုံး အကျုံးဝင်သည်။ အကြမ်းဖက်ခံရသူသည် အနိုင်ကျင့်ခံရခြင်းနှင့် အတင်းအကျပ် ထိန်းချုပ်ခြင်းများကိုလည်း လိုက်ပါခံစားလာရသည်။
အကြမ်းဖက်ခံရမှုအမျိုးအစား
ကမ္ဘာတစ်ဝန်း အကြမ်းဖက်ခံရမှုများကို အမျိုးအစား ခွဲခြားကြည့်လျှင် အကြမ်းဖက်ခံရနိုင်ခြေ (၅) မျိုးရှိသည်။
၎င်းတို့မှာ -
-ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း (Physical Abuse))
-လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း(Sexual Abuse)
-ငွေကြေးပိုင်းဆိုင်ရာ အကြမ်းဖက် ခြင်း (Financial Abuse)
-စိတ်ခံစားမှုပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း (Emotional Abuse)
-ခံယူချက် အတွေးအခေါ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း(Psy -chological Abuse)တို့ဖြစ်ကြသည်။
ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းတွင် အမျိုးသမီးများသည် သဘာဝအရ ကျား၊မ(gender)ဆိုင်ရာ အားနွဲ့သူများ ဖြစ်သည့်အလျောက် ရိုက်နှက်ခံရခြင်း၊ ကန်ကျောက်ခံရခြင်း၊ ထိုးနှက်ခံရခြင်း၊ အန္တရာယ်ရှိစေသည့် ပစ္စည်းများဖြင့် ခန္ဓာကိုယ်တွင် အနာတရဖြစ်အောင် လုပ်ဆောင်ခံရခြင်း (ဥပမာ-ဆေးလိပ်မီးနှင့်တို့ခြင်း၊ ဓားလက်နက်၊ အက်စစ် ခေါ် ငရဲမီးစသည်)များ ပြုလုပ်ခံရသည်။
မှတ်တမ်းများအရ ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးသုံးဦးတွင် တစ်ဦး အကြမ်းဖက်မှုကို ခံစားနေရသည်။ အမျိုးသမီး ၂ ဒသမ ၇ ဘီလီယံသည် အမျိုးသားများနှင့် တူညီသော အလုပ်အကိုင်အခွင့်အလမ်း မရှိဖြစ်နေသည်။ အမျိုးသမီးများသည် အမျိုးသားများထက် ပျမ်းမျှ ဝင်ငွေ ၂၄ ရာခိုင်နှုန်း လျော့နည်းနေသေးသည်။ ကမ္ဘာပေါ်တွင် စာမတတ်သူ ၇၉၆ သန်းသည် အမျိုးသမီးများ ဖြစ်နေသည်။
နိုင်ငံပေါင်း ၁၄၅ နိုင်ငံအပေါ် လေ့လာမှုတစ်ရပ်ကလည်း ကမ္ဘာတစ်ဝန်းတွင် ကျား၊မ ကွာဟမှုရှိနေသေးကြောင်း တွေ့ရှိထားသည်။ အိုက်စလန်သည် စီးပွားရေး ပါဝင်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်း၊ ပညာရေးအောင်မြင်မှု၊ ကျန်းမာရေးနှင့် ရှင်သန်မှု၊ နိုင်ငံရေးဆိုင်ရာ စွမ်းဆောင်နိုင်မှုတို့၌ တန်းတူညီမျှမှုရှိရန် အနီးစပ်ဆုံးဖြစ်ပြီး ယီမင်ကဲ့သို့သော နိုင်ငံများတွင်မူ အမျိုးသမီးများသည် ခင်ပွန်းဖြစ်သူ၏ ခွင့်ပြုချက်မရှိပါက အိမ်အပြင်သို့ပင် ထွက်ခွာခွင့်မရပေ။ အာဖဂန်နစ္စတန်တွင် အမျိုးသမီးများ ပညာသင်ယူခွင့် ဆုံးရှုံးနေရသည်။
အမျိုးသမီးများ၏ အခန်းကဏ္ဍ
ကုလသမဂ္ဂပဋိညာဉ် စာတမ်းတွင် ပါဝင်သော အခြေခံအချက်ကြီး ငါးချက်အနက် အမှတ်စဉ်(၂)သည် “လူတိုင်း ကျား၊ မမဟူ နိုင်ငံကြီးငယ်မရွေး အခြေခံ လူ့အခွင့်အရေးများနှင့် တန်းတူရည်တူ အခွင့်အရေးရှိသည်ကို အလေးအနက် ဂရုပြုရန်”ဟူသည့်အချက်ဖြစ်သည်။ ကုလသမဂ္ဂ၏ ထောင်စုနှစ်ပန်းတိုင် (၁၇) ရပ်အနက် ပန်းတိုင် (၅)တွင်လည်း “ကျား၊ မ တန်းတူညီမျှ ရရှိရေးနှင့် အမျိုးသမီးများ၊ အမျိုးသမီးငယ်များအားလုံး စွမ်းပကား တိုးတက်မြှင့်တင်ရေး” ဟူ၍ချမှတ်ထားရာ ဤအချက်က နိုင်ငံအသီးသီးရှိ မူဝါဒချမှတ်သူများ၊ အင်စတီကျူးရှင်းများ အပါအဝင် ပြည်သူလူထုအားလုံးက ကဏ္ဍအသီးသီး၌ အမျိုးသမီးများ တန်းတူညီမျှ ပါဝင်နိုင်ရေးအတွက် အစွမ်းကုန် ဖော်ဆောင်ပေးရန် လိုအပ်နေကြောင်း ဖော်ညွှန်းလျက်ရှိသည်။
သို့သော် ယနေ့ကာလတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍသည် ထင်သလောက် ခရီးမပေါက်နိုင်သေးပေ။ အထူးသဖြင့် ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးနှင့် မိန်းကလေးအများအပြားသည် လိင်နှင့် ကျား၊ မအပေါ် အခြေခံ၍ ခွဲခြားဆက်ဆံ ခံနေရဆဲဖြစ်သည်။ ကျား၊ မ မညီမျှမှုအဖြစ် နိုင်ငံ၏ နိုင်ငံရေး စနစ်အတွင်း အမျိုးသမီးများ ပါဝင်ခွင့်နည်းပါးမှု၊ အိမ်တွင်းနှင့်လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံခံရမှု၊ လစာနည်းပါးမှု၊ ပညာသင်ကြားခွင့် မရှိမှု၊ ကျန်းမာရေးစောင့်ရှောက်မှုတွင် အချိုးအစားမမျှတမှု စသည့် ပြဿနာများစွာနှင့် ရင်ဆိုင်နေကြရဆဲဖြစ်သည်။
အမျိုးသမီးများအတွက် ဥပဒေ
အမျိုးသမီးတစ်ယောက်သည် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရပါက သက်သေခိုင်လုံလျှင် ဥပဒေအရ ထိထိရောက်ရောက် လုပ်ဆောင်နိုင်သည်။ မိမိကိုယ်ကို အပြင်းအထန် နာကျင်စေလျှင် ပုဒ်မ-၃၂၄ အရ ထောင်ဒဏ် သုံးနှစ်၊ ငွေဒဏ် ၎င်းဒဏ်နှစ်ရပ်စလုံး ချမှတ်နိုင်သည်။ ကိုယ်ထိလက်ရောက် ကျူးလွန်စေလျှင် ပုဒ်မ-၃၅၄ အရ ထောင်ဒဏ်နှစ်နှစ်၊ ငွေဒဏ် ၎င်းဒဏ်နှစ်ရပ်စလုံး ချမှတ်နိုင်သည်။
လက်နက်ကိရိယာဖြင့် နာကျင်စေလျှင် ပုဒ်မ-၃၂၄ အရ ထောင်ဒဏ် သုံးနှစ်၊ ငွေဒဏ် ၎င်းဒဏ်နှစ်ရပ်စလုံး ချမှတ်နိုင်သည်။ ဥပဒေအရ အမှုနိုင်သွားပြီး အကြမ်းဖက်ခံရခြင်းမှ လွတ်မြောက်သွားသည့် အမျိုးသမီးဦးရေ များစွာရှိကြသည်။ သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ တချို့အမျိုးသမီးများမှာ ၎င်းတို့လက်တွဲဖော် အမျိုးသားများ၏ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်းကြောင့် သေလုမြောပါး သို့မဟုတ် လူစဉ်မမီတော့ခြင်း သို့မဟုတ် အသက်သေဆုံး သွားရသူများလည်း ရှိသည်။
အမျိုးသမီးများအတွက် ကာကွယ်ဝန်ဆောင်မှု
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုခံရခြင်းမှ လျော့ပါးစေရေး အတွက် တိုင်းဒေသကြီး အသီးသီးရှိ လူမှုဝန်ထမ်း ရုံးများနှင့် ခရိုင်၊ မြို့နယ် လူမှုဝန်ထမ်းရုံးများကို ချိတ်ဆက်ပြီး Help Line အကူအညီ တောင်းခံနိုင်ရေး ဖုန်း ၀၆၇-၃၄၀၄၂၂ နှင့် ၀၆၇-၃၄၀၄၉၉ တို့ကို ဖွင့်လှစ်ခဲ့ပြီး တိုင်ကြားမှုများကိုလည်း လက်ခံဆောင်ရွက် ပေးလျက်ရှိပါသည်။
ဆက်သွယ်ရေး အကူအညီတောင်းခံရာတွင်လည်း ဖုန်းဖြင့် ဆက်သွယ်ခြင်းအပြင် Viber သို့မဟုတ် Messenger များဖြင့် ပါတို င်ကြားနိုင်ရေးအတွက် တိုးချဲ့ဆောင်ရွက်ထားသည်။ တိုင်ကြားလာသည့်အမှုများကိုလည်း သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်လူမှုဝန်ထမ်း ရုံးများသို့ လွှဲပို့ရာတွင် သက်ဆိုင်ရာဒေသက အကြမ်းဖက်ခံရသူများကို ပံ့ပိုးပေးမှု အနေဖြင့် အကြမ်းဖက်ခံရသည့် အမျိုးသမီးများကို ယာယီလက်ခံ ဆောင်ရွက်ပေးနိုင်ရေး အတွက် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ လားရှိုး၊ ကယား စသည့် နေရာငါးနေရာတွင် One Stop Women Support Centre (OSWSC)များ ဖွင့်လှစ်ထားရှိပြီး ဝန်ဆောင်မှုများ ပေးလျက်ရှိပါသည်။
အထူးသဖြင့် ကိုဗစ်-၁၉ ရောဂါ အကျပ်အတည်းကာလသည် ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးများအပေါ် အိမ်တွင်းအကြမ်းဖက်မှုကို သိသိသာသာ မြင့်တက်စေခဲ့သည်။ အမျိုးသမီးအများစုသည် အိမ်မှုတာဝန်နှင့် ဆက်စပ်နေသော ဝန်ထုပ်ဝန်ပိုးတို့ကြောင့် စိတ်ဖိစီးမှု တိုးလာကြရသည်။ အလုပ်အကိုင်များ ဆုံးရှုံးမှုတို့ကြောင့် စားဝတ်နေရေး ကျပ်တည်းလာသည်။ ကျောင်းများ ပိတ်ထားရသဖြင့် ဆယ်ကျော်သက် မိန်းကလေးများ စိတ်ဖိစီးမှုများ လာသကဲ့သို့ နိုင်ငံအချို့တွင် အရွယ်မတိုင်မီ အတင်းအကျပ် လက်ထပ်ခံခဲ့ရသည်။ သို့ဖြစ်၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို ရပ်တန့်စေမည့် တစ်ခုတည်းသော နည်းလမ်းမှာ ထိုအပြုအမူမျိုးကို လူ့အသိုင်းအဝိုင်းတစ်ခုလုံးက မလွဲမသွေ ဆန့်ကျင်ကြရန်သာဖြစ်ပါသည်။
အချုပ်အားဖြင့်ဆိုရလျှင် ကျား၊ မတန်းတူညီမျှမှုနှင့် ကမ္ဘာအနှံ့ရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအား စွမ်းဆောင်ရည်မြှင့်တင်မှုသည် ကုလသမဂ္ဂ၏ အခြားသော ရည်မှန်းချက်ဖြစ်သည့် ဆင်းရဲမွဲတေမှုကို ပုံစံအမျိုးမျိုးဖြင့် အဆုံးသတ်ခြင်း၊ ငတ်မွတ်ခေါင်းပါးမှုကို တိုက်ဖျက်ခြင်း၊ စားနပ်ရိက္ခာ ဖူလုံမှုရရှိခြင်း၊ လူတိုင်းအတွက် သင့်တင့်လျောက်ပတ်သော အလုပ်အကိုင် ရရှိစေခြင်းတို့နှင့်လည်း ဆက်နွှယ်လျက်ရှိသည်။
အထူးသဖြင့် အမျိုးသမီးများ ပညာရည်မြင့်မားခြင်းသည် ၎င်းတို့၏ စဉ်းစားတွေးခေါ်မှု၊ ဗဟုသုတ၊ စွမ်းဆောင်ရည်နှင့် အလုပ်အကိုင် အခွင့်အလမ်းများကို တိုးပွားစေနိုင်သဖြင့် အမျိုးသမီးများ၏ အခန်းကဏ္ဍ မြင့်တက်လာရေးနှင့် တိုက်ရိုက်အချိုးကျနေသည်။ ထို့ကြောင့် နိုင်ငံများအနေဖြင့် အမျိုးသမီးများ ပညာသင်ယူခွင့်ကို နည်းလမ်းပေါင်းစုံဖြင့် လမ်းဖွင့်ပေးထားရန် လိုအပ်ပါသည်။
သို့ပါ၍ အမျိုးသမီးများ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးတို့အတွက် အကြမ်းဖက်ခံရမှုကို ထိထိရောက်ရောက် အကာအကွယ်ပေးနိုင်သည့် ဥပဒေများ နိုင်ငံအတွင်းရှိရမည် ဖြစ်သလို တစ်အိမ်ထောင် တစ်မိသားစုမှသည် အကြမ်းဖက်မခံရမည့် လုံခြုံသည့် ပတ်ဝန်းကျင်ကို အားလုံးပေါင်းစု ဖန်တီးပေးနိုင်မှသာ အမျိုးသမီးများဘဝ သာယာလှပနိုင်တော့မည် ဖြစ်ပါကြောင်း အကြံပြုရေးသားလိုက်ရပါသည်။ ။
တင်ထက်ထက်ဇော်