နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ  အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ  အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

 

နေပြည်တော်  မတ်  ၈

      “အရှိန်အဟုန်ဖြင့် တိုးတက်ရေး  အမျိုးသမီးများတွင် မြှုပ်နှံပေး”  ဆောင်ပုဒ်ဖြင့်  ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ ၌ ကျင်းပရာ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၏ဇနီး    ဒေါ်ကြူကြူလှ တက်ရောက်ချီးမြှင့်သည်။

    အခမ်းအနားသို့ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်   ဂုဏ်ထူးဆောင် နာယက ဒေါ်ခင်သက်ဌေး၊  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး၏ ဇနီး၊  တွဲဖက် အတွင်းရေးမှူး၏ ဇနီး၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ကောင်စီဝင်များ၏ ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ၎င်းင်းတို့၏ဇနီးများ၊ တပ်မတော်အဆင့်မြင့် အရာရှိကြီးများ၏ ဇနီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊  နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ  ခုံရုံးအဖွဲ့ဝင်များ၊ ဒုတိယဝန်ကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၏ ဇနီး၊  ဒုတိယစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင်များ၊  အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အမျိုးသမီးများဆိုင်ရာ အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ အထူး ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

    ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က Video Message ဖြင့် အဖွင့်မိန့်ခွန်း ပြောကြားသည်။  (နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏    အဖွင့်မိန့်ခွန်းကို သီးခြားဖော်ပြထားပါသည်။)

    ထို့နောက်   မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးများ အခွင့်အရေး မြှင့်တင်ဖော်ဆောင်မှုများနှင့် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့်အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍   ရှင်းလင်း ပြောကြားရာတွင် အမျိုးသမီးများ ကဏ္ဍဖွံ့ ဖြိုး တိုးတက်ရေးအတွက် စွမ်းဆောင်ရည် မြင့်မားရေးဆိုင်ရာ လုပ်ငန်းများ၏   အရေးကြီးမှုကို ပြည်သူလူထုက သိရှိနားလည်ပြီး  ပူးပေါင်းပါဝင် ဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်၍ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားများကို နှစ်စဉ်ကျင်းပလျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ အနေဖြင့် နေပြည်တော်အပါအဝင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အမျိုးသမီး ကော်မတီများအကြား သက်ဆိုင်ရာ ဒေသအလိုက်  အကောင်အထည်ဖော် ဆောင်ရွက်မည့် အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများကို ညှိနှိုင်းပေါင်းစပ် နိုင်ရေးအတွက် ကော်မတီ၏ အစည်းအဝေးကို ဘဏ္ဍာရေး နှစ်တစ်နှစ်လျှင် (၂)ကြိမ်ကျင်းပ ဆောင်ရွက်လျက်ရှိပြီး အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအစီအစဉ်များကို ပြန်လည်သုံးသပ်ခြင်း၊ ဒေသအလိုက် အကောင်အထည်ဖော် ဆောင်ရွက်မှုများအပေါ်  လိုအပ်သည့် ကြီးကြပ် လမ်းညွှန်မှုများ   ဆောင်ရွက်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ  ချမှတ်ခြင်းများကို ဆောင်ရွက်လျက် ရှိပါကြောင်း။

    ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်   တုံ့ပြန် ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကိုလည်း တစ်နှစ်တစ်ကြိမ် သက်တမ်းတိုး၍ တတိယ သက်တမ်းကာလကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ အမျိုးသမီးများ အကြမ်းဖက်မှု ကြုံတွေ့ရပါက သတင်းပို့ တိုင်ကြားနိုင်ရန် ၂၄ နာရီ Helpline ဖုန်း “၁၅၆၆” ကိုဖွင့်ထားပြီး ဝန်ဆောင်မှုပေးလျက် ရှိပါကြောင်း၊ ပြည်သူများ အသိပညာဗဟုသုတ ရရှိပြီး အမျိုးသမီး အခွင့်အရေးများ ကဏ္ဍစုံတွင် ကျား၊မတန်းတူညီမျှရေးတို့ အတွက် နိုင်ငံတော်၏ အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒများကို သိရှိနိုင်စေရန် အသိပညာပေး အစီအစဉ်များကို သက်ဆိုင်ရာဌာန/ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ တိုင်းဒေသကြီး/ပြည်နယ်များအထိ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကျား၊ မတန်းတူညီမျှရေး ဆောင်ရွက်ချက်များ၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းများကို နိုင်ငံတော်၏ မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ သက်ဆိုင်ရာ ဌာန/အဖွဲ့အစည်းများနှင့် အတူ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းပြောကြားသည်။

    ယင်းနောက်  ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ထံမှ ပေးပို့လာသည့် သဝဏ်လွှာ Video Clip နှင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သမိုင်းမှတ်တိုင်များ Video Clip တို့ကို ပြသသည်။

    ဆက်လက်၍ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ က ၂၀၂၄  ခုနှစ်  အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါးပြိုင်ပွဲတွင်  ပထမဆုရရှိသူကို ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့်   ဂုဏ်ပြုဆုငွေ ပေးအပ်ချီးမြှင့်သည်။

    ထို့နောက်  မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ခင်သက်ဌေး၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး၏ ဇနီးနှင့် မြန်မာ နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတို့က ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါး ပြိုင်ပွဲတွင် ဒုတိယဆု၊ တတိယဆုနှင့်နှစ်သိမ့်ဆု ရရှိကြသူများကို ဂုဏ်ပြုဆုတံဆိပ်များ၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

    ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာ ဦးစီးဌာနမှ အနုပညာရှင်များက “ပန်းရောင်စုံနှင့် လှတဲ့မြေ” တေးသီချင်းနှင့်အတူ တိုင်းရင်းသားအကဖြင့် ဖျော်ဖြေ တင်ဆက်ကြသည်။

    ဆက်လက်၍ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်  ဂုဏ်ထူးဆောင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ သည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ပြီး အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထား သည့်   အမျိုးသမီးကျောင်းများနှင့် အမျိုးသမီးအသင်း အဖွဲ့များ၏  ထုတ်ကုန်ပစ္စည်းများကို လှည့်လည်ကြည့်ရှု ကြသည်။