နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ အကျိုးတော်ဆောင် ဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ၏ အစည်းအဝေးဖွင့် သာရဏီယသြဝါဒကထာ

 

နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ အကျိုးတော်ဆောင် ဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ၏ အစည်းအဝေးဖွင့် သာရဏီယသြဝါဒကထာ

 

ဆရာတော်အရှင်မြတ်တို့ဘုရား-

    ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး  သန့်ရှင်းတည်တံ့ ပြန့်ပွားရေးအတွက် ကြပ်မတ်ကွပ်ကဲ ထိန်းသိမ်း စောင့်ရှောက်ရန်   သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်ကို ဖွဲ့စည်းခဲ့ရခြင်းဖြစ်ကြောင်း ဆရာတော်အရှင်မြတ်များ အားလုံး  သဘောပေါက်ပြီး ဖြစ်ကြပါသည်ဘုရား။ ရဟန်းသံဃာတော်များသည် သာသနာတော်တွင် လုပ်ငန်းတာဝန်နှစ်ရပ်ဖြင့် သီတင်းသုံးနေထိုင်တော် မူကြသည့် အားလျော်စွာ  ဂန္ထဓုရတာဝန်ကို ဆောင်ရွက်တော်မူကြသော ပရိယတ္တိ စာသင်တိုက်ကြီးများ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်များက မိမိတို့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြခြင်း၊ ဝိပဿနာဓုရ တာဝန်ကို ဆောင်ရွက်တော်မူကြသော  ကမ္မဋ္ဌာန်းကျောင်းတိုက်များကလည်း မိမိတို့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြခြင်း၊ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် တို့ကလည်း အကြောင်းအားလျော်စွာ ဖြစ်ပေါ်လာသည့် သာသနာရေးရာ၊ ဝိနိစ္ဆယရေးရာ၊ ပညာရေးရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ မိမိတို့လုပ်ငန်းတာဝန်များကို ကျေပွန်စွာကြပ်မတ်ကွပ်ကဲ   ထိန်းသိမ်းစောင့်ရှောက်ပေးခြင်းတို့ဖြင့်   သုံးပွင့်ဆိုင် ညီညီညွတ်ညွတ်  ဓမ္မာနုဂ္ဂဟ ကုသိုလ်ထူးကို ဆောင်ရွက်တော်မူနိုင်ကြရေး အလေးပေး လျှောက်ထား အပ်ပါသည်ဘုရား။ သို့မှ သာ  ဤလောက၌  မကြည်ညိုသေးသောသူတို့ ကြည်ညိုလာကြခြင်း၊ ကြည်ညိုပြီးသော သူတို့ကလည်း ပို၍ ကြည်ညိုလာကြခြင်းဖြင့် သဗ္ဗညုဘုရားရှင်၏ သာသနာတော်ကြီးသည် ပြစ်မျိုးမထင် အညစ်အကြေး ကင်းစင်၍ သန့်ရှင်းစင်ကြယ်စွာ   ကြာရှည်အစဉ် တည်တံ့နေနိုင်မည်ဖြစ်ပါသည်ဘုရား။

ဆရာတော်အရှင်မြတ်တို့ဘုရား-

    မြတ်စွာဘုရားရှင်သည် သာသနာတော်မြတ်ကြီး အရှည်ခန့်၍ တည်တံ့နေစေရေး အတွက် လက်ဆင့်ကမ်းတာဝန် ထမ်းဆောင်တော်မူကြမည့် ပဉ္စဝဂ္ဂီငါးပါးတို့နှင့်တကွ အဂ္ဂသာဝက မဟာသာဝက စသော သာဝက တပည့်သား ရဟန်းတော်တို့ကို ရှင်ရဟန်းပြုပေးတော်မူလျက် စည်းမျဉ်းစည်းကမ်းအဖြစ် ဓမ္မဝိနယတို့ကို ဟောကြားဆုံးမကာ သံဃာ့အဖွဲ့အစည်းကြီးကို တည်ထောင်တော်မူခဲ့ပါသည်ဘုရား။ သက်တော်ထင်ရှား ဘုရားရှင်လက်ထက် တပည့်သာဝက အဆက်ဆက်မှ  ယခုမျက်မှောက်ခေတ် သာသနာ့တာဝန် ထမ်းဆောင်တော်မူကြသည့် သံဃာထုတိုင်အောင် လက်ဆင့်ကမ်း ထိန်းသိမ်းလာခဲ့ကြရာ နှစ်ပေါင်း (၂၅၆၇) နှစ်တိုင် ရောက်ရှိလာခဲ့ပြီဖြစ်ပါသည်ဘုရား။ တပည့်တော်တို့၏ တိုင်းဒေသကြီး/ပြည်နယ်အသီးသီး၊ ဂိုဏ်းအသီးသီးမှ သာသနာ့ဥသျှောင် ဆရာ့ဆရာမထေရ်ကြီးများကလည်း ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အစိုးရများ၏ သာသနာပြု ကုသိုလ်အထောက်အပံ့ကို ရယူလျက် ဂိုဏ်းပေါင်းစုံသံဃာ့ အစည်းအဝေး ကြီးများကို ကျင်းပကာ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများ၊ ဝိနည်းဓမ္မကံ အဓိကရုဏ်းများ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ သံဃနာယကလက်စွဲ၊ ဝိနိစ္ဆယလက်စွဲ

စသည်တို့ကို အတည်ပြုပြဋ္ဌာန်း တော်မူခဲ့ကြပါသည်။ ယင်းအခြေခံစည်းမျဉ်း လုပ်ထုံးလုပ်နည်းများနှင့် အညီ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်ကို ဖွဲ့စည်း၍ ထေရဝါဒဗုဒ္ဓ သာသနာတော်မြတ်ကြီး  သန့်ရှင်း တည်တံ့ပြန့်ပွားရေးဟူသော ဦးတည်ချက် သုံးရပ်ကို ချမှတ်ကာ “သံဃာ့ကိစ္စ သံဃာဆောင်ရွက် “ မူအရ သာသနာတော် ကိစ္စရပ်တို့ကို ဆောင်ရွက်လာခဲ့ကြ သည်မှာ   ပထမအကြိမ်   သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်သက်တမ်းမှ   အဋ္ဌမအကြိမ်  နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဆဋ္ဌအကြိမ်အထိရောက်ရှိခဲ့ရာ နှစ်ပေါင်း(၄၅)နှစ်တိုင်      ရှိခဲ့ပြီဖြစ်ပါသည်ဘုရား။

ဆရာတော်အရှင်မြတ်တို့ဘုရား-

    ထိုသို့ ဘုရားရှင်လက်ထက်တော်မှသည် ယနေ့ ခေတ်တိုင်အောင် အယူသီလတူမျှကြကာ စည်းမျဉ်းစည်းကမ်း တစ်ခုတည်းအတွင်းတွင် တည်ရှိခဲ့သည့် သံဃာ့အဖွဲ့အစည်းကြီးသည် သက်တမ်းရှည်ကြာ စည်းတာပြည့်၀   သိပ်သည်းကျစ်လျစ်လှသည့် အဖွဲ့အစည်းကြီး တစ်ရပ်ဖြစ်ပြီး ကမ္ဘာပေါ်ရှိ မည်သည့် အဖွဲ့အစည်းနှင့်မျှ နှိုင်းယှဉ်မရနိုင်သည့် မြင့်မြတ်လှသော အဖွဲ့အစည်းကြီးပင်ဖြစ်ပါကြောင်း လျှောက်ထားလိုပါသည်ဘုရား။ ထိုသို့သော အဖွဲ့အစည်းကြီးတွင် ပါဝင်ခွင့်ရကြသည့် တပည့်တော်တို့ သံဃာထုတစ်ရပ်လုံးသည် မိမိတို့ကျင့်သုံးထိုက်သော သီလ သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ကို ခိုင်မာသည်ထက် ခိုင်မာအောင်    မြင့်မားသည်ထက် မြင့်မားအောင် အားစိုက်ကျင့်ဆောင်သည့် အနေဖြင့်   ဓုရနှစ်ဖြာတာဝန်အသီးသီး ကျေပွန်ရင်းနှင့်  သာသနာတော်ဆိုင်ရာ ကိစ္စရပ်များ လုပ်ငန်းတာဝန်များ ကျေပွန်ရေးတို့ကို ဆောင်ရွက်တော်မူကြပါလျှင် ဘုရားရှင်၏ သာသနာတော်မြတ်ကြီး နှစ်ပေါင်း (၅၀၀၀) မက တည်တံ့နေမည်သာဖြစ်ပါသည်ဘုရား။

ဆရာတော်အရှင်မြတ်တို့ဘုရား-

    ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း၊ အခန်း(၆)လုပ်ငန်း တာဝန်များပေးအပ်ခြင်း၊ ပေးအပ်သော တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ဟူသော ခေါင်းစဉ်အောက်တွင် “သံဃာ့အဖွဲ့အစည်း တစ်ဆင့်ဆင့်၌ ပါဝင်သောဆရာတော်သည် သာသနာတော်သန့်ရှင်း တည်တံ့ပြန့်ပွား

ရေးနှင့် သံဃာစည်းလုံးညီညွတ်ရေးတို့ကို ရှေးရှု၍ မိမိအားပေးအပ်သော တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရမည်” ဟု ပြဋ္ဌာန်းထားပါသည်ဘုရား။ ထိုအခြေခံစည်းမျဉ်းအရ  သံဃာ့အဖွဲ့အစည်း လုပ်ထုံးလုပ်နည်းအခန်း(၆)၊    လုပ်ငန်းတာဝန်များ သတ်မှတ်ခြင်း အခန်းတွင် -

(က)   ရပ်ကွက်/ကျေးရွာအုပ်စု သံဃနာယကအဖွဲ့၏ လုပ်ငန်းတာဝန်များ၊

(ခ)     မြို့နယ်သံဃနာယက အဖွဲ့၏ လုပ်ငန်းတာဝန်များ၊

(ဂ)     တိုင်းဒေသကြီး/ပြည်နယ်သံဃနာယကအဖွဲ့၏ လုပ်ငန်းတာဝန်များ၊

(ဃ)   နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့၏ လုပ်ငန်းတာဝန်များ စသည့် လုပ်ငန်းတာဝန် အသီးသီးကို ပြဋ္ဌာန်းသတ်မှတ် ထားပါသည်ဘုရား။ သံဃာ့အဖွဲ့အစည်း လုပ်ထုံးလုပ်နည်း အခန်း(၆)၊ အပိုဒ်(၁၀၈)တွင်  “နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ ရဟန်း၊ သာမဏေအားလုံးကို ဂိုဏ်းပေါင်းစုံသံဃာ့ အစည်းအဝေးကြီးမှတစ်ဆင့် တာဝန်ခံရမည်” ဟုလည်းကောင်း၊ အပိုဒ်(၁၀၉)၊    အပိုဒ်ခွဲ(က)တွင် “ဂိုဏ်းပေါင်းစုံသံဃာ့ အစည်းအဝေးကြီး တစ်ခုနှင့်တစ်ခုအကြား သာသနာတော်သန့်ရှင်း တည်တံ့ပြန့်ပွားရေးနှင့် သံဃာစည်းလုံး ညီညွတ်မှုကို တာဝန်ယူဆောင်ရွက်ရမည်” ဟုလည်းကောင်း၊ အပိုဒ်ခွဲ(ဌ)တွင် “တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် အစည်းအဝေး ကျင်းပရမည်”ဟုလည်းကောင်း စသည်ဖြင့် နိုင်ငံတော် ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ပြဋ္ဌာန်းထားပါသည်ဘုရား။

ဆရာတော်အရှင်မြတ်တို့ဘုရား-

    သံဃာ့အဖွဲ့အစည်းကြီး တည်ရှိခဲ့သည့် (၄၅)နှစ်တာ ကာလအတွင်း   သာသနာရေးရာ၊ ဝိနိစ္ဆယရေးရာ၊ ပညာရေးရာကိစ္စတို့ကို တစိုက်မတ်မတ် ဆောင်ရွက်နိုင်ခဲ့သည့် အတွက်လည်း ဂုဏ်ယူဝမ်းမြောက်ဖွယ် ဖြစ်ပါသည်ဘုရား။  သံဃာ့အဖွဲ့အစည်း အဆင့်ဆင့် ဖွဲ့စည်းဆောင်ရွက်မှု မပြုနိုင်ခဲ့ပါက ဤနှစ်များအတွင်း တပည့်တော်တို့သာသနာတော်ကြီးသည် ဝိတဏ္ဍဘေး ရောထွေးပွေရှုပ်    များစွာဆုတ်ယုတ်ပျက်စီးသွားနိုင်သည်ကို ဆင်ခြင်တွေးဆနိုင်ပါသည် ဘုရား။ သို့ဖြစ်၍ သာသနာတော်အရေး ကြောင်းကျိုးခြင်းရာများကို စဉ်းစားဆင်ခြင်ကြည့်ပါက တပည့်တော်တို့ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်  ဖွဲ့စည်းဆောင်ရွက်ရခြင်း၏ သာသနာတော်အတွက်  အကျိုးကျေးဇူးများပုံကို ပြတ်ပြတ်ထင်ထင် သိမြင်နိုင်ပါသည်ဘုရား။    ဤသံဃာ့အဖွဲ့အစည်း အဆင့်ဆင့် မယိုင်လဲမပြိုကွဲအောင် ထိန်းသိမ်းပြုပြင် ကာကွယ်သွားရမည့် တာဝန်သည် မိမိတို့ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် အဖွဲ့ကြီး၏အဓိက တာဝန်ကြီးဖြစ်ပါပေသည်ဟု နှလုံးသွင်းတော် မူကြလျက် ဤသံဃာ့ အဖွဲ့အစည်းကြီး ခိုင်မာတည်တံ့လျက် တိုင်းဒေသကြီး/ပြည်နယ် အသီးသီး၊ ဂိုဏ်းအသီးသီးရှိ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် ဆရာတော်တို့က  နိုင်ငံတစ်ဝန်းရှိ  ရဟန်းရှင်လူပြည်သူအပေါင်းတို့၏ သာသနာတော်အတွက် ယုံကြည်ကိုးစားအားထားရမည့် အဖွဲ့အစည်းကြီးဖြစ်အောင် ထက်သန်သောသဒ္ဓါ ဆန္ဒ ဝီရိယတို့ဖြင့် ကြိုးပမ်း ဆောင်ရွက်တော်မူကြပါရန်    လေးလေးနက်နက် တိုက်တွန်းလျှောက်ထား အပ်ပါသည်ဘုရား။

ဆရာတော်အရှင်မြတ်တို့ဘုရား-

    သံဃာ့အဖွဲ့အစည်း လုပ်ထုံးလုပ်နည်းပါ ပြဋ္ဌာန်း ချက်များအတိုင်း နောက်ဆုံး ကျင်းပနိုင်ခဲ့သည့် ပဉ္စမအကြိမ်  ဂိုဏ်းပေါင်းစုံသံဃာ့ အစည်းအဝေးကြီး နောက်ပိုင်း ဆဋ္ဌအကြိမ် ဂိုဏ်းပေါင်းစုံသံ ဃာ့အစည်းအဝေးကြီး မကျင်းပနိုင်မီကာလအတွင်း သာသနာတော်သန့်ရှင်း တည်တံ့ပြန့်ပွားရေး တာဝန်၊  ဂိုဏ်းပေါင်းစုံ သံဃာစည်းလုံးညီညွတ်ရေး တာဝန်များသည် တပည့်တော်တို့ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်အဖွဲ့ကြီး၏ တာဝန်ဖြစ်သည်ဟု သာသနာတော်မြတ်ကြီး၏တာဝန်ကို ထမ်းဆောင်တော်မူရသည့် မိမိတို့၏တာဝန်ကြီးကို ဆင်ခြင်စဉ်းစား ပီတိပွားကာ သောမနဿသဟဂတ ဉာဏသမ္ပယုတ္တ မဟာကုသိုလ်စိတ္တုပ္ပါဒဖြင့် တာဝန်ကျေပွန်အောင် ဆတက်ထမ်းပိုးတိုး၍ တိုး၍ အားကြိုးမာန်တက်ဆောင်ရွက်တော်မူကြပါရန် တိုက်တွန်းလျှောက်ထားပါသည်  နိုင်ငံတော် ဗဟိုသံဃာ့ ဝန်ဆောင်အရှင်မြတ်တို့ဘုရား။