အောင် ရဲ့ အောင်
ယမန်နေ့မှအဆက်
ဆိုင်အပြင် တံစက်မြိတ်အလွန် စားပွဲနေရာတွင် ရှပ်အင်္ကျီတွေ ချွတ်လျက် စွပ်ကျယ်လက်ပြတ်တွေနဲ့ သဲသဲမဲမဲ စစ်တုရင်ထိုးနေသော၊ တခြား ဘယ်သူ့ကိုမှလည်း ဂရုတစိုက်ကြည့်ဖော်မရသော ကျောင်းသားတစ်စုပင် အောင်တို့လူသိုက်အား လှမ်းကြည့်လိုက်ကြသည်။
အုတ်ထရံနှင့်ကပ်လျက် စားပွဲတန်းအရှေ့ဘက်တွင် ထိုင်နေသော အတွဲတစ်တွဲသည် စောစောက လောကတစ်ခွင်လုံး မေ့နေဟန်တူသော်လည်း ကောင်မလေး၏လက်ကို ကိုင်ထားသောသူ၏ လက်သည် လန့်ဖျပ်လျက် ကပျာကယာ လွှတ်လိုက်သည်။
သို့တိုင်အောင်လည်း သူတို့လူစုသည် ရပ်တန်းကမရပ်ကြ။ ဒေဝက ဆက်၍ ကြော်ငြာပိုစတာတစ်ခုကို ပါးစပ်အပြောနှင့် ချိတ်ဆွဲပြန်သည်။
ဆရာဗလ(A to Z ဘွဲ့ရ)
ဒီ ၆ လုံး ကျူရှင်
ဒီ မှန်းသူတိုင်း မုချ ဖလက်ပြစေရမည်။
မကျလျင် ပိုက်ဆံဆယ်ဆပြန်အမ်းမည်။ (ဘုရားစူး)
“ချောစု အောင့်ပါးစပ်ကို လက်ကိုင်ပဝါနှင့် ဆို့ထားလိုက်”
ဗလက အမိန့်ပေးလိုက်သဖြင့် အောင့် ရယ်သံက တိုးသွားသည်။
“ရယ်စမ်းပါစေဗျာ၊ ရယ်တာအပြစ်မရှိပါဘူး” ဟု ကိုလတ်က လူမိုက် အားပေးလုပ်သည်။ အောင့်ကို သိတာ မကြာသေးသော ကိုအောင်က အောင့်ကို ထူးဆန်းသလို စိုက်ငေးနေသည်။
ထို့နောက် သူတို့လူသိုက် ဘဲသားမုန့်တွေ၊ သစ်သီးကိတ်မုန့်တွေကို နံနက်စာထမင်းလွတ် အဝစားပစ်ကြ၏။ ထိုနေ့က ကိုလတ်က မှတ်မှတ်ရရ ပိုက်ဆံထရှင်းလိုက်သည်မှာ ငွေ သုံးဆယ်ကျပ်နီးပါးခန့် ကျသွားသည်။
“လူခြောက်ယောက်စားတာ ငွေသုံးဆယ်ကျသတဲ့။ ကြားဖူးကြလား” ဟု ချောစုကမေးသည်။ “ကြားဖူးတယ်ဟေ့”ဟု ဗလကပြန်အော်သည်။
“ကိုလတ်က သူဌေးပါလား”
အောင်က အံ့သြနေသည်။
“သူဌေးတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ပိုက်ဆံဆိုတာ အဲလိုတစ်ခါ တလေ သုံးပေးရတယ်”
ကိုလတ်က သူ့အဖြေနှင့်သူ အံ့ကျ။
ဒေဝ၏မျက်နှာကတော့ ရှုံ့မဲ့နေသည်။
“နောက်ရက်တွေကျတော့လည်း ပိုက်ဆံမရှိတော့ ထမင်းနှစ်နပ်ကို တစ်နပ်တည်း ပေါင်းစားကြတာပေါ့ကွာ၊ စောစောက ငါတွေ့လိုက်ရတာတော့ ဒီကောင့်အိတ်ထဲ အဲဒီငွေ သုံးဆယ်ပဲ၊ ဒီကောင်တွေနဲ့ပေါင်းမှ ငါလည်းအကျင့်ပါနေပြီ၊ တစ်ခါတလေ ရေချည်းထထသောက်ရတဲ့ နေ့တွေတောင်ရှိသေး”
ဒေဝက ကိုလတ်နှင့်ကိုအောင်တို့ဘက် မေးထိုးပြရင်း ပြောလိုက် လေသည်။ ဆိုင်တွင် စုစားကြသောအခါ ရှားရှားပါးပါး ပါလာတတ်သော အောင်နှင့် ချောစုတိ့ုကို မိန်းကလေးတွေအနေနှင့် ကိုလတ်ရော၊
ကိုအောင်ရော ဘယ်တော့မှ ပိုက်ဆံထုတ်ခွင့်မပေး။
ကိုလတ်များ တစ်ခါတုန်းက ဟောက်ပစ်တာ လန့်ပြီးတောင်တုန်သွား တယ်။ အောင်က မျက်နှာငယ်လေးနှင့် ပြောဖူးသေးသည်။
ဒေဝနှင့် ဗလတို့အခြေအနေကတော့ ငါးပြားစေ့ တစ်စေ့တောင် မရှိသည့်အခါတွေသာ များသည်။ ဘတ်စကားစီးတိုင်း လက်မှတ်မစုတ်ဘဲ ခပ်တည်တည်စီးလျှင်စီး သည်လိုစီးလို့မှမရလျှင် မှတ်တိုင်တွေမှာ ဆင်းလိုက်၊ ပြန်တက်လိုက်နှင့် လိုရာခရီးကို ရောက်စေသည်။ ဆိုးလိုက် တဲ့အဖြစ်နှယ်။ ချောစုက ညည်းသည်။
“လူတွေအဖြစ်ဆိုးတာ နင် ခုမှသိသလား”
ဒေဝက မိန်းမလို ရန်ထောင်လိုက်ပြီးနောက် လေ့ကျင့်ခန်းစာရွက် လွတ်တစ်ခုပေါ် မကျေမနပ်နှင့် တောင်ခြစ်မြောက်ခြစ်ရေးနေသည်။
ပစ္စက္ခဝေဒနာ။
အောင်က ချက်ချင်းပင်ခေါင်းစဉ်တပ်ပေးလိုက်လေသည်။ ကိုလတ် သည် အောင်ရဲ့ အရောင်လက်နေသော မျက်လုံးတောက်တောက်လေး များကို လှမ်း၍ ကြည့်လိုက်မိသည်။
သူတို့နှစ်ယောာက် အကြည့်ချင်းလမ်းခုလတ်တွင် ခလုတ်တိုက်မိကြ ပြီး မျက်လွှာကို ကပျာကယာချလိုက်သော အောင့်ရင်ထဲမှ ဝိညာဉ်၏ အရောင်အသွေးကို စစ်ဆေးနေမိသည်။
“ပစ္စက္ခဝေဒနာ”တဲ့လား။
ပိုက်ဆံတစ်ပြားမှ မရှိ
နတ္ထိဥစ္စာ ဗလာမျက်နှာမွဲနှင့်
ဆင်းရဲတဲ့ ဝေဒနာဟာ
လူတွေမှာကပ်ရောက်နေတဲ့ ရောဂါဆိုးလေ။
ငွေ...ငွေဆိုတဲ့အရာနဲ့
ဖန်တီးတဲ့ ချမ်းမြေ့ပျော်ရွှင်စရာ
အရာဝတ္ထုတွေအားလုံး
လိပ်ခုံးကား ထည်ထည်ဝါဝါ
ကော်ရိုလာ၊ မာစီးဒီး
ရှုမငြီးတဲ့ ရေခဲသေတ္တာ
ရီကော်ဒါ ကက်ဆက်၊ ပင်နယ်ဆိုးနစ်နဲ့
ဖိလစ်ပိုင်လုပ် သုံးရာတန်ခုံဖိနပ်
ရာကျော်တန် ဟောလစ်ဘူးတွေဟာ
တို့လူတွေ အများစုအတွက်ကတော့
သက်သက်မဲ့လှောင်ပြောင်နေတဲ့
အရာတွေသာဖြစ်တယ်။
ဆက်လက်ဖော်ပြပါမည်။