ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အားကစားကွင်း၊ အားကစားရုံများနှင့် အားကစားလေ့ကျင့်ရေး စခန်းများအား ဒုတိယဝန်ကြီး ဦးထိန်လင်း ကြည့်ရှုစစ်ဆေး

 

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အားကစားကွင်း၊ အားကစားရုံများနှင့် အားကစားလေ့ကျင့်ရေး စခန်းများအား ဒုတိယဝန်ကြီး ဦးထိန်လင်း ကြည့်ရှုစစ်ဆေး

 

ရန်ကုန်  မတ်  ၈

    အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် တာဝန်ရှိ သူများနှင့်အတူ    ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး  အင်းယားလမ်းရှိ မြန်မာနိုင်ငံလှေလှော် အဖွဲ့ချုပ်သို့ ရောက်ရှိပြီး မြန်မာနိုင်ငံလှေလှော် အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တာဝန်ရှိသူများ၊ အားကစားသမားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။

 တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက နိုင်ငံတော်မှ   အားကစားကို   အထူးအားပေးနေသည့် အချိန်အခါကောင်း ဖြစ်သည့်အတွက် အားကစားသမားများ အနေဖြင့်   နိုင်ငံ့ဂုဏ်ဆောင်နိုင်သည်အထိ ကြိုးစားလေ့ကျင့်ကြစေလိုကြောင်း၊ ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ အဖွဲ့ချုပ်များအနေဖြင့် လိုအပ်သည်များကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး အားကစားသမားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဒဂုံမြို့နယ် ဦးဝိစာရလမ်းရှိ အမျိုးသားရေကူး ကန်သို့  သွားရောက်ကြည့်ရှု စစ်ဆေးပြီး မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ စားပွဲတင်တင်းနစ် အဖွဲ့ချုပ်တို့၌ နွေရာသီ သင်တန်းများ   ဖွင့်လှစ်လေ့ကျင့်နေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် လမ်းမတော်မြို့နယ်   အမျိုးသားကြက်တောင် အားကစားရုံသို့ ရောက်ရှိပြီး မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ စခန်းသွင်း လေ့ကျင့်နေမှုများ၊ လူရွေးချယ်ရေး ကိစ္စရပ်များ၊ နိုင်ငံတကာ ပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်မည့် ကိစ္စရပ်များကိုဆွေးနွေး၍ အားကစားသမားများ လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးသည်။

ဆက်လက်၍  ဒုတိယဝန်ကြီးသည် မင်္ဂလာတောင်ညွန့်မြို့နယ် အောင်ဆန်း အားကစားပြိုင်ဝင်းသို့ ရောက်ရှိပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ အားကစားနည်းအလိုက် တိုးတက်ပြန့်ပွားရေးနှင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေး ကိစ္စရပ်များကိုဆွေးနွေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ကျိုက္ကဆံဝင်းအတွင်းရှိ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်)သို့ရောက်ရှိပြီး ရေကူးကန်၊ GYMခန်းနှင့် ကရာတေး လေ့ကျင့်ရေးရုံတို့ကို ကြည့်ရှုစစ်ဆေးကာ အားကစားနည်းအလိုက် GYM ခန်းအသုံးပြုမှု အခြေအနေနှင့် ပြုပြင်ထိန်းသိမ်းမှုများကို စနစ်တကျ ဆောင်ရွက်ရန် မှာကြားသည်။

ယင်းနောက် သိပ္ပံဝင်းအတွင်း လှည့်လည်ကြည့်ရှုပြီး ပြည်ထောင်စုခန်းမ၌ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လိုအပ်သည် များမှာကြားသည်။ 

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည်  အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) အမျိုးသား၊ အမျိုးသမီး အိပ်ဆောင်အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး   နည်းပြ၊  နည်းစနစ်မှူးများနှင့် Grade-12စာမေးပွဲ ဖြေဆိုမည့် သင်တန်းသား၊ သင်တန်းသူများကို အားပေးစကား ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သင်္ဃန်းကျွန်းမြို့နယ်ရှိ     အမျိုးသား အားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏသို့ ရောက်ရှိပြီး အားကစားကွင်း၊ အားကစားရုံ ဌာနခွဲမှ အရာထမ်း၊ အမှုထမ်းများနှင့် လည်းကောင်း၊ မြန်မာနိုင်ငံ  ခရစ်ကက်အဖွဲ့ချုပ်မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊   အတွင်းရေးမှူးတို့နှင့် လည်းကောင်း တွေ့ဆုံပြီး လုပ်ငန်း အခက်အခဲများကို ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။