တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံး ပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံး ပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်   မတ်  ၈

   တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ်လ ၆ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏  စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၌ အခြားသစ် (၁၀ ဒသမ ၇၈၅)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉၁၉၆၃)ကို သစ်တောဥပဒေအရ လည်းကောင်း၊ ဖျာပုံမြို့၊ အမှတ်(၃)ရပ်ကွက်၊ ဘိုကလေးလမ်းနှင့် ရတနာလမ်းထောင့်၌ လိုင်စင်မဲ့ Toyota Succeed  မော်တော်ယာဉ်(၁)စီးနှင့် ဟင်္သာတမြို့နယ်၊   ဇီးကုန်းကျေးရွာ၌  လိုင်စင်မဲ့ Toyota   Succeed   မော်တော်ယာဉ် (၁)စီး၊  စုစုပေါင်း  မော်တော်ယာဉ်(၂)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၃၉၁၉၆၃)ကို ဖမ်းဆီးအရေးယူ  ဆောင်ရွက်လျက် ရှိသည်။

ထို့အတူ မတ်လ ၆ ရက်တွင် အကောက်ခွန် ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မြန်မာ့စက်မှု ဆိပ်ကမ်း၌ ကုန်သေတ္တာ (၅)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် တရုတ်စာတန်းပါ Chemical  အရည် (၈၀)ပုံး၊ DILONG Electrical Control Panel Board (၁)ခုနှင့် သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာ ပါရှိလာသည့် Jinko Solar Panel (၂၄၈၀)ခု စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၇၃၇၇၇၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မတ်လ ၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး  တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏    စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရွာသာကြီး Dry Port ၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် အမျိုးသမီးဝတ် အဝတ်အထည်(၂၈၅၀)ထည် အပါအဝင် ကုန်ပစ္စည်း (၇)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၁၀၀၀၀၀)နှင့်   Volvo Tractor Head (၁)စီးနှင့် နောက်တွဲယာဉ်(၁)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၆၁၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မတ်လ ၇ ရက်တွင် မန္တလေးတိုင်းဒေသကြီး  တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ (၁၆)မိုင် ကျောက်ချောစစ်ဆေးရေး စခန်း၌ မော်တော်ယာဉ်(၂)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် Benzyl Cyanide ဟု ယူဆရသော အက်စစ်အရည် လီတာ (၇၂၀၀)၊ Dichloromethane ဟု ယူဆရသော အက်စစ်အရည် လီတာ (၇၂၀)၊ (ခန့်မှန်း တန်ဖိုးငွေကျပ် ၇၇၀၄၀၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့်  Dong Feng Truck (၂)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၇၀၄၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်၍ မတ်လ ၆ ရက်နှင့် ၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၃)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၂၇၃၀၁၉၆၃) ဖြစ်ကြောင်း   တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။