တက္ကသိုလ်ဝင်စာမေးပွဲကြီး ထူးချွန်စွာဖြေဆိုနိုင်ဖို့ဆိုလျှင်

 

တက္ကသိုလ်ဝင်စာမေးပွဲကြီး ထူးချွန်စွာဖြေဆိုနိုင်ဖို့ဆိုလျှင်

မတ်လ ၁၁ ရက်နေ့တွင် တက္ကသိုလ်ဝင်စာမေးပွဲကြီးစတင်ဖြေဆိုတော့မည်ဖြစ်သည်။ တက္ကသိုလ်ဝင်တန်းတွင် ပညာသင်ယူနေသော  သားငယ်၊  သမီးငယ်အားလုံးအဆင်သင့်ဖြစ်နေပြီဟုယုံကြည်မိပါသည်။  မိမိကိုယ်ကိုလည်း ယုံကြည်မှုအပြည့်အဝ ရှိနေပြီဟု ထင်ပါသည်။ မိဘများကလည်း သားတို့ သမီးတို့ကို လိုအပ်သည်များ အစွမ်းကုန်ဖြည့်ဆည်း ပေးထားကြမည်ဖြစ်သည်။ ယခုအချိန်သည် သားငယ်၊ သမီးငယ်တို့သည် ရှင်ပြုနားသပြုလုပ်တော့မည့်မောင်ရှင်လောင်းများ၊ နားထွင်းသမီးလောင်းများဖြစ်နေသဖြင့် အစားအသောက်အနေအထိုင်အပြင် ရေချိုးရာတွင်လည်း အထူးဂရုစိုက်ရမည့်ကာလပင်ဖြစ်သည်။

ကျန်းမာရေးသည်သာအခရာ

စင်စစ်အားဖြင့် လက်ရှိအချိန်သည်   သားငယ်၊ သမီးငယ်များအတွက် အရေးကြီးဆုံးအချက်သည် ကျန်းမာရေး ဒေါင်ဒေါင်မြည်နေရန်ပင်ဖြစ်သည်။ နှာစေး၊ ချောင်းဆိုးဖြစ်၍ပင်မရပေ။ သားတို့သမီးတို့အနေဖြင့် စာကိုမည်မျှပင် ပိုင်နိုင်နေစေကာမူ  စာမေးပွဲကာလတွင် ကျန်းမာရေးတစ်ခုခု ချို့ယွင်းနေမည်ဆိုလျှင် ထင်သလောက် ဖြေဆိုနိုင်မည် မဟုတ်ချေ။ ထို့ကြောင့် ကျန်းမာရေးနှင့်ညီညွတ်စွာ နေထိုင်စားသောက်ဖို့ လိုအပ်ပါသည်။ ဝမ်းနူးစာများ၊ လက်လုပ်အချဉ်များ၊ အသုပ်များ၊ အကင်များကို ရှောင်ကြဉ်သင့်သည်။

အချိန်မှန်အိပ်၊ အချိန်မှန်စားဖို့လိုသည်။ ရေချိုးရာတွင်လည်းဆင်ခြင်ရန်လိုသည်။ နွေးနွေးထွေးထွေး လုံလုံခြုံခြုံနေရန် လိုအပ်သည်။

သင်ခန်းစာအားလုံးကျေညက်နေသောသားငယ်၊ သမီးငယ်များအနေဖြင့် ကျန်းမာရေးကိုသာ အထူးဂရုစိုက်ဖို့ လိုပါသည်။ စာမေးပွဲကြီးဖြေဆိုခါနီးအချိန်တွင် ကျန်းမာရေး ချူချာနေမည်ဆိုလျှင် ထင်ထားသလောက် အမှတ်ကောင်းကောင်းရနိုင်မည် မဟုတ်ချေ။ စာမေးပွဲနီးမှ ညဉ့်နက်သန်းခေါင်စာကျက်နေမည် ဆိုလျှင် အားအင်ချည့်နဲ့ပြီး ကျန်းမာရေးချူချာလာမည်ဖြစ်သည်။ တချို့သောသားငယ်၊ သမီးငယ်များသည် စာမေးပွဲကာလတွင် မိုးလင်းသည်အထိစာကြည့်ကြပြီး ကျောင်းမသွားမီ ရေချိုးလိုက်သည့်အခါ တစ်ညလုံး ကျက်မှတ်ထားသော စာအားလုံးမေ့ပျောက်သွားကြသည်။ များစွာနစ်နာလှပါသည်။ အထူးသဖြင့်စာမေးပွဲ ကာလတွင်အိပ်ရေးဝအောင်အိပ်သင့်သည်။ သို့မှသာလျှင် စာမေးပွဲခန်းထဲ၌ စိတ်ရွှင်လန်းနေပြီး ကျက်မှတ်ထားသည့်    စာများအားလုံးကိုမှတ်မိနေမည်ဖြစ်သည်။

စနစ်တကျကြိုတင်ပြင်ဆင်ထားရန်လို

သားငယ်၊ သမီးငယ်များအနေဖြင့် စာမေးပွဲအတွက် လိုအပ်သည့် ဘောပင်၊ ခဲတံ၊ ခဲဖျက်၊ ပေတံ၊ ကွန်ပါဘူးများကို စနစ်တကျကြိုတင်ပြင်ဆင် ထားသင့်ပေသည်။

စာမေးပွဲဖြေဆိုရာတွင် ဘောပင်အသစ်ဖြင့် ဖြေဆိုမည်ဆိုလျှင် မင်လိုက်မကောင်းသဖြင့်  ရေးသားရာတွင် စိတ်အနှောင့်အယှက်ဖြစ်ရသည်။ ဖြစ်သင့်သည်မှာ ဘောပင်၊ ခဲတံများကို ကြိုတင်၍အစမ်းရေးထားသင့်သည်။ မင်လိုက်ကောင်းသော ဘောပင်အမျိုးအစားကိုဝယ်ထားသင့်သည်။ သာဓကအနေဖြင့် စာရေးသူတို့ ခေတ်ကဆိုလျှင် Reynolds 045 ဘောပင်သည်မင်လုံးတုတ်ပြီးရေးလို့ကောင်းပါသည်။ မင်စိုဘောပင်များဖြင့် မဖြေသင့်ပေ။  မင်များပျံ့သွားပြီး အဖြေလွှာများကို ညစ်ပတ်စေနိုင်သည်။ ခဲသားချောသည့် ခဲတံသည် ပုံဆွဲရာတွင် အဆင်ပြေစေသည်။ တချို့သောခဲတံများသည် အရောင်မှိန်သဖြင့် ရုပ်ပုံနှင့်မျဉ်းကြောင်းများ မှေးမှိန်နေတတ်ပေသည်။ ထို့အတူ တချို့သော ခဲဖျက်များသည် ပျက်မသွားဘဲ အဖြေလွှာများတွင် မည်းညစ်ကျန်တတ်သဖြင့် အရည်အသွေးကောင်းမွန်သော ခဲဖျက်များကို ဝယ်ထားသင့်သည်။ ထောက်စူးများကိုလည်း ခဲတံတပ်၍စက်ဝိုင်းပုံများ စမ်း၍ဆွဲထားသင့်သည်။ တတ်နိုင်ပါက စာမေးပွဲအတွက် လိုအပ်သော အထောက်အကူပစ္စည်းအားလုံးကို  အသစ်ဝယ်ပြီး စမ်းသပ်၍သုံးကြည့်ထားသင့်သည်။

ဘာသာတရားကိုင်းရှိုင်းရန်လို

စာမေးပွဲဖြေဆိုမည့် သားငယ်၊ သမီးငယ်များအနေဖြင့် မည်သည့်ဘာသာကို ကိုးကွယ်သည်ဖြစ်စေ သက်ဆိုင်ရာဘာသာကို မမေ့သင့်ပေ။ ဗုဒ္ဓဘာသာဝင်လူငယ်များအနေဖြင့်လည်း ရတနာသုံးပါးနှင့် အနန္တော အနန္တငါးပါး၏ ဂုဏ်ကျေးဇူးကိုမမေ့သင့်ပေ။ စာမေးပွဲဖြေဆိုမည့်နေ့တွင် ကျောင်းသို့မသွားမီ မြတ်စွာဘုရား ရှေ့မှောက်တွင် ငါးပါးသီလခံယူ၊ ဆွမ်း၊ ရေချမ်း၊ ဆီမီးကပ်လှူခြင်း၊ မိဘများအားကန်တော့ခြင်း၊ သတ္တဝါ များအားမေတ္တာပို့ခြင်းများ ဆောင်ရွက်သွားသင့်ပေသည်။

ပြန်လည်စဉ်းစားလေ့ကျင့်ရန်လို

အမှန်စင်စစ်မှာမူ   စာကြိုးစားသောသားငယ်၊ သမီးငယ်များသည်    သင်ခန်းစာအားလုံးရပြီး နေလောက်ပြီ ဖြစ်သည်။ ဘာသာရပ်အလိုက်ခေါင်းစဉ်များကို ပြန်လည်စဉ်းစားရမည့် အချိန်ပင်ဖြစ်သည်။

ဘာသာရပ်အလိုက်အရေးကြီးသည့်အချက်အလက်များကို ပြန်လည်ဖတ်ခြင်း၊ စဉ်းစားခြင်း၊ လေ့ကျင့်ခြင်းတို့ ဆောင်ရွက်နေရန်သာရှိသည်။ ဦးနှောက်ကြည်လင် လန်းဆန်းနေအောင် ပေါ့ပေါ့ပါးပါးနေရမည် ဖြစ်သည်။

ခဏတစ်ဖြုတ် တီဗွီကြည့်ခြင်း၊ သီချင်းဆိုခြင်း၊ ဂိမ်းဆော့ခြင်း၊ လမ်းလျှောက်ထွက်ခြင်းတို့ လုပ်ပေးရမည် ဖြစ်သည်။ အားမရသည့် ဘာသာရပ်ကို ပြန်လည်နွှေးရမည့်အချိန် ဖြစ်သည်။

စာမေးပွဲနီးလာသည့်အချိန်တွင်   သင်ခန်းစာအသစ်များကို ကျက်မှတ်သည်ထက် ကျက်မှတ်ပြီးသား သင်ခန်းစာများကိုသာ    ပြန်လည်နွှေးသင့်သည်။  စာမရသဖြင့်  မအိပ်ချင်အောင်လက်ဖက်သုပ်များ စားပြီး ကော်ဖီနှင့် လက်ဖက်ရည်များကို အလွန်အကျွံသောက်နေမည်ဆိုလျှင်  မျက်စိကြောင်နေရုံမှအပ ခေါင်းထဲသို့ရောက်မည်မဟုတ်ချေ။  စင်စစ်အားဖြင့် မအိပ်မနေဘဲ အလွန်အကျွံ ကျက်မှတ်နေမည် ဆိုလျှင် ခန္ဓာကိုယ်ကြီးသည်  စိတ်အလိုမလိုက်နိုင်တော့ဘဲ ဗုန်းဗုန်းလဲကျသွားနိုင်သည်။ ထိုသို့ကျန်းမာရေး ချို့ယွင်းလာလျှင်   အတန်းတင်စာမေးပွဲကြီးနှင့် လွဲချော်သွားနိုင်သည်။ ထို့ကြောင့် မည်သည့်အရာတွင် မဆို  အလွန်အကျွံမဖြစ်အောင်  ဆင်ဆင်ခြင်ခြင် လုပ်ဖို့လိုသည်။

ကျောင်းသို့ကြိုတင်သွားရန်လို

စာမေးပွဲမဖြေဆိုမီ ကျောင်းသို့အနည်းဆုံး မိနစ်သုံးဆယ်ခန့် ကြိုတင်ရောက်သင့်သည်။ စာမေးပွဲဖြေဆိုခွင့်ကတ် မမေ့ဖို့ရန်အထူးသတိထားရန်လိုအပ်သည်။ ကျောင်းဝတ်စုံကိုလည်း သပ်သပ်ရပ်ရပ်ဝတ်ဆင်သွားသင့်သည်။ တစ်ကိုယ်လုံး ရွှင်လန်းတက်ကြွနေမှသာလျှင် မိမိကိုယ်ကိုယုံကြည်မှု ရှိနေမည်ဖြစ်သည်။ ကျောင်းသို့ရောက်လျှင် ကျောင်းစောင့်နတ်များ၊ စာမေးပွဲခန်းစောင့်ဆရာ၊ဆရာမများကို မေတ္တာပို့သင့်ပါသည်။ စာမေးပွဲ ခန်းဝင်ရန် ခေါင်းလောင်းတီးသည်နှင့် လိုအပ်သည့် ဘောပင်၊ ခဲတံ၊ ပေတံ၊ ခဲဖျက်၊ ကွန်ပါဘူးများကို တစ်ပါတည်းယူသွားသင့်သည်။

စနစ်တကျဖြေဆိုသင့်

စာမေးပွဲခန်းကြီးကြပ်သူများက စည်းကမ်းချက်များ ဖတ်ပြလျှင်သေချာဂရုစိုက်  နားထောင်သင့်သည်။

သက်ဆိုင်ရာဘာသာရပ်အလိုက် မေးခွန်းလွှာဝေလျှင် အစ၊ အဆုံးသေချာစွာဖတ်သင့်သည်။ မေးခွန်းတွင် စာများပျက်နေလျှင်၊ နံပါတ်ကျော်နေလျှင်၊ မစုံလျှင်၊ မေးခွန်းတွင်တစ်ခုခု လွဲချော်နေလျှင် အခန်းစောင့် ဆရာ၊ ဆရာမများကို ချက်ချင်းသတင်းပို့သင့်သည်။

အဖြေလွှာတွင်မိမိ၏ခုံနံပါတ်ကို ပီသစွာရေးရန်လိုအပ်သည်။ စာမေးပွဲအခန်းစောင့်များက ဖြေဆိုလို့ရပြီ ဆိုသည်နှင့် မေးခွန်းကိုသေချာ နားလည်စွာဖတ်ပြီး နံပါတ်တပ်ဖြေဆိုရမည် ဖြစ်သည်။ တစ်ပုဒ်ပြီးတိုင်း မျဉ်းကို သေချာစွာပိတ်ရမည်။ မေးခွန်းတစ်ခုချင်းစီအလိုက်ပေးထားသောအမှတ်နှင့်လျော်ညီစွာ ဖြေဆိုသင့်ပေသည်။ ဆိုလိုသည်မှာ ၁၀ မှတ်တန်မေးခွန်ကို ၅ မှတ်ဖိုးလောက်သာ   ဖြေဆိုထားမည်ဆိုလျှင် အမှတ်ပြည့်ရနိုင်မည် မဟုတ်ချေ။ စနစ်သစ်မေးခွန်းပုံစံသည် အတွေးအခေါ်ပိုင်းကို ဦးစားပေးထားသဖြင့် အဆိုနှင့်အချေများ ဖြေဆိုရာတွင် သေချာစဉ်းစားဖြေဆိုသွားသင့်ပေသည်။

ထပ်တောင်းသည့် အဖြေလွှာများကို မိမိခုံနံပါတ်ရေးဖို့ရန်လိုအပ်သည်။ မေးခွန်းအားလုံးဖြေဆိုပြီးချိန်တွင် နံပါတ်များ အားလုံးရေးထားခြင်း  ရှိ၊ မရှိ နှင့် စာလုံးပေါင်းများ မှန်၊ မမှန် တို့ကိုပြန်လည်စစ်ဆေး သင့်ပေသည်။ ထိုသို့မစစ်ဆေးလျှင် အမှတ်ပြည့်ရနိုင်မည်မဟုတ်ချေ။ အခန်းပြင်ရောက်ပြီးမှ မိမိအဖြေလွှာကို ပြန်ကြည့်ခွင့် ရတော့မည်မဟုတ်သဖြင့်  သတ်မှတ်အချိန်ပြည့်မှသာ စာမေးပွဲခန်းထဲမှ ထွက်သင့်သည်။

ခေါင်းထဲမှထုတ်ထားရန်လို

သားငယ်၊ သမီးငယ်များအနေဖြင့် မြန်မာစာဖြေဆိုသည့်နေ့မှစ၍ ဖြေဆိုပြီးသည့် ဘာသာရပ်တိုင်းကို ခေါင်းထဲမှထုတ်ထားရန်လိုသည်။ မိမိအတတ်နိုင်ဆုံး၊ အကောင်းဆုံးဖြေဆိုပြီးပြီဟု ဆုံးဖြတ်ထားရမည်။

တချို့သော သားငယ်၊ သမီးငယ်များသည် ဖြေဆိုပြီး ဘာသာရပ်များအပေါ် အားမလိုအားမရဖြစ်နေတတ်သည်။ ထိုသို့ဖြစ်နေမည်ဆိုလျှင် စိတ်အနှောင့်အယှက်ဖြစ်နေသဖြင့် နောက်ဘာသာရပ်များဖြေဆိုရာတွင် အမှတ်ပြည့်ရတော့မည် မဟုတ်ချေ။ ဦးနှောက်ထဲတွင် နေ့စဉ်ဖြေဆိုရမည့် ဘာသာရပ်တစ်ခုချင်းစီကိုသာ ထည့်ထားရမည်ဖြစ်သည်။

ဆုံးဖြတ်ချက်မှန်ရန်လို

တချို့သောကျောင်းသား၊ ကျောင်းသူများသည် ဘာသာရပ်အားလုံးကို   ကောင်းမွန်စွာဖြေဆိုနိုင်ကြသည်။  တချို့မှာမူ  အားမရသည့်ဘာသာများရှိကောင်းရှိနိုင်ပါသည်။ ထိုကလေးများသည် ဆုံးဖြတ်ချက်   မမှားဖို့လိုသည်။ တချို့ကလေးများသည် ဘာသာရပ်အားလုံးတွင် ဂုဏ်ထူးမှတ်မရနိုင်သဖြင့် နောက်ဆုံးနေ့တွင်   အဖြေလွှာကိုခြစ်ခဲ့ကြသည်။ မှားယွင်းသောလုပ်ရပ်ပင်ဖြစ်သည်။   လက်ရှိအချိန်ထက်ကောင်းသော   အချိန်မရှိပေ။ နောက်တစ်နှစ်ဆိုသော အချိန်သည်မသေချာ၊ မရေရာပေ။ ထို့ကြောင့်အဖြေလွှာကိုခြစ်ပစ်သည့် လုပ်ရပ်မျိုးကို အထူးရှောင်ကြဉ်သင့်ပေသည်။ သူများစကားကို နားမယောင်သင့်ပေ။  မိမိကံကြမ္မာကို မိမိကိုယ်တိုင်ဖန်တီးနိုင်ရမည်ဖြစ်သည်။

စာမေးပွဲခန်းထဲတွင် ဆုံးဖြတ်ချက်မှန်ကန်ရန်အထူးအရေးကြီးသည်။

ဘာပဲဖြစ်ဖြစ် တက္ကသိုလ်ဝင်တန်းတက်ရောက်နေသည့် သားငယ်၊ သမီးငယ်အားလုံးသည်  မတ်လ  ၁၁ ရက်နေ့တွင်  တက္ကသိုလ်ဝင်စာမေးပွဲကြီးဖြေဆိုကြရတော့မည်ဖြစ်သည်။  ထိုစာမေးပွဲကြီးသည်  သားငယ်၊ သမီးငယ်များ၏အနာဂတ်ကို  အဆုံးအဖြတ်ပေးမည့် စာမေးပွဲကြီးလည်းဖြစ်သည်။ ထိုစာမေးပွဲတွင်သာ   ထူးချွန်စွာ   ဖြေဆိုနိုင်မည်ဆိုလျှင် မိမိဆက်လက်ပညာဆည်းပူးလိုသော  တက္ကသိုလ်ကို တက်ရောက်ခွင့်ရကြမည် ဖြစ်သည်။ ပညာသင်နှစ်အစကတည်းက ပုံမှန်လေ့လာသင်ယူ ကျက်မှတ်ခဲ့သော သားငယ်၊ သမီးငယ်များသည် ဆန္ဒနှင့်ဘဝတစ်ထပ်တည်းဖြစ်ကြမည် ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သားငယ်၊ သမီးငယ်များအနေဖြင့် အဆုံးအဖြတ်ပေးမည့်   တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကြီး ဖြေဆိုနေစဉ်ကာလအတွင်း ဆင်ဆင်ခြင်ခြင်နေထိုင်ပြီး မေးခွန်းများကို နားလည်အောင် အပြန်ပြန်အလှန်လှန် ဖတ်ကာ အောင်မှတ်ရရှိအောင်၊ တတ်နိုင်ပါက ဂုဏ်ထူးအမှတ်များ ရရှိသည်အထိ  ရှိသမျှကိုယ်စွမ်းဉာဏ်စွမ်းကို အစွမ်းကုန်ထုတ်၍ ဖြေဆိုသွားနိုင်ကြပါစေ။  ။

မောင်သောင်းဝင်း(တမန်ဟောင်း)