အောင်ရဲ့အောင်
ယမန်နေ့မှအဆက်
အခန်း (၄)
မိုးသက်လေအေးတို့ တိုက်ခတ်လာမှုကြောင့် ငှက်ပျောရွက်ရှည် ဖားဖားတို့သည် ယိမ်းနွဲ့နေလေသည်။
သို့နှင့်ပင် ဆိုင်းမဆင့် ဗုံမပါဘဲ မိုးသည် ဗြုန်းစားကြီးရွာချလိုက်လေသည်။ လက်ဖက်ရည်ဆိုင် တံစက်မြိတ်တွင် မိုးစက်များ သီးလာကာ စားပွဲပေါ်သို့ မိုးပေါက်တွေ ကျလာသည်။ စားပွဲပေါ်မှ စာမူများ၊ ပန်းချီဒီဇိုင်းများ၊ စာအုပ်များ၊ ဖိုင်တွဲများ ကပျာကယာ မယူကြကာ ဆိုင်ထဲမှ စားပွဲ တစ်နေရာသို့ ပြေးဝင်ကြရသည်။
အောင့်လက်ထဲတွင် ကုလားထိုင်တစ်လုံး၏ နောက်မှီတွင် ချိတ်ထားသော ကိုလတ်၏ တက်ထရက် တိုက်ပုံအင်္ကျီပါလာသည်။ မီးခိုးရောင်အဖျော့ တိုက်ပုံ အင်္ကျီကို ကိုလတ်၏ လက်သို့ကမ်းပေး ကာ...
ကိုလတ်က သူဌေးပဲ၊ တက်ထရက် တိုက်ပုံတွေ ဘာတွေနဲ့
အောင်က ပြန်ပြောသည်။ ကိုလတ်က ပြုံးလျက်...
ကျေးဇူးပဲ ကိုယ့်မှာ ဒီတစ်ထည်ပဲ ရှိတာ
ငှားလာတာတော့ မဟုတ်ပါဘူးနော်
ချောစုက နောက်သည်။ ဒေဝက မလုံ။ သူ့ခါးတွင် ဝတ်ထားသော အဝါနုရောင် လေယာဉ်မောင် အင်္ကျီလက်တိုကို လှမ်းငုံ ကြည့်လိုက်သည်။ ကိုအောင်က ဒေဝ၏ ပခုံးကို ဖြန်းခနဲ လှမ်းပုတ်ကာ...
ဟေ့ကောင် ငါ့အင်္ကျီမိုးစိုရင် ဖြန့်လှန်း ထားနော် ဖားဥတွေ စွဲကုန်လိမ့်မယ်
တသောသောရယ်မောမိကြသည်။
ကိုလတ်သည် ရယ်ရင်း၊ မောရင်း၊ စကားပြောရင်းပင် အောင်ရေးဆွဲခဲ့သော ပန်းချီဒီဇိုင်းများကို ကဗျာရဲ့ အကြောင်း အရာများနှင့် တိုက်ကြည့်နေသည်။ အောင်ရေးဆွဲသမျှ ပန်းချီဒီဇိုင်းများထဲ
လူ့ပြိတ္တာ ဆိုသည့် ကဗျာအတွက်ရေးဆွဲ ထားသော လူမျက်နှာနှင့် မြွေခန္ဓာကိုယ် ပန်းချီဒီဇိုင်းကို အကြိုက်ဆုံးပဲတဲ့။
သဘာ၀ လူသားဆိုတဲ့ ကဗျာအတွက် ရေးဆွဲထားသော ပန်းချီဒီဇိုင်းကတော့ လေးထောင့်စပ်စပ် မျက်နှာတွင် အတွေး မပါလို့ မကြိုက်ဘူးတဲ့။ အရုပ်မျက်နှာမှာ လည်း တင်းလွန်းသည်ဟု ကိုလတ်ကပြော တော့...
ကျွန်တော် ပြန်ဆွဲပေးမယ်လေ
အောင်က မဆိုင်းမတွပြောသည်ကို ချောစုက တအံ့တသြ ဖြစ်နေသည်။
ထို့နောက် ကိုလတ်၏ ဖိုင်တွဲကို ဒေဝက လှမ်းယူကာထုတ်လိုက်သော ပန်းချီဒီဇိုင်း တွေအနက် သံဆူးကြိုးတွင် အတောင်များ နှင့် ငြိနေသော ငှက်ကလေးများ၊ ထင်းရှူး ပင် အမှောင်ရိပ်မှ ဆီးမီးခွက်ငယ် ဒီဇိုင်း များကို ယူကြည့်လိုက်သော အောင်က...
ကိုလတ်လည်း ပန်းချီဆွဲတတ်တယ်
ထင်းရှူးပင်နဲ့ မီးခွက်ကတော့ ကိုအောင် ဆွဲထားတာလေ
ကိုလတ်က ထုံးစံအတိုင်း တိုက်ရိုက် အဖြေမပေး။ ကိုအောင်သည် ပုံနှိပ်လက်စ စာမူတစ်ခု၏ ပရု(ဖ်) ကိုစစ်ဆေးရင်း နားစွန်နားဖျားနှင့်...
ငါမယူပါဘူးကွ၊ ဒီမီးခြစ်က ငါ့ဟာ ပါ
ကြားမိကြားရာ သူ့ထင်ကြေးနှင့်သူ အလွဲလွဲအချော်ချော်တွေ ပြောလိုက်သဖြင့် ကိုအောင်အား ကြည့်ကာ ရယ်မောမိကြ သေးသည်။
ထို့နောက် ကိုအောင်၏ လက်မောင်းကို ကိုလတ်က လှမ်းဆုပ်ကိုင်လိုက်သည်။ ကိုအောင့် နှုတ်ခမ်းဖျားမှ မီးသေနေသော ဆေးလိပ်ကို ကိုလတ်က မီးညှိပေးလိုက် သည်။ သူတို့နှစ်ယောက် သိပ်ချစ်တာပဲဟု သည်ကတည်းက အောင်နှင့် ချောစုတို့က တွေးမိကြသည်။
သူတို့နှစ်ယောက် ဖြူတာနှင့် ညိုတာ ချင်းသာ ကွာသည်။ ကိုယ်လုံးပုံစံက တူ
သည်။ အရပ်မြင့်တာချင်း၊ ပိန်တာချင်း၊
ရုပ်ချင်းကျ နည်းနည်းကွာပြန်သည်။ နှစ်ယောက်စလုံး ယောက်ျားပီသသော်လည်း ကိုလတ်က ပိုချောသည်။ ကိုအောင်က ရွက်ကြမ်းရေကျိုမျှသာ။
အပြုအမူချင်းကျတော့လည်း ကိုလတ် က တည်တည်ငြိမ်ငြိမ် သွေးအေးအေး အလုပ်လုပ်တတ်သည်။ ကိုအောင်က ပျာယီးပျာယာနှင့်သူ့ကြည့်ရတာ အမြဲလိုပင် အလုပ်များနေတတ်သည်။ အလုပ်လည်း တကယ်များသည်။ သူ၏ မုတ်ဆိတ်မွေး၊ ပါးမြိုင်းမွေးများ မကြာခဏ ထူထပ်ရှည် လျားလာပြီး တစ်ခါတလေ မရိတ်ဖြစ်ဘဲ ထားထားတော့ ချောစုက သူ့ကို တောပုန်း ကြီး စံဖဲဟု နာမည်မှည့်သည်။ အောင်က တော့ သူ့ကို ဘိုမုတ်ဆိတ်တဲ့။ နောက်ဆုံး တော့ ဘိုမုတ်ဆိတ်နာမည်ကို အတည် ပြုလိုက်ကြသည်။
ကိုလတ်ကိုတော့ နာမည်ဝှက် ပေးမထား ဘူးလား
ကိုအောင်က မေးသည်။ အောင်က ရယ်လျက်...
ဟင့်အင်...တဲ့
ဘာဖြစ်လို့ သူ့ကျတော့ နာမည်မပေး တာလဲ
ပေးစရာမှ မရှိဘဲ
သူ့ကျတော့ ပေးစရာမရှိဘူး
နာမည်က အကြောင်းတိုက်ဆိုင်မှ ပေးရတာ
တယ် မျက်နှာလိုက်ပါလားဟာ
မလိုက်ပါဘူး ကိုအောင်ကလဲ၊ နာမည် မှခေါ်စရာမရှိတာ၊ ဘယ်တတ်နိုင်ပါ့မလဲ
ဒါပေါ့လေ နာမည်တောင် မခေါ်ရက် လို့...
ဤတွင် ရောင်းရင် ကိုအောင့်စကားက လွန်လာသည်။ စကားစကားပြောပါများ စကားထဲက ဇာတိပြလာသည်။ ကွယ်ရာ တွင် သူတို့အချင်းချင်း ကိုလတ်နှင့် အောင်ကို နောက်ပြောင်ခဲ့ကြသည့် အစအနများ မသိမသာထွက်လာခဲ့သည်။ ဒေဝနှင့် ဗလတို့က တသောသောရယ်မောနေကြသည်။
ဆက်လက်ဖော်ပြပါမည်။