ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စု မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ၊ ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာ၊ ကမ္ဗည်းမော်ကွန်းကျောက်စာတော်ဖွင့်ပွဲ၊ ရင်ပြင်တော်တိုးချဲ့ တည်ဆောက်ခြင်းနှင့် ဘက်စုံ

 

ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စု မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ၊ ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာ၊ ကမ္ဗည်းမော်ကွန်းကျောက်စာတော်ဖွင့်ပွဲ၊ ရင်ပြင်တော်တိုးချဲ့ တည်ဆောက်ခြင်းနှင့် ဘက်စုံပြုပြင်မွမ်းမံခြင်း ရေစက်ချ မင်္ဂလာအခမ်းအနားပြုလုပ်

နေပြည်တော်၊ ၂၀၂၄ မတ် - ၁၀

          ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စု မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ၊ ဗုဒ္ဓါဘိသေကအနေကဇာတင်မင်္ဂလာနှင့် ကမ္ဗည်းမော်ကွန်း ကျောက်စာတော်ဖွင့်ပွဲ၊ ရင်ပြင်တော်တိုးချဲ့တည်ဆောက်ခြင်းနှင့် ဘက်စုံပြုပြင်မွမ်းမံခြင်း ရေစက်ချမင်္ဂလာကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါ စေတီတော်မြတ်ကြီး၏ တောင်ခြေရှိ မင်္ဂလာမုခ်ဦး၌ပြုလုပ်ရာ ပုသိမ်မြို့၊ မရမ်းချိုကျောင်းတိုက် ပဓာနနာယကဆရာတော် တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဩဝါဒါစရိယ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တသောဘိတ အမှူးပြုသော သံဃာတော်များ ကြွရောက်တော် မူကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

          ဦးစွာ မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲကို ကျင်းပပြုလုပ်ရာ မင်္ဂလာဘိသေကပညာရှင်က ဗုဒ္ဓါဘိသေက မင်္ဂလာဩဘာ စာတမ်းအား ဖတ်ကြားပြီး မင်္ဂလာအချိန်တွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကာ မင်္ဂလာမုခ်ဦးအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြပြီး စေတီတော် မြတ်ကြီးအား လက်ယာရစ် လှည့်လည်ပူဇော်ကြသည်။  ထို့နောက်  တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြတ်မော်တင် စေတီတော်မြတ်ကြီး၏ မင်္ဂလာကမ္ဗည်းမော်ကွန်းကျောက်စာတော်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။ ယင်းနောက် ပုသိမ်မြို့၊ မရမ်းချိုကျောင်းတိုက် ဆရာတော်အမှူးပြုသော သံဃာတော်များက မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီး ရင်ပြင်တော်တွင် ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာဆင်ယင် ကျင်းပတော်မူကြသည်။

          ထို့ပြင် ရင်ပြင်တော် တိုးချဲ့တည်ဆောက်ခြင်းနှင့် ဘက်စုံပြုပြင် မွမ်းမံ ခြင်း ရေစက်ချမင်္ဂလာကို အဆိုပါစေတီတော်မြတ်ကြီး ရင်ပြင်တော်ရှိ မဟာမင်္ဂလာ မဏ္ဍပ်၌ ဆက်လက်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက် လာကြသူများက ပုသိမ်မြို့၊ မရမ်းချိုကျောင်းတိုက် ပဓာနနာယက ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုကြကာ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာ များ လျှောက်ထားတင်ပြခဲ့ပြီး မဟာဘိသေက ပညာရှင်တစ်ဦးက မင်္ဂလာဩဘာစာတမ်း ဖတ်ကြားကာ စေတနာရှင် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။ ၎င်းနောက် မြတ်မော်တင် ကျောင်းတိုက်၏ ပဓာနနာယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တသုဇာတထံမှ အနုမောဒနာတရားနာကြားကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေ၍ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။