အဋ္ဌမအကြိမ် နိုင်ငံတော် ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့ ဆဋ္ဌအစည်းအဝေး တတိယနေ့ကျင်းပ

 

အဋ္ဌမအကြိမ် နိုင်ငံတော် ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့ ဆဋ္ဌအစည်းအဝေး တတိယနေ့ကျင်းပ

 

ရန်ကုန်  မတ်  ၁၀

    အဋ္ဌမအကြိမ် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဆဋ္ဌအစည်းအဝေး တတိယနေ့ကို ရန်ကုန်တိုင်းဒေသကြီး   မရမ်းကုန်းမြို့နယ်  သီရိမင်္ဂလာကမ္ဘာအေး ကုန်းမြေ ဆဋ္ဌသင်္ဂါယနာ   မဟာပါသာဏ လိုဏ်ဂူတော်ကြီး၌ ယနေ့နံနက်  ၈ နာရီတွင်ကျင်းပသည်။

အစည်းအဝေးသို့   နိုင်ငံတော်သြဝါဒါစရိယ ဆရာတော်ကြီးများ၊   နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ၊   နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊  သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ သာသနာပြု တက္ကသိုလ် ဒုတိယပါမောက္ခချုပ်(စီမံ)နှင့် အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီး/ ပြည်နယ် သာသနာရေးမှူးများ တက်ရောက်ကြည်ညို ကြသည်။

အစည်းအဝေးတွင် သဘာပတိ ဆရာတော်အဖြစ် နိုင်ငံတော် ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ  ဒေါက်တာဘဒ္ဒန္တစန္ဒိမာ ဘိဝံသက ဆောင်ရွက်တော်မူပြီး အခမ်းအနားမှူး ဆရာတော်အဖြစ် တွဲဖက်အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တစန္ဒဝံသာ လင်္ကာရာဘိဝံသ က ဆောင်ရွက်တော်မူသည်။

ဦးစွာ အခမ်းအနားမှူး ဆရာတော်က အစည်းအဝေး စတင်ကြောင်းနှင့် ကြွရောက်တော်မူလာကြသော နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်များ၏ အရေအတွက်ကို ဖတ်ကြားလျှောက်ထားပြီး အစည်းအဝေး အထမြောက် အောင်မြင်ကြောင်းနှင့် ယနေ့ဖြန့်ဝေ ဆက်ကပ်ထားသော အစီအစဉ်တွင် ပါရှိသည့်အတိုင်း   အစည်းအဝေး ကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာသည်။

ထို့နောက် နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ  အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသက   နိုင်ငံတော်သီးခြား ဝိနည်းဓိုရ်အဖွဲ့နှင့်  နိုင်ငံတော်သံဃ ဝိနိစ္ဆယအဖွဲ့ဝင် ဆရာတော်အပါး ၃၀ တို့အား နိုင်ငံတော်ဝိနည်းဓိုရ် လက်မှတ်များ ဆက်ကပ်တော်မူပြီး ထေရဝါဒ ဗုဒ္ဓသာသနာပြု သြဝါဒါစရိယအဖွဲ့နှင့် အစိုးရဓမ္မာစရိယ၊ ပါဠိပထမပြန်၊ နိကာယ် ပညာရေးဗဟိုအဖွဲ့   ဆရာတော်များအား အသိအမှတ်ပြုလွှာများနှင့် အသိအမှတ်ပြု ဂုဏ်ပြုလွှာများ ဆက်ကပ်သည်။

ယင်းနောက် အဋ္ဌမအကြိမ် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဆဋ္ဌအစည်းအဝေးတွင် ချမှတ်ခဲ့သည့် အစားထိုးရွေးချယ်မှုများ၊ ဆုံးဖြတ်ချက်များ၊  အတည်ပြုချက်များ၊ မှတ်တမ်းတင်ချက်များကို သာသနာ့သမိုင်းဝင် မှတ်တမ်းစာအုပ်ကြီး၌ သြဝါဒါစရိယ ဆရာတော်ကြီး ၁၅ ပါး၊ ဥက္ကဋ္ဌဆရာတော်၊ အကျိုးတော်ဆောင် ဆရာတော်၊ ရွှေကျင်ဂိုဏ်း၊ ဂဏဝိမုတ်ကူးတို့ဂိုဏ်း၊ စတုဘုမ္မိက မဟာသတိပဋ္ဌာန် ငှက်တွင်းဂိုဏ်း၊ ဓမ္မယုတ္တိနိကာယ မဟာရင်ဂိုဏ်း၊ ဓမ္မဝိနယာနုလောမ မူလဒွါရနိကာယဂိုဏ်း၊ ဓမ္မာနု ဓမ္မမဟာဒွါရ နိကာယဂိုဏ်း၊  ဝေဠုဝန်နိကာယဂိုဏ်း၊ အနောက်ချောင်းဒွါရဂိုဏ်း စသည့်ဂိုဏ်း အသီးသီးနှင့်  တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတို့မှ ကိုယ်စားလှယ်ဆရာတော် တစ်ပါးစီတို့က လက်မှတ်ရေးထိုးခြင်းတို့ ဆောင်ရွက်တော်မူကြသည်။

ဆက်လက်၍ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌ၊ သဘာပတိဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသက နိဂုံးချုပ်  ဥယျောဇနကထာကို   ဖတ်ကြားတော်မူရာ ကြွရောက်တော် မူလာကြသော ဆရာတော်ကြီးများက   နာယူတော်မူကြသည်။

ထို့နောက် အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသည့် ဆရာတော်များ အားလုံးက “ဇယန္တော ဗောဓိယာ မူလေ” အစချီ ၂ ဂါထာကို ၃ ကြိမ် ရွတ်ဆိုတော်မူကြပြီး “သာဓု” ၃ ကြိမ် ခေါ်ဆိုကာ အဋ္ဌမအကြိမ် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့   ဆဋ္ဌအစည်းအဝေးကြီးကို ယနေ့နံနက်ပိုင်းတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။

ယနေ့ အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော  ဆရာတော်ကြီးများအား တစ်နေ့တာ ဆွမ်းအလှူရှင်အဖြစ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း) ဇနီး ဒေါ်ကြိုင်ကြိုင် မိသားစု၊ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး(ငြိမ်း) ဇနီး ဒေါ်မြမြစန်း မိသားစု၊ အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန် နိုင်ငံတော်သမ္မတ(ငြိမ်း) ဇနီး ဒေါ်ခင်ခင်ဝင်း မိသားစု၊ မဟာသရေစည်သူ (ဗိုလ်ချုပ်ကြီး စိုးဝင်း) (ငြိမ်း) ဇနီး ဒေါ်သန်းသန်းနွဲ့ မိသားစု၊ မဟာသရေစည်သူ   ဒုတိယဗိုလ်ချုပ်ကြီးတင်အေး(ငြိမ်း) ဇနီး (ဒေါ်ကြည်ကြည်အုန်း) မိသားစု၊ ဇေယျကျော်ထင် ဗိုလ်ချုပ်တင်ငွေ(ငြိမ်း) ဇနီး ဒေါ်နန်းခင်လှဝင်း မိသားစု၊ မဟာသရေစည်သူ ဒုတိယဗိုလ်ချုပ်ကြီး ခင်မောင်သန်း(ငြိမ်း) ဇနီး ဒေါ်မာလာတင့် မိသားစု၊ မဟာသရေစည်သူ    ဒုတိယဗိုလ်ချုပ်ကြီး အောင်ထွေး(ငြိမ်း) ဇနီး ဒေါ်ခင်နှင်းေ၀ မိသားစု၊ မဟာသရေစည်သူ (ဒုတိယဗိုလ်ချုပ်ကြီး မောင်ဘို) (ငြိမ်း) ဇနီး ဒေါ်ခင်လေးမြင့် မိသားစု၊ မဟာသရေစည်သူ  (ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဝင်း) (ငြိမ်း)ဇနီး (ဒေါ်ခင်စန်းရီ)မိသားစုနှင့် မဟာသရေစည်သူ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်(ငြိမ်း) ဇနီး ဒေါက်တာဒေါ်တင်လင်းမြင့် မိသားစုတို့က ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။

ယင်းနောက်  ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ ဆရာတော်အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသော သန်လျင်မြို့ မင်းကျောင်း ပထမပြန်စာသင်တိုက်   ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာ ဘိဝံသနှင့် အကျိုးတော်ဆောင်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသော မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ် မဟာနာယက ဓမ္မသမိဒ္ဓိကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ  ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသတို့ သီတင်းသုံးရာ မဟာနာယက ကျောင်းတော်ကြီးသို့ သွားရောက်၍ ဆရာတော်ကြီးများအား  ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး    သာသနာရေးဆိုင်ရာများ လျှောက်ထားသြဝါဒ ခံယူခဲ့သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သာသနာရေး ဦးစီးဌာနပိုင် ပုံနှိပ်ထုတ်ဝေရေး ဌာနခွဲ  ကမ္ဘာအေးစာပုံနှိပ်တိုက်သို့ သွားရောက်၍ ပုံနှိပ်စက်များ လုပ်ငန်းလည်ပတ်မှု အခြေအနေနှင့် လတ်တလော ရိုက်နှိပ်ထုတ်ဝေမည့် သာသနာရေးဆိုင်ရာ စာအုပ် ၃၉ မျိုးတို့ကို   ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မရမ်းကုန်းမြို့နယ်  ဓမ္မပါလကုန်းမြေရှိ စွယ်တော်မြတ်စေတီတော်သို့ သွားရောက်ဖူးမြော် ကြည်ညို၍ စေတီတော် ဂေါပကအဖွဲ့နှင့် တွေ့ဆုံပြီး ဘဏ္ဍာငွေသုံးစွဲရာတွင် စနစ်တကျ ရှိစေရေးနှင့် စေတီတော်မြတ်ကြီး သန့်ရှင်းသပ်ရပ်၍ ကြည်ညိုဖွယ်ဖြစ်စေရေးအတွက် ပြင်ဆင်သင့် ပြင်ဆင်ထိုက်သည်များ လုပ်သင့်လုပ်ထိုက်သည်များကို ဆောင်ရွက်၍ ထိန်းသိမ်းစောင့်ရှောက်ပေးရန် လမ်းညွှန်မှာကြားခဲ့ပြီး စေတီတော် ပရိဝုဏ် အတွင်းရှိ ကျောက်ပန်းတောင်းဓမ္မာရုံ အား ကြည့်ရှု စစ်ဆေးခဲ့သည်။