၂၀၂၃-၂၀၂၄ ခုနှစ်ပြည်နယ်နှင့် တိုင်းဒေသကြီးဝူရှူး(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဆက်လက်ကျင်းပ

 

၂၀၂၃-၂၀၂၄ ခုနှစ်ပြည်နယ်နှင့် တိုင်းဒေသကြီးဝူရှူး(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဆက်လက်ကျင်းပ

 

နေပြည်တော်  မတ်  ၁၀

မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် ဝူရှူးအားကစားအဆင့် အတန်း တိုးတက်မြင့်မား လာစေရန်ရည်ရွယ်၍ ၂၀ ၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်း ဒေသကြီး ဝူရှူး(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ(B)၌ ကျင်းပခဲ့သည်။

ယနေ့ပြိုင်ပွဲ  ပွဲစဉ်များအဖြစ်  ဝူရှူး (ထောက်လု)ပြိုင်ပွဲများဖြစ်သည့် (အမျိုးသား/အမျိုးသမီး) အတွဲ တိုက်ပြိုင်ပွဲနှင့်   နန်းကွန့်ပြိုင်ပွဲ ပွဲစဉ်များအားလည်းကောင်း၊  ဝူရှူး (ဆန်းဆို)ပြိုင်ပွဲ ပွဲစဉ်များဖြစ်သည့် အမျိုးသား/အမျိုးသမီး ၅၂ ကီလိုပြိုင်ပွဲနှင့် ၅၆ ကီလိုပြိုင်ပွဲ၊ အမျိုးသား ၆၅ ကီလိုပြိုင်ပွဲ၊ အမျိုးသမီး ၄၈ ကီလိုပြိုင်ပွဲနှင့် ၆၀ ကီလိုပြိုင်ပွဲ၊ အမျိုးသား ၇၀ ကီလိုပြိုင်ပွဲနှင့် ၇၅ ကီလိုပြိုင်ပွဲ ပွဲစဉ်များအားလည်းကောင်း အသီးသီး ယှဉ်ပြိုင်ခဲ့သည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်း အခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ ပထမ၊ ဒုတိယ၊ တတိယရရှိသူများကို အားကစား နှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဇော်မိုးဝင်းနှင့် တာဝန်ရှိသူများက တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါပြိုင်ပွဲသို့ အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးဇော်မိုးဝင်း နှင့်တာဝန်ရှိသူများ၊ အားကစားဝါသနာရှင် များ   တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

၂၀၂၄ ခုနှစ် မတ်လ ၁၁ ရက်(ယနေ့) နံနက် ၉ နာရီမှစတင်၍ ပြည်နယ်နှင့်တိုင်း ဒေသကြီး ဝူရှူးပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များ အဖြစ် ဝူရှူး(ထောက်လု)ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များ၊(ဆန်းဆို)ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားအား ဆက်လက် ကျင်းပသွားမည်ဖြစ်ပြီး အားကစားဝါသနာရှင်များအနေဖြင့်    မည်သူမဆို အခမဲ့လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။           

     ကျော်လွင်(မြဝတီ)