ကျန်းမာရေးဝန်ကြီးဌာန အထူးကုဆေးကုသရေးအဖွဲ့ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့သို့ ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်

 

ကျန်းမာရေးဝန်ကြီးဌာန အထူးကုဆေးကုသရေးအဖွဲ့ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့သို့ ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်

နေပြည်တော် မတ် ၁၀

 

ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူများအနေဖြင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူပါမောက္ခ/အထူးကု ဆရာဝန်ကြီးများနှင့် တွေ့ဆုံ၍  အဆင့်မြင့်ရောဂါရှာဖွေစမ်းသပ်စစ်ဆေးမှုများနှင့် ကုသမှုများကို  မိမိတို့ဒေသ၌ ခံယူနိုင်ခြင်းဖြင့် ရောဂါများကို စောစီးစွာသိရှိပြီး လိုအပ်သောကုသမှုများကို အချိန်မီရရှိကာ ကျန်းမာစွာအသက်ရှည်နေထိုင်နိုင်ရန်အတွက်လည်းကောင်း၊ ဆေးကုသမှုအတွက် ကုန်ကျစရိတ်သက်သာခြင်းကြောင့်  လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူဖြစ်စေရန်အတွက် လည်းကောင်း၊ ရန်ကုန်၊  မန္တလေး၊ နေပြည်တော်တို့မှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ ပါဝင်သော အထူးကုဆေးကုသရေးအဖွဲ့များ၏ ကွင်းဆင်းကုသမှု အစီအစဉ်များကို ဆောင်ရွက်လျက်ရှိသည်။

၂၀၂၄ ခုနှစ် မတ်လ ၈ ရက်မှ ၁၀ ရက်အထိ   မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး၊ သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီး၊ အင်းစိန်ပြည်သူ့ဆေးရုံကြီးနှင့် ဆေးတက္ကသိုလ်(၂)ရန်ကုန်တို့မှ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေး အဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့သို့ သွားရောက်ကာ ပြည်သူ့ ဆေးရုံကြီး-ထားဝယ်မြို့မှ အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဒေသခံပြည်သူများကို  ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ အထူးကုဆေးကုသရေးအစီအစဉ်တွင် နှလုံးရောဂါဆိုင်ရာလူနာ  ၁၉၄ ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ လူနာ ၂၅၄ ဦး၊ ဆီးနှင့်ကျောက်ကပ်ဆေးကုသမှုဆိုင်ရာလူနာ ၁၉၅ ဦး၊ ဆီးချိုနှင့်ဟော်မုန်းဆိုင်ရာလူနာ ၁၃၆ ဦး၊ ဦးနှောက်နှင့်အာရုံကြောဆေးကုသမှုဆိုင်ရာ  လူနာ ၂၃၅ ဦး၊ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ကုသမှုဆိုင်ရာလူနာ ၁၃၇ ဦး၊ အထွေထွေရောဂါဆေးပညာလူနာ   ၂၇၉ ဦး၊ ကင်ဆာရောဂါဆိုင်ရာလူနာ  ၂၉ ဦး၊ အရိုးအကြောအဆစ်ရောဂါဆိုင်ရာလူနာ ၈၀၈ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါဆိုင်ရာ လူနာ ၄၃၁ ဦး၊ မျက်စိရောဂါဆိုင်ရာလူနာကိုးဦး၊ ကလေးရောဂါလူနာ ၁၇ ဦး၊စုစုပေါင်း လူနာ ၂၇၂၄ ဦးတို့ကို ကြည့်ရှုကုသမှုပေးနိုင်ခဲ့ပြီး ထားဝယ်ခရိုင်အတွင်းနှင့် အနီးတစ်ဝိုက်ရှိ မြို့နယ်  ငါးမြို့နယ်မှ ပြည်သူများ လာရောက်ပြသကြသည်။

အဆိုပါ လူနာများအနက်  နှလုံးပုံရိပ်ဖော်စက်ဖြင့်ကြည့်ရှုခြင်း (Echocardiography) ၃၃ ဦး၊ အစာအိမ်နှင့်အူလမ်းကြောင်းမှန်ပြောင်းကြည့်ရှုခြင်း(OGDS) ၁၆ ဦး၊ အူမကြီးမှန်ပြောင်းကြည့်ရှုခြင်း (Colonoscope) လေးဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းမှန်ပြောင်းကြည့်ရှုခြင်း ၁၀ ဦး၊ ကွန်ပျူတာဓာတ်မှန်ဖြင့် စစ်ဆေးခြင်း (CT Scan) ၂၃ ဦး၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်း ၄၂၁ ဦး၊ ဓာတ်ခွဲစမ်းသပ်ခြင်း ၅၈၂ ဦး၊ သွေးချိုဓာတ် (HbA1C) တိုင်းတာခြင်း ၉၀၊ Ultrasound ရိုက်ကူးခြင်း ၂၆၂ ဦး၊ နှလုံးစက်ဖြင့်စစ်ဆေးခြင်း  (ECG) ၆၈၄ ဦးတို့ကို စမ်းသပ်စစ်ဆေးပေးခဲ့ပြီး ကင်ဆာရောဂါဆိုင်ရာ   လူနာတစ်ဦး၊ နှလုံးရောဂါဆိုင်ရာ လူနာငါးဦး၊   နား၊ နှာခေါင်း၊ လည်ချောင်းရောဂါဆိုင်ရာ လူနာ ကိုးဦး၊ ဆီးနှင့်ကျောက်ကပ်ရောဂါဆိုင်ရာ လူနာသုံးဦးတို့ကို လိုအပ်သောစစ်ဆေး ကုသမှုများ ဆက်လက်ဆောင်ရွက်နိုင်ရန် ရန်ကုန်ရှိ သက်ဆိုင်ရာပြည်သူ့ဆေးရုံကြီးများသို့ လွှဲပြောင်းကုသမှု ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကို၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးကြပြီး      အထူးကုဆေးကုသရေး အစီအစဉ်သို့  လာရောက်ပြသကုသမှုခံယူကြသူများကို တွေ့ဆုံနှုတ်ဆက်ကာ အာဟာရဒါန စားသောက် ဖွယ်ရာများနှင့် အထူးကုဆေးကုသရေး အစီအစဉ်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မှ အထူးကုသမှု  (Super Speciality) ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၏ အထူးကု ဆေးကုသရေး အစီအစဉ်များကို ၂၀၂၄ ခုနှစ်အတွင်း  အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များ၌ ဆောင်ရွက်လျက်ရှိပြီး ထားဝယ်မြို့ အပါအဝင် ၁၁ ကြိမ်ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။