ဗြိတိန်ရေတပ်ပိုင် HMS Queen Elizabeth လေယာဉ်တင်သင်္ဘောပေါ်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွား

 

ဗြိတိန်ရေတပ်ပိုင် HMS Queen Elizabeth လေယာဉ်တင်သင်္ဘောပေါ်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွား

ဗြိတိန်နိုင်ငံ၏ အဓိကလေယာဉ်တင် သင်္ဘောတစ်စင်းတွင်  မီးလောင်ကျွမ်းမှု တစ်ရပ်ဖြစ်ပွားခဲ့ပြီးနောက် ယင်းသင်္ဘော သည် ရန်သူ၏ဒရုန်းနှင့် ဒုံးကျည်များ၏ တိုက်ခိုက်မှုကိုခံရနိုင်ဖွယ်ရှိကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုသည်  HMS Queen Elizabeth လေယာဉ်တင်သင်္ဘောပေါ်တွင် ပြီးခဲ့သည့် ရက်သတ္တပတ်အကုန်ပိုင်းက စကော့တလန်ရှိ ဂလန်းမာလန်သင်္ဘော ကျင်းတွင်ရပ်နားနေစဉ် နည်းပညာချွတ်ယွင်းရာမှ စတင်ဖြစ်ပွားခြင်းဖြစ်သည်။

မီးလောင်ကျွမ်းမှုသည် ကြီးမားခြင်းမရှိကြောင်း၊ မီးအားအလျင်အမြန်ငြှိမ်းသတ် နိုင်ခဲ့ပြီးနောက်ပိုင်းတွင် အခြေအနေများကို ထိန်းချုပ်နိုင်ခဲ့ကြောင်း၊ စုံစမ်းစစ်ဆေးမှုများ ကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း တော်ဝင်ရေတပ်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားထားသည်။ သို့သော်  HMS Queen Elizabeth လေယာဉ်တင်သင်္ဘောကို တန်ဖိုးအားဖြင့် စတာလင်ပေါင် ၃ ဒသမ ၅ ဘီလီယံ (ဒေါ်လာ  ၄ ဒသမ ၅ ဘီလီယံ) အကုန်အကျခံ၍ တည်ဆောက်ခြင်းဖြစ်သောကြောင့် ယင်းဖြစ်ရပ်သည် တော်ဝင်ရေတပ်အတွက် အရှက်ရဖွယ်ဖြစ်စဉ်တစ်ခုအဖြစ် ထွက်ပေါ်လာခဲ့သည်။

ဗြိတိန်တော်ဝင်ရေတပ်သည်   HMS Queen Elizabeth လေယာဉ်တင်သင်္ဘော ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၇ ရက်တွင် တပ်တော်ဝင်ခဲ့ခြင်းဖြစ်ပြီး  ယင်းသင်္ဘောပေါ်တွင် နည်းပညာမြင့်လက်နက်စနစ်များ၊ ဆက်သွယ်ရေး စနစ်များ၊  အားကစားရုံ ငါးခု၊ ဘုရားဝတ်ပြုရာအခန်းတစ်ခန်းနှင့် ဆေးဝါးကုသရေးစင်တာတစ်ခုတို့ ပါဝင် ကြောင်း သိရသည်။

Ref; Sputnik