အိန္ဒိယနိုင်ငံ၏ AI နည်းပညာကဏ္ဍတိုးတက်မှုအဖြစ် ပေါ်ထွက်လာသည့် အိုင်းရစ် ခေါ် စက်ရုပ် ကျောင်းဆရာမ

 

အိန္ဒိယနိုင်ငံ၏ AI နည်းပညာကဏ္ဍတိုးတက်မှုအဖြစ် ပေါ်ထွက်လာသည့် အိုင်းရစ် ခေါ် စက်ရုပ် ကျောင်းဆရာမ

အိန္ဒိယနိုင်ငံသည် ၎င်းတို့၏ ပထမဆုံးသော မှတ်ဉာဏ်တု (AI) နည်းပညာသုံး စက်ရုပ်   ကျောင်းဆရာမတစ်ဦးကို တီထွင်ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်သည်။ အိုင်းရစ်ဟု အမည်ပေးထားသည့်    အဆိုပါ စက်ရုပ်ဆရာမကို    နိုင်ငံတောင်ပိုင်းရှိ စာသင်ကျောင်းတစ်ကျောင်းက စတင်ထုတ်ဖော် ပြသခဲ့ခြင်းဖြစ်ပြီး AI နည်းပညာသုံး ယင်းစက်ရုပ်သည် ခက်ခဲသည့်လုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။

အိုင်းရစ်သည် အပြန်အလှန်ဆက်ဆံရေး စွမ်းဆောင်မှုများကို ပိုင်ဆိုင်ထားပြီး မတူကွဲပြားသည့် ဆောင်ရွက်ချက်များကို လုပ်ဆောင်နိုင်ရန်အတွက် အလိုက်သင့် ပြောင်းလဲလုပ်ဆောင်နိုင်စွမ်းရှိကြောင်း၊ အသုံးပြုသူများအနေဖြင့် Android အပလီကေးရှင်းကိုအသုံးပြု၍  စက်ရုပ်အားထိန်းချုပ်နိုင်သည့်အပြင် ယင်းစက်ရုပ်နှင့် အပြန်အလှန်ဆက်သွယ်မှု ပြုလုပ်နိုင်ကြောင်း ၎င်းစက်ရုပ်အား ထုတ်လုပ်ခဲ့သည့် Maker Lab က ပြောကြားထားသည်။

ထို့ပြင် AI နည်းပညာသုံး အိုင်းရစ်စက်ရုပ်အနေဖြင့် ရှင်းလင်းပြောဆိုမှုများနှင့် သင်ကြားမှုများကို လုပ်ဆောင် နိုင်ရန်အတွက် နည်းပညာအခြေပြု အသံအထောက်အကူပြု ကိရိယာများကို Maker Lab က တပ်ဆင်ပေးထားသည်။  အလားတူပင် အိုင်းရစ်သည်  ရွေ့လျားသွားလာနိုင်ပြီး ပစ္စည်းကိရိယာများကိုလည်း ကိုင်တွယ်နိုင်သည်။

AI နည်းပညာသုံး  အိုင်းရစ်စက်ရုပ်ဆရာမအား ကီရာလာပြည်နယ် မြို့တော်သီရုဗာနန်သာပူရမ်ဒေသရှိ အလယ်တန်းကျောင်းတစ်ကျောင်းတွင် ယခုရက်သတ္တပတ်အစောပိုင်းက    ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်သည်။  ကီရာလာပြည်နယ်သည် စာတတ်မြောက်မှုအများဆုံးရှိပြီး လူဦးရေ ၉၄ ရာခိုင်နှုန်းသည် စာတတ်မြောက်သူများ ဖြစ်ရာ ယင်းပြည်နယ်သည် အိန္ဒိယနိုင်ငံအတွင်းရှိ ပြည်နယ်များအနက် စာတတ်မြောက်မှုနှုန်း  အမြင့်မားဆုံးဖြစ်သည်။

Maker Lab သည် အဆိုပါ ထုတ်ဖော်ပြသပွဲအတွင်း  အိုင်းရစ်စက်ရုပ်အား အိန္ဒိယနိုင်ငံ၏ မိရိုးဖလာဖြစ်သည့် ဆာရီကို ဝတ်ဆင်ပေးထားပြီး  စာသင်ခန်းတစ်ခုအတွင်း၌ ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန် ဆက်သွယ်စေခဲ့သည်။

AI နည်းပညာသည် ကွန်ပျူတာသိပ္ပံပညာရပ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ တစ်နည်းအားဖြင့် လူလုပ်စက်ရုပ်များတွင် အသုံးပြုရန်အတွက်   အစီအစဉ်များ ထည့်သွင်းရေးသားထားသော မှတ်ဉာဏ်တု တစ်မျိုးဖြစ်သည်။ ထို့ပြင် AI နည်းပညာသည် လူများတွင်ရှိနေသည့်အသိဉာဏ်နှင့် အနီးစပ်ဆုံးတူညီစေရန် တီထွင်ထားသော မှတ်ဉာဏ် သို့မဟုတ် အသိဉာဏ်တစ်မျိုးဖြစ်ရာ မှတ်ဉာဏ်အတုဟုလည်း ခေါ်ဆိုကြသည်။

AI နည်းပညာသည်   လူများ၏ စဉ်းစားတွေးခေါ်မှုအပေါ် အခြေခံပြီး တည်ဆောက်ထားခြင်းဖြစ်ရာ လူများကဲ့သို့ အဆင့်ဆင့်တွေးခေါ်မှုများကို လုပ်ဆောင်ပေးနိုင်သည်။ ထို့ကြောင့် မှတ်ဉာဏ်တု(AI) ဟူသည်မှာ   လူသားများကဲ့သို့ စဉ်းစားတွေးခေါ်ခြင်းနှင့် ပြုမူလှုပ်ရှားခြင်းတို့ကို   တုပပြုလုပ်နိုင်စေရန်အတွက် စက်ရုပ်များနှင့် စက်များအတွင်း၌ အစီအစဉ်ရေးသား ထည့်သွင်းပေးထားသော လူသားဉာဏ်ရည် (Human Intelligence) ဟုဆိုနိုင်သည်။

ထို့ကြောင့် AI  နည်းပညာသည် လူသားများအတွက် ကောင်းကျိုးများကို ဖြစ်ထွန်းစေနိုင်သောကြောင့် နိုင်ငံအများအပြားက  ယခုအခါ  ယင်းနည်းပညာ ဖွံ့ဖြိုးရေးအတွက် အလေးထား လုပ်ဆောင်လာပြီဖြစ်သည်။

အိန္ဒိယအစိုးရသည် AI နည်းပညာကို ကျန်းမာရေးစောင့်ရှောက်မှု၊ စိုက်ပျိုးရေးကဏ္ဍနှင့် ပညာရေးတို့တွင် အသုံးပြုနိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိပြီး ယင်းနည်း ပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် လာမည့် ငါးနှစ်အတွင်း ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ သုံးစွဲမည်ဟု   အစိုးရက  ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း သဘောတူခဲ့သည်။ ထို့ပြင် အစိုးရသည် အဆိုပါ AI နည်းပညာဖွံ့ဖြိုးရေးအစီအစဉ်အရ  နိုင်ငံအတွင်းရှိ AI နည်းပညာကုမ္ပဏီများအတွက် လိုအပ်သည့် ငွေကြေးများကို ထောက်ပံ့ပေးမည်ဖြစ်သည်။

ထို့ပြင် AI နည်းပညာသည် အချိန်တိုအတွင်း  ကျန်းမာရေးစောင့်ရှောက်မှု၊ ဘဏ်လုပ်ငန်း၊ စွမ်းအင်ကဏ္ဍနှင့် ကုန်ပစ္စည်း ရောင်းချခြင်းစသည့်  လုပ်ငန်းကဏ္ဍများ ပိုမိုတိုးတက်အောင် ပြုလုပ်ပေးနိုင်စွမ်းရှိသည်။ ယခင်က AI  နည်းပညာကို အသုံးပြု၍  အဆင့်မြင့်ပညာရေးကို ဖော်ဆောင်ပေးနိုင်သည့် အခွင့်အရေးများရှိနေခဲ့သော်လည်း    စိန်ခေါ်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။   အဓိကအားဖြင့် ကျောင်းသားနှင့်နည်းပညာအကြား ညှိနှိုင်းမရခြင်း၊ AI နည်းပညာထွန်းကားရေးလုပ်ဆောင်ရန် ငွေကြေးကုန်ကျမှုကြီးမြင့်ခြင်းတို့ဖြစ်ပေါ်ခဲ့သည်။

 ယခုအခါ   AI နည်းပညာဖြင့် ပညာရေးကဏ္ဍတွင်  အသုံးပြုနိုင်သည့် ကျောင်းဆရာနှင့်  ဆရာမတုများအား အသုံးပြုလာနိုင်ခြင်းသည် အိန္ဒိယနိုင်ငံ၏ ပညာရေးစနစ်တွင်  ရင်ဆိုင်နေရသည့် အခက်အခဲ၊  ပြဿနာများကို  အတိုင်း အတာတစ်ခုအထိ  အလွယ်တကူဖြေရှင်းပေးနိုင်မည်ဖြစ်သည်။ ထို့ကြောင့် အိန္ဒိယ အစိုးရအနေဖြင့် နိုင်ငံ၏ AI နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက်  ဆက်လက်ဖော်ဆောင်မည်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် စည်းမျဉ်းစည်းကမ်း   မူဘောင်အသစ်များကို ယခုနှစ်နှောင်းပိုင်းတွင်  ချမှတ်သွားမည်ဖြစ်သည်။      

Ref: RT, IE