ပြည်သူအားလုံးပါဝင်လို့ ပြည်သူ့စစ်မှုထမ်းစနစ် အကောင်အထည်ဖော်ကြစို့

 

ပြည်သူအားလုံးပါဝင်လို့ ပြည်သူ့စစ်မှုထမ်းစနစ် အကောင်အထည်ဖော်ကြစို့

 

    ပြည်သူ့စစ်မှုထမ်းဥပဒေကို နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက် ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး နှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဟူသည့် ဒို့တာဝန်အရေး သုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသဖြင့် ယင်းတာဝန်ကို ထမ်းဆောင်နိုင်ရေးအတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ဥပဒေအားပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။   ထိုသို့ပြဋ္ဌာန်းခဲ့သည့် ဥပဒေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂၇/၂၀၂၄ ဖြင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ၁၀  ရက်မှစ၍ အာဏာတည်သည့်အမိန့်ကို ယင်းဥပဒေ၏ ပုဒ်မ ၁၊ ပုဒ်မခွဲ(ခ) အရ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့အာဏာတည်သည့် အမိန့်ကို သတ်မှတ်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်တွင် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့၊ ဖေဖော်ဝါရီလ ၁၄ ရက် တွင်  နေပြည်တော်ကောင်စီနယ်မြေ အပါအဝင်  တိုင်းဒေသကြီးနှင့်ပြည်နယ် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့များကို အဆင့်ဆင့်ဖွဲ့စည်းခဲ့ပြီး  ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို    သတ်မှတ်ပေးခဲ့သည်။ တိုင်းဒေသကြီး၊ ပြည်နယ်ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့များအနေဖြင့် ခရိုင်၊ မြို့နယ်အဖွဲ့များကို  ဆက်လက်ဖွဲ့စည်း သွားမည်ဖြစ်ပြီး ဖွဲ့စည်းပြီးပါက မြို့နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့သည် စစ်မှုထမ်းဆောင်ရမည့် အရွယ်ရောက်သူ နိုင်ငံသားတိုင်းအား ဆင့်ခေါ်ခြင်း၊  မှတ်ပုံတင်ထားခြင်းတို့ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်သည်။

မှတ်ပုံတင်လက်မှတ် ရရှိထားသူများအား ဆင့်ခေါ်၍ ဆေးစစ်ဆေးခြင်းကို တပ်မတော်ဆေး စစ်ဆေးခြင်း ဘုတ်အဖွဲ့ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ပြည်သူ့စစ်မှုထမ်းရန်အတွက် ဆင့်ခေါ်ခြင်းခံရသူ၏ လျှောက်လွှာအပေါ် စိစစ်ချက်နှင့် တပ်မတော်ဆေး စစ်ဆေးရေး ဘုတ်အဖွဲ့၏ စစ်ဆေးတွေ့ရှိချက်၊ သဘောထား မှတ်ချက်တို့ကို  ခရိုင်အဖွဲ့၊  တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့သို့ ဆက်လက်တင်ပြ၍ ၎င်းမှတစ်ဆင့်  ဗဟိုအဖွဲ့သို့ ဆက်လက် တင်ပြရမည်ဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို အခန်း (၈) ခန်းနှင့်ပုဒ်မ (၃၃)ခု ပြဋ္ဌာန်းထားပြီး စစ်မှုထမ်းရမည့် အသက်အရွယ် သတ်မှတ်ချက်အနေဖြင့် အမျိုးသားဖြစ်လျှင်အသက် ၁၈ နှစ်ပြည့်ပြီး အသက် ၃၅ နှစ် မကျော်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး အသက် ၂၇ နှစ် မကျော်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ကျွမ်းကျင်သူ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး အသက် ၄၅ နှစ် မကျော်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ ကျွမ်းကျင်သူအမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး အသက် ၃၅ နှစ်မကျော်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း ဥပဒေအရ သတ်မှတ်ထားသည်။

စစ်မှုထမ်းရန်ကာလမှာ  ၂၄ လ (၂ နှစ်) ဖြစ်ပြီး တပ်မတော်စက်မှုလက်မှု    ပညာသည်များအဖြစ် ဆင့်ခေါ်ခံရလျှင် လည်းကောင်း၊ ကျွမ်းကျင်သူများသည် လည်းကောင်း ၃၆ လ(၃ နှစ်) ထက်မပိုသည့် ကာလအပိုင်းအခြားအတွက်   စစ်မှုထမ်းရန်ဖြစ်သည်။

နိုင်ငံတော်တွင် အရေးပေါ် အခြေအနေဖြစ်လျှင် အစိုးရအဖွဲ့သည် ပြည်သူ့စစ်မှုထမ်းရန် ကာလကို ၅ နှစ်အထိ တိုးမြှင့်သတ်မှတ်နိုင်သည်။ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့သည် စစ်မှုထမ်းနိုင်မည့် ကျန်းမာရေး အဆင့်မမီကြောင်း   သက်ဆိုင်ရာတပ်မတော် ဆေးစစ်ဆေးရေး ဘုတ်အဖွဲ့၏ ထောက်ခံချက် ရရှိထားသူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပညာသင်ကြားနေသူများ၊ အခြားပြုစုစောင့်ရှောက်မည့်သူများ မရှိသော မိအို၊ဖအိုများကို ပြုစုလုပ်ကျွေးနေသူများ၊ မူးယစ်ဆေးဖြတ်ရန် ဆေးကုသမှု ခံယူနေသူများ၊ ထောင်ဒဏ်ကျခံနေရသူများကို ပြည်သူ့စစ်မှု ထမ်းဆောင်ရမည့် တာဝန်မှယာယီရွှေ့ဆိုင်း နိုင်မည်ဖြစ်သည်။

ယာယီရွှေ့ဆိုင်းထားသူများ အတွက် စစ်မှုထမ်းဆောင်ရမည့် အသက်အရွယ်  ကျော်လွန်စေကာမူ သတ်မှတ်ထားသော ပြည်သူ့စစ်မှုထမ်းဆောင်ရန် ကာလကို ပြည့်မီအောင်ပြန်လည် ထမ်းဆောင်ရမည် ဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းမှ ကင်းလွတ်ခွင့်နှင့် ပတ်သက်၍ သာသနာ့ဝန်ထမ်းများ၊ အိမ်ထောင်သည် အမျိုးသမီးများအပြင် အိမ်ထောင်ပျက်သော်လည်း သားသမီးရှိသူ အမျိုးသမီးများလည်း ပါဝင်သည်။ ထို့အတူ ကိုယ်လက်အင်္ဂါ တစ်ခုခု အမြဲတမ်း မသန်စွမ်းသူများ၊ တပ်မတော်ဆေး စစ်ဆေးရေးဘုတ်အဖွဲ့က ပြည်သူ့စစ်မှုထမ်းရန် အမြဲတမ်း မသင့်လျော်သူဖြစ်ကြောင်း သတ်မှတ်ထားသူများ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့က  အမိန့်ထုတ်ပြန်၍ ကင်းလွတ်ခွင့်ပြုထားသူများသည် စစ်မှုထမ်းဆောင်ခြင်းမှ ကင်းလွတ်မည်ဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းအဖြစ်   ဆင့်ခေါ်ရာတွင် သတ်မှတ်ချက်နှင့် ကိုက်ညီသူအားလုံးကို တစ်ချိန်တည်း၊  တစ်ပြိုင်တည်းခေါ်ယူမည် မဟုတ်ဘဲ နေရာဒေသအလိုက်၊ မြို့နယ်အလိုက် လူဦးရေပေါ်မူတည်၍ အချိုးအစားအလိုက် ခေါ်ယူသည့်စနစ်ကို ကျင့်သုံးသွားမည်ဖြစ်သည်။  သင်တန်းတစ်ပတ်စဉ်တွင် ရပ်ကွက်တစ်ခု၊ ကျေးရွာတစ်ခုမှ အများဆုံးပါဝင်နိုင်မည့် အရေအတွက်မှာ တစ်ဦး၊ နှစ်ဦးထက် ပိုနိုင်မည်မဟုတ်ပါ။

ကျွနု်ပ်တို့မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီး ကတည်းက ပြည်တွင်းသောင်းကျန်းမှုနှင့် ကြုံလာသောနိုင်ငံဖြစ်သည်။ နိုင်ငံတစ်ခုတွင် ရိုသေခံ့ညားလောက်သော  လုံခြုံရေးအင်အား၊  ကာကွယ်ရေး အင်အားမရှိဘဲ  ခိုင်မာသော တည်ငြိမ်အေးချမ်းမှုကို မရနိုင်ပေ။ နိုင်ငံတော်တွင်ရှိသော နိုင်ငံ့စွမ်းအားစုအားလုံး ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် တစ်ခုတည်းသော နည်းလမ်းမှာ    အမျိုးသား စစ်မှုထမ်းစနစ် (National   Service)   ပင်ဖြစ်သည်။   ဒီလိုစစ်မှုထမ်းစနစ် ဆိုသည်မှာ ရေတိုဆောင်ရွက်ရသော လုပ်ငန်းမဟုတ်ဘဲ ရေရှည်တစိုက်မတ်မတ် ဆောင်ရွက်ရသော စီမံချက်ဖြစ်သည်။    နိုင်ငံတော်၏ ဥပဒေ ပြဋ္ဌာန်းချက်များ၊ တပ်မတော်၏မြင့်မားသော စွမ်းဆောင်နိုင်မှု၊ ပြည်သူလူထုတစ်ရပ်လုံး၏ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်၊ အသိဉာဏ်ပညာမြင့်မားမှုများနှင့် ကာကွယ်ရေး ပညာဗဟုသုတကြွယ်ဝမှု၊  ကာကွယ်ရေးပညာ တတ်ကျွမ်းမှုတို့ပေါင်းစပ်ပြီး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် တစ်ရပ်လည်းဖြစ်သည်။

လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံတွင် ကျင့်သုံးခဲ့သော စစ်မဟာဗျူဟာသည် ပြည်သူ့စစ်မဟာဗျူဟာ ဖြစ်သည်။ မြန်မာနိုင်ငံနှင့် အသင့်လျော်ဆုံး ပြည်သူ့စစ် မဟာဗျူဟာကို ၁၉၆၄ ခုနှစ် တပ်မတော် တပ်မှူးများ ညီလာခံတွင် စတင်ဆွေးနွေး ခဲ့ကြသည်။ ၁၉၆၇ခုနှစ်တွင် ပြည်သူ့စစ် မဟာဗျူဟာကို ရေးဆွဲသည်။

မြစ်ဝကျွန်းပေါ်ဒေသ၊ ပဲခူးရိုးမဒေသများတွင် ပြည်သူအားလုံး ပါဝင်သော   ပြည်သူ့စစ်မဟာဗျူဟာကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ခဲ့သဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းရှိ ပြည်တွင်း သောင်းကျန်းမှု များလည်း တစ်ပေါင်းတည်း ချုပ်ငြိမ်းသွားခဲ့သည်။

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ ဥပဒေပုဒ်မ ၃၈၅ တွင် “ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေး တို့ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်”ဟု ပြဋ္ဌာန်းထားသည်။ ပုဒ်မ ၃၈၆ တွင် “နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့် အညီ  စစ်ပညာသင်ကြားရန်နှင့်  နိုင်ငံတော်ကာကွယ်ရေး အတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်” ဟု ပြဋ္ဌာန်းထားသည်။

စစ်မှုထမ်းခွင့်ကာလအတွင်း    ရရှိလာမည့် လက်နက်မျိုးစုံ စနစ်တကျ ကိုင်တွယ်ပစ်ခတ်ပုံနှင့် တကွ စစ်အတတ်ပညာ ပေါင်းစုံသည်  တန်ဖိုးရှိလှသည်။

ထို့အတူ  ရုပ်ပိုင်းဆိုင်ရာ ခွန်အားများနှင့် ထပ်ဆင့်ပြောင်းလဲလာသော စိတ်ဓာတ်ခွန်အားများ အဖြစ် ရဲဘော်ရဲဘက်စိတ်၊ ဇာတိမာန်စိတ်နှင့် အမျိုးသားရေး စိတ်ဓာတ်များလည်း ထွန်းကားလာမည်ဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းဥပဒေ  ပြဋ္ဌာန်းခြင်းအားဖြင့် ဖြစ်ပေါ်လာနိုင်သော   အကျိုးကျေးဇူးတစ်ရပ်မှာ စစ်ကိုဟန့်တားနိုင်သော   စွမ်းရည်ပိုမိုရရှိလာခြင်း ဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းခြင်းသည် မိမိတို့နိုင်ငံ၏ ကာကွယ်ရေးအင်အားနှင့် ပြည်သူလူထု၏ ကာကွယ်ရေး လုံခြုံရေးဆိုင်ရာ အသိစွမ်းရည်များကို ပြသနိုင်မည်ဖြစ်သည်။ ထိုသို့ပြသနိုင်ခြင်းဖြင့် နိုင်ငံအတွက် ရိုသေခံ့ညားလောက်သော ကာကွယ်ရေး စွမ်းအားကို ရရှိလာမည်ဖြစ်သည်။

အချုပ်အားဖြင့်ဆိုရသော် နိုင်ငံတော် ကာကွယ်ရေး တာဝန်ဆိုသည်မှာ တပ်မတော်၌သာ တာဝန်ရှိသည်မဟုတ်ဘဲ နိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူလူထု တစ်ရပ်လုံးမှာ တာဝန်ရှိသည်။ သို့ဖြစ်ရာ ပြဋ္ဌာန်းလိုက်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို  အားလုံးက ဂုဏ်ယူဝမ်းမြောက်စွာ တာဝန်ထမ်းဆောင်နိုင်ရေး “ပြည်သူအားလုံးပါဝင်လို့ ပြည်သူ့စစ်မှုထမ်းစနစ် အကောင်အထည်ဖော်ကြစို့” ဟု တိုက်တွန်း ရေးသားလိုက်ရပါသည်။  ။