ပိုလီယိုရောဂါအကြောင်း သိကောင်းစရာ

 

ပိုလီယိုရောဂါအကြောင်း သိကောင်းစရာ

 

    ပိုလီယိုရောဂါသည်    ပိုလီယိုဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားပြီး ကူးစက်မြန်သော ရောဂါတစ်မျိုးဖြစ်သည်။ ယင်းဗိုင်းရပ်စ်သည်    ဗဟိုအာရုံကြော စနစ်များကို ထိခိုက်ပျက်စီးစေပြီး    ခြေနှင့်လက်များ ပျော့ခွေကာ အကြောသေစေသည့်အပြင် အသက်ကိုပါ ဆုံးရှုံးစေနိုင်သော ရောဂါဖြစ်သည်။ ပိုလီယိုရောဂါ ကာကွယ်ဆေး မရရှိထားသော ငါးနှစ်အောက် ကလေးငယ်များတွင် အဓိကဖြစ်ပွားလေ့ရှိသည်။ ဆယ်ကျော်သက်များနှင့် လူကြီးများတွင်လည်း  ပိုလီယိုရောဂါ ကူးစက်ခံရနိုင်ခြေရှိပြီး  ၎င်းတို့သည်  ရောဂါပိုး သယ်ဆောင်သူများ ဖြစ်နိုင်သည်။

ကာကွယ်ဆေးလွှမ်းခြုံမှု နည်းသော  နေရာများ၌ ဖြစ်ပွားသည့်    အသွင်ပြောင်း ပိုလီယိုဗိုင်းရပ်စ်ပိုးတစ်မျိုးရှိသည်။ ယင်းမှာ အလွန်ရှားပါးသော ဗိုင်းရပ်စ် ပိုးမျိုးဖြစ်ပြီး မူလပိုလီယိုပိုးမှ မျိုးရိုးဗီဇအသွင်ပြောင်းလဲကာ     အသွင်ပြောင်း ပိုလီယိုပိုးဖြစ်သွားသည်။ ကာကွယ်ဆေးအပြည့်အဝ မရရှိသော လူအုပ်စုများနှင့် သန့်ရှင်းမှုမရှိသော    ပတ်ဝန်းကျင်၌နေထိုင်သည့် လူအုပ်စုများသည် အသွင်ပြောင်း ပိုလီယိုဗိုင်းရပ်စ်ပိုး ကူးစက်ခံရနိုင်သည်။

ကြိုတင်ကာကွယ်ခြင်း

    ပိုလီယိုရောဂါသည်  ပျောက်ကင်းအောင် ကုသ၍ မရနိုင်သော ရောဂါမျိုးဖြစ်သော်လည်း ရောဂါမဖြစ်ပွားစေရန်  ကာကွယ်နိုင်သော  ကာကွယ်ဆေးအမျိုး အစားနှစ်မျိုးရှိသည်။ တစ်မျိုးမှာ  အသက်မရှိတော့သော ပိုလီယိုဗိုင်းရပ်စ်ဖြင့် ပြုလုပ်ထားသည့် ထိုးဆေး (IPV)  ဖြစ်သည်။ နောက်တစ်မျိုးမှာ အားပျော့အောင် ပြုလုပ်ထားသော  ပိုလီယိုဗိုင်းရပ်စ်ဖြင့် ပြုလုပ်ထားသည့်    အစက်ချဆေး (ခေါ်)သောက်ဆေး (OPV) ဖြစ်သည်။ ကလေးအားလုံးကို ပိုလီယို ကာကွယ်ဆေး ပေးသင့်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အကြံပြုထားသည်။

အသက်မရှိတော့သော ပိုလီယိုဗိုင်းရပ်စ်ဖြင့် ပြုလုပ်ထားသည့် ပထမဆုံး ပိုလီယိုကာကွယ်ဆေးကို ဂျိုးနပ်စ်ဆော့ခ် (Jonas Salk) ကပြုလုပ်ခဲ့ပြီး  ၁၉၅၅ ခုနှစ် က စတင်အသုံးပြုခဲ့သည်။ သောက်ဆေးကို အယ်လ်ဘတ်စဘင် (Albert Sabin) ကပြုလုပ်ခဲ့ပြီး ၁၉၆၁ ခုနှစ်က စီးပွားဖြစ် အသုံးပြုခဲ့သည်။  အဆိုပါဆေးများသည်  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)  မှ သတ်မှတ်ထားသည့် အခြေခံ ကျန်းမာရေးစနစ်အတွက်  အဓိကလိုအပ်သော ဆေးများတွင် တစ်ခုအပါအဝင်ဖြစ်သည်။

နိုင်ငံအများစု၌ ဤကာကွယ်ဆေးနှစ်မျိုးကို အသုံးပြုခြင်းဖြင့် ပိုလီယိုရောဂါ ကင်းစင်ခဲ့ကြပြီး တစ်နှစ်ထက် တစ်နှစ် လူနာသစ်များ လျော့နည်းလာသည်။ ၁၉၈၈  ခုနှစ်က ပိုလီယိုလူနာပေါင်း  ၃၅၀၀၀၀  ခန့်ရှိရာမှ ၂၀၁၄ ခုနှစ်တွင် ၃၅၉ ဦးသာ ရှိတော့သည်။  IPV  သည် ဆေးထိုးသည့်နေရာ၌ အနည်းငယ်နီရဲခြင်းနှင့် နာကျင်ခြင်း ဖြစ်တတ်သော်လည်း  စိုးရိမ်စရာမရှိပေ။

    OPV     သည်   ဖျားနေသော ကလေးများနှင့် မွေးကင်းစကလေးများကို တိုက်ကျွေးနိုင်ပြီး အန္တရာယ် မရှိနိုင်ကြောင်း သိရသည်။

ကမ္ဘာတစ်ဝန်းလုံး၌  OPV  ဖြင့်   ကလေးငယ်သန်းပေါင်း ၂၀ ကျော်ကို ကာကွယ်ဆေး တိုက်ကျွေးခဲ့ကြောင်းနှင့်   ကမ္ဘာတစ်ဝန်း  ကလေးငယ် ၁၆  သန်း ကျော်ကို ပိုလီယိုရောဂါကြောင့်  ရာသက်ပန် အကြောသေပြီး မသန်စွမ်းဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ခဲ့ကြောင်း  မှတ်တမ်းများအရ သိရသည်။ ထိုဆေးသည် ကလေး ငယ်များအား အကြိမ်များစွာ တိုက်ကျွေးရာတွင်လည်း အန္တရာယ်မရှိနိုင်ပေ။   ကာကွယ်ဆေးနှစ်မျိုးစလုံးကို    ကိုယ်ဝန်ဆောင်နေသူများနှင့် HIV/ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (AIDS) ကူးစက်ခံနေရသူများတွင်ပါ စိတ်ချစွာ အသုံးပြုနိုင်သည်။

မိဘတိုင်းသိထားသင့်သည်မှာ ကလေးငယ်တစ်ဦးသည် ကာကွယ်ဆေးများ အပြည့်အဝ တိုက်ကျွေးထားသော်လည်း    ပိုလီယိုရောဂါဖြစ်ပွားနိုင်မှု အန္တရာယ် ရှိနေဆဲဖြစ်သည်။ ထို့ကြောင့် အပိုဆောင်းတိုက်ကျွေးခြင်းသည် ကလေးမှ ပိုလီယိုရောဂါကို ကာကွယ်နိုင်စွမ်း ပိုမိုမြင့်မားလာစေသည်။    မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံများ၌ အစိုးရနှင့်အရပ်ဘက် အဖွဲ့အစည်းများ ပူးပေါင်းညှိနှိုင်းကာ ပိုလီယိုရောဂါ ကူးစက်ခံရနိုင်ခြေ များသောနေရာများ   (ကာကွယ်ဆေးလွှမ်းခြုံမှု နည်းသော နေရာများ)၌နေထိုင်သည့် အသက်ငါးနှစ် အောက် ကလေးအားလုံးကို    ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးလျက်ရှိသည်။

ပုံမှန်ကာကွယ်ဆေးထိုးအဖွဲ့မှ  တိုက်ကျွေးသော ပိုလီယို ကာကွယ်ဆေးအပြင် ကလေးများကို ပိုလီယို ရောဂါမှကာကွယ်နိုင်ရေး အကြိမ်များစွာ တိုက်ကျွေးရန် လိုအပ်သည်။ ပိုလီယိုကာကွယ်ဆေး အကြိမ်အနည်း ငယ်  အပိုဆောင်း တိုက်ကျွေးခြင်းဖြင့်   ကပ်ရောဂါအသွင် ကူးစက်ပျံ့နှံ့မှုကို ရပ်တန့်သွားစေနိုင်သည်။

 WHO ၏ပြောကြားချက်

    ကမ္ဘာပေါ်၌ ပိုလီယိုရောဂါဖြစ်ပွားမှုသည် ၁၉၈၈ ခုနှစ်နောက်ပိုင်း ၉၉ ရာခိုင်နှုန်းကျော်အထိ လျော့ကျ သွားခဲ့သည်။ ထိုအချိန်က ခန့်မှန်းခြေအားဖြင့် ရောဂါ ဖြစ်ပွားသူပေါင်း ၃၅၀၀၀၀ ခန့်ရှိရာမှ ၂၀၂၁ ခုနှစ်တွင် ကူးစက်ခံရသူ ခြောက်ဦးသာရှိတော့သည်အထိ လျော့ ကျသွားကြောင်း  ကမ္ဘာ့ကျန်းမာရေး အဖွဲ့  (WHO) ကဆိုသည်။  သို့ရာတွင် ကမ္ဘာပေါ်၌ ပါကစ္စတန်နှင့် အာဖဂန်နစ္စတန် နိုင်ငံတို့သည်    ပိုလီယိုဗိုင်းရပ်စ်ပိုး ဆက်လက်ဖြစ်ပွားနေသည့် နိုင်ငံများဖြစ်သည်။ မာလာဝီနှင့် မိုဇမ်ဘစ်နိုင်ငံတို့၌လည်း  ၂၀၂၂   ခုနှစ်အတွင်း  ပြည်ပမှဝင်ရောက်လာသည့်  ပိုလီယိုရောဂါဖြစ်စဉ်များကို ထောက်လှမ်းတွေ့ရှိခဲ့သည်ဟု ဆိုထားသည်။ သို့သော်  စိုးရိမ်ဖွယ်ရာမှာ ပိုလီယိုဗိုင်းရပ်စ် ကင်းစင်ကြောင်း ကြေညာထားသည့် နိုင်ငံတချို့၌ပင် ပိုလီယို ဗိုင်းရပ်စ်ကူးစက်မှု ဖြစ်စဉ်အသစ်များ ပြန်လည်တွေ့ ရှိနေရခြင်းဖြစ်သည်။  ထို့ပြင်  ၂၀၂၂ ခုနှစ်အတွင်း အမေရိကန်နိုင်ငံ၌ ပြန်လည်တွေ့ရှိခဲ့သကဲ့သို့ လွန်ခဲ့ သည့်နှစ်များအတွင်း မလေးရှားနိုင်ငံနှင့် နိုင်ငံတချို့၌ လည်း တွေ့ရှိခဲ့ကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြထားသည်။

ပိုလီယိုရောဂါတိုက်ဖျက်ရေးလှုပ်ရှားမှုများ

    ပိုလီယိုရောဂါကို  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ဦးဆောင်မှုဖြင့်တို က်ဖျက်ခဲ့ရာ ကမ္ဘာ့နိုင်ငံအများစု၌   ပပျောက်သွားပြီဖြစ်သော်လည်း  ပါကစ္စတန်နှင့်  အာဖဂန်နစ္စတန်နှစ်နိုင်ငံ၌     မပပျောက်သေးဘဲ ဆက်လက်ဖြစ်ပွားနေခဲ့သည်။ အစ္စလာမ်ဘာသာရေး အစွန်းရောက် ရှေးရိုးစွဲဝါဒီများက ထိုကာကွယ်ဆေး ကို လက်သင့်မခံဘဲ ကာကွယ်ဆေး တိုက်ကျွေးသော စီမံချက်တွင်  ပါဝင်သူများကို ရန်ပြုတိုက်ခိုက်သတ် ဖြတ်ကြရာမှ  အဆိုပါနှစ်နိုင်ငံရှိ  ကလေးသူငယ်များ ကြား     ပိုလီယိုရောဂါ ဆက်လက်ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO) မှ ကျွမ်းကျင် သူများကပြောကြားသည်။  နိုင်ငံလုံးကျွတ်  ပိုလီယို အစက်ချကာကွယ်ဆေး  တိုက်ကျွေးရေးစီမံချက်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏  ပံ့ပိုးကူညီမှုဖြင့်  ၂၀၂၂   ခုနှစ်ကတည်းက  စတင်စီစဉ်ခဲ့သော်လည်း မိုးသည်းထန်ကာ  ရေကြီးမှုဖြစ်ပွားခဲ့သဖြင့်  ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်တွင်  ပထမဆုံးပိုလီယို ရောဂါတိုက်ဖျက်ရေး လှုပ်ရှားမှုကို ပါကစ္စတန်နိုင်ငံ၌ တရားဝင်စတင်နိုင်ခဲ့သည်။

ဂျာမနီနိုင်ငံ ဘာလင်မြို့၌ကျင်းပခဲ့သော  ကမ္ဘာ့ ကျန်းမာရေး ထိပ်သီးအစည်းအဝေးတွင်      ကမ္ဘာ့ ခေါင်းဆောင်များက  ကမ္ဘာတစ်ဝန်း  ပိုလီယိုရောဂါ တိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၈ ရက်တွင် သတင်း ထုတ်ပြန်ခဲ့ သည်။ နိုင်ငံနှင့် အဖွဲ့အစည်း စုစုပေါင်း ၁၇ ဖွဲ့အနက် Bill  &  Melinda   Gates  ဖောင်ဒေးရှင်းတစ်ခု တည်းက   ပိုလီယိုရောဂါ တိုက်ဖျက်ရန်  အမေရိကန် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံဖြင့်  အများဆုံး ရင်းနှီး မြှုပ်နှံထားခြင်းဖြစ်ကြောင်း  သိရသည်။  ထို့ကြောင့် ပိုလီယိုရောဂါ တိုက်ဖျက်ရေးအတွက် ငွေကြေးပမာဏ အမြောက်အမြားကို ရက်ရောစွာ လှူဒါန်းခဲ့သော Bill &  Melinda   Gates   ဖောင်ဒေးရှင်း အပါအဝင် နိုင်ငံများနှင့် အဖွဲ့အစည်း အားလုံးကိုလည်း ဂုဏ်ပြု ကြရမည်ဖြစ်သည်။

ပိုလီယိုရောဂါနှင့် မြန်မာနိုင်ငံ

    မြန်မာနိုင်ငံ၌ ၂၀၁၄ ခုနှစ် မတ်လ ၂၇ ရက်တွင် ပိုလီယိုဗိုင်းရပ်စ် ကင်းစင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကြေညာခဲ့သည်။  သို့သော် ဝေးလံသော နေရာများမှ    ကလေးငယ်များကို    ပိုလီယိုအကြောသေ ရောဂါကာကွယ်ဆေး တိုက်ကျွေးပေးရန် ပျက်ကွက်ခြင်း၊  တိုက်ကျွေးသင့်သည့် အချိန်အတိုင်း တိုက်ကျွေးရန် ပျက်ကွက်ခြင်းများ ရှိခဲ့သဖြင့် ပြန်လည် ဖြစ်ပွားမှုရှိခဲ့သည်။ ၂၀၁၉ ခုနှစ် ဇွန်လက ကရင်ပြည်နယ်  ဖာပွန်မြို့နယ်၌နေထိုင်သူ ကလေးတစ်ဦးတွင် အသွင်ပြောင်း ပိုလီယိုဗိုင်းရပ်စ် ကူးစက်မှုကို  တွေ့ရှိခဲ့သည်။ ထိုသို့တွေ့ရှိခဲ့ပြီးနောက်  ကျန်းမာရေးဌာနက  ရောဂါပျံ့နှံ့နိုင်ခြေများသည့် နေရာဒေသများဖြစ်သော   မြို့နယ် ၁၂ မြို့နယ်၌ အသွင်ပြောင်းပိုလီယိုဗိုင်းရပ်စ် ကူးစက်မှုကို  ဖြတ်တောက်ရန် ရည်ရွယ်၍  ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးခြင်းကို ဆောင် ရွက်ခဲ့သည်။

ပိုလီယိုရောဂါအတွက် ပြည်သူလူထု၏အခန်းကဏ္ဍ

    မိဘပြည်သူများအနေဖြင့် ပိုလီယိုရောဂါ ကင်းစင် ပပျောက်ရန်  အချက်လေးချက်ဖြင့် ကူညီနိုင်သည်။ ယင်းတို့မှာ (၁) မိမိတို့၏ကလေးများကို ပုံမှန်ကာကွယ် ဆေးနှင့်    အပိုဆောင်းပိုလီယို ကာကွယ်ဆေးများ သေချာစွာ တိုက်ကျွေးကြရန်၊  (၂) ပိုလီယိုကာကွယ် ဆေးမတိုက်ကျွေးရသေးသည့် ကလေးငယ်များ တွေ့ရှိပါက ကျန်းမာရေး ဝန်ထမ်းများနှင့်  လုပ်အားပေးများထံ  ဆောလျင်စွာ သတင်းပေးရန်၊ (၃) အိမ်နီးချင်းများ နှင့် သူငယ်ချင်းများအား လက်ရှိဆောင်ရွက်နေသည့် ပိုလီယိုကာကွယ်ဆေး   အပိုဆောင်း တိုက်ကျွေးခြင်း အစီအစဉ်ကို သတင်းပေးရန်နှင့် ပုံမှန်ကာကွယ်ဆေး ထိုးခြင်း၏အရေးကြီးပုံကိုပြောပြရန်၊  (၄)  ပိုလီယို သံသယရှိသောကလေးများတွေ့ရှိပါက သတင်းပေး ရန် (ဥပမာ - ခြေထောက်နှင့်လက်များ  ရုတ်တရက် အားနည်းလာခြင်း၊   ရုတ်တရက်  လမ်းမလျှောက် နိုင်ခြင်း)တို့ဖြစ်သည်။

အချုပ်အားဖြင့်ဆိုရသော်  ကမ္ဘာပေါ်၌  ကလေးတစ်ဦး ပိုလီယိုဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှုရှိနေလျှင်ပင် နိုင်ငံတိုင်းရှိကလေးများ ကူးစက်ခံရနိုင်သည့် အန္တရာယ် ရှိသည်။ အကြောင်းမူကား  ပိုလီယိုဗိုင်းရပ်စ်ပိုးသည် ပိုလီယို ကင်းစင်သော    နိုင်ငံတစ်နိုင်ငံအတွင်းသို့ အလွယ်တကူ ဝင်ရောက်နိုင်ပြီး ကာကွယ်ဆေးမထိုးရ သေးသူများကြားတွင် လျင်မြန်စွာ ကူးစက်နိုင်သော ကြောင့်ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က  ပိုလီယိုကို အမြစ်ပြတ်ချေမှုန်းရန် ပျက်ကွက်မှုရှိပါက ကမ္ဘာတစ်ဝန်း ၁၀ နှစ်အတွင်း တစ်နှစ်လျှင် ရောဂါအသစ် နှစ်သိန်းအထိ ဖြစ်ပွားနိုင်ကြောင်း သတိပေးထားသည်။   ပိုလီယိုရောဂါသည်  ကုသရန် ဆေးမရှိ၊ တားဆီးနိုင်ရုံသာဖြစ်သော်လည်း ကာကွယ်ဆေးထိုးခြင်းဖြင့် ကလေးများအတွက် ဘဝတစ်သက်တာလုံး ကာကွယ်နိုင်သည်။

သို့ပါ၍ မိမိတို့၏ ရင်သွေးငယ်များ ပိုလီယိုရောဂါ ကူးစက်မှုမခံရစေရေးအတွက်   သတ်မှတ်ချိန်တွင် ကာကွယ်ဆေး တိုက်ကျွေးမှုများ၊ ကာကွယ်ဆေးထိုးနှံ မှုများကို ဆက်လက် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း တိုက်တွန်း ရေးသားလိုက်ရပါသည်။    

ပေါက်ပေါက်