အောင် ရဲ့ အောင်
ယမန်နေ့မှအဆက်
“အေးပါဟာ၊ ရုပ်သိမ်းပါတယ်”
ဒေဝနှင့်ဗလတို့က ပြိုင်တူလိုပြန်ဖြေကြသည်။ ကိုလတ်ကတော့ စီးကရက်မီးခိုးငွေ့များကြားမှ စိတ်ဆိုးဒေါသထွက်နေသော အောင်၏ သွေးရောင်လွှမ်း နေသည့်မျက်နှာကို ကြည့်ကောင်းကောင်းနှင့် ငေးနေသည်။ မျက်ရည်တွေကြောင့် အောင့်မျက်လုံးတို့သည် ရွှန်းလဲ့တောက်ပနေကြသည်။
အောင် ရုတ်တရက် မျက်ရည်ကျလာတာကို တစ်ခါမှမတွေ့ဖူးကြသဖြင့် ကိုအောင်ရော၊ ဒေဝရော၊ ဗလ ရော အောင့်အား ငေး၍သာကြည့်နေမိကြသည်။ ချောစုက အောင်၏ လက်မောင်းကို လှမ်းကိုင်လိုက် သည်။ ကိုလတ်က သက်ပြင်းတစ်ချက် ခပ်ဖော့ဖော့ လေးချလိုက်ရင်း အောင့်ကိုနှစ်သိမ့်ဖို့ စကားလုံးတွေ ကို ရှာဖွေနေမိသည်။
“ကျွန်တော့်အစ်မတွေက အဆောင်နေရတော့ ကျွန်တော်တို့ မိသားစုထဲ ကျွန်တော်တစ်ယောက်တည်း ကလေကချေနဲ့ အပြင်ဆောင်နေရတဲ့ ဘဝကိုး၊ အထင် သေးကြမှာပေါ့၊ ကျွန်တော့်ကို အဲလိုထင်တာ သိပ်ရှက် တာပဲ၊ ဝမ်းလည်းနည်းတယ်”
သည်တုန်းက အောင့်တွင် တခြားဒေါသထွက်စရာတွေ အစုလိုက်အပြုံလိုက် နာကြည်းစရာတွေ၊ ခံပြင်း စရာတွေရှိလိမ့်မည်ဟု ကိုလတ်က ရုတ်ခြည်းတွေးလိုက် မိပြီး...
“ဒေဝနဲ့ဗလတို့က အလေးအနက်သဘောနဲ့ ပြော လိုက်တာမဟုတ်ပါဘူးအောင်ရယ်၊ သူတို့ပါးစပ်က ခပ်ပေါ့ပေါ့နဲ့ သက်သက်မဲ့အာချောင်တာပါ၊ ကိုယ်တို့ အားလုံး အောင့်ကိုအထင်မသေးပါဘူး၊ ဘာလို့ အထင်သေးရမှာလဲ၊ အထင်မသေးတဲ့အပြင် အထင် တောင်ကြီးကြတာ”
“မလိုပါဘူး”
အောင်က ကလေးလိုဆိုးရင်း ဒက်ခနဲပြန်ပြော သည်။ ကိုလတ်က စိတ်ရှည်စွာပြုံးလိုက်သည်။ အောင် သည် လူကြီးအသိဉာဏ်နှင့် ပကတိကလေးစိတ်။ ဒါကိုနားလည်လျက် ခွင့်လွှတ်မိသည်။
ကိုအောင်ကတော့ အောင့်ကိုကြည့်ပြီး ရယ်မောနေသည်။ အောင်က ကိုအောင့်ဘက်လှည့်ပြီး...
“ခင်ဗျားက ဟားတာပေါ့” လှည့်ရန်ထောင်သေးသည်။
“မဟုတ်ရပါဘူးဟာ၊ ငါက နင်ဖြစ်နေတာကို သဘောကျလို့ပါ”
“ဘာသဘောကျတာလဲ”
“ဒါလေးနဲ့ နင်စိတ်ဆိုးစရာလားဆိုတာ တွေးမိလို့ပါ”
“အိုး...ကျွန်တော့်ကို တကယ်အပြစ်ရှိတယ်ဆို ရင် ဝေဖန်ပေါ့။ ကျွန်တော် ဘယ်တုန်းက စိတ်ဆိုးဖူး လဲ။ ခု ကျွန်တော့်သိက္ခာကို ဖိနပ်အောက်ထဲ ပို့လိုက်ကြ ပြီပဲ”
“မပို့ရပါဘူးဟာ၊ ဒီသဘော လုံးဝမဟုတ်ပါဘူး”
ဒေဝက ကပျာကယာဝင်ဖြေသည်။ ကိုအောင် သည် ရုတ်ခြည်းအရယ်ရပ်ပြီး...
“ငါတို့သိပါတယ် အောင်ရာ၊ ဒီလို စာရိတ္တပျက်ပြား တာတွေ၊ ဖောက်ပြားတာတွေ၊ အယောင်ဆောင်တွေ ကို ငါတို့စက်ဆုပ်သလို နင်လည်းစက်ဆုပ်မှာပဲဆိုတာ၊ ပြီးရောပေါ့ဟာ၊ တို့အားလုံး လမ်းတစ်လမ်းကိုပဲ လျှောက်နေကြတာပဲ၊ နင့်ကို ဘယ်တော့မှအထင် မသေးဘူး၊ ဒါတော့ နင်ယုံ”
ကိုလတ်၏ အချုပ်စကားတွင်လည်း...
“ကိုယ်တို့ အောင့်ကို ဘာလို့သိက္ခာချရမှာလဲ၊ ခုထိ ကိုယ်တို့ကို နားမလည်သေးဘူးလား အောင်ရယ်၊ အပြင်ဆောင်မှာနေရတာနဲ့ တို့က အထင်သေးစရာ ဘာရှိသလဲ၊ အပြင်ဆောင်မှာ ကျောင်းအဆောင်နေခွင့် မရတဲ့ အောင်တို့လိုမိန်းကလေး သန့်သန့်တွေ အမျာ ကြီး နေတာပဲ၊ ဒီအတွက် စိတ်မကောင်းစရာ ဘာမှမရှိပါဘူး”
“တစ်လ အခန်းခ ၄၀ ပဲပေးရပြီး ကိုယ့်ထမင်း ကိုယ် ချွေချွေတာတာလေး ချက်စားရင် စားစရိတ်တောင် သက်သာသေးတယ်မဟုတ်လား၊ ဒီမှာက ပိုလွတ်လပ်တာတစ်ခုပဲ၊ ဒါလည်း မိန်းကလေးတွေအတွက် အရည်အချင်းကို စစ်ဆေးတဲ့ မှတ်ကျောက်တစ်ခုပေါ့}}
သည်စကားရပ်ကိုတော့ အောင်သဘောကျသလို ဖြစ်မိပြီး မျက်နှာက ပြုံးယောင်သန်းမိသည်။
“ဒီမှာက ပိုလွတ်လပ်တာတစ်ခုပဲ၊ ဒါလည်း မိန်းကလေးတွေအတွက် အရည်အချင်းကို စစ်ဆေးတဲ့ မှတ်ကျောက်တစ်ခုပေါ့” တဲ့။
“ဟုတ်တယ်လေ...အောင်ရဲ့၊ မိန်းကလေးပဲဖြစ်ဖြစ်၊ ယောကျ်ားလေးပဲဖြစ်ဖြစ် စည်းကမ်းတွေ၊ ဘောင်တွေခတ်မှပဲ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းတတ်ရမှာလား၊ အပြင်ဆောင်နေနေ၊ အတွင်းဆောင်နေနေ၊ အိမ်မှာပဲ တင်းတင်းကျပ်ကျပ် ထိန်းချုပ်ခံရပြီးနေနေ ဖောက်တဲ့လူက ဖောက်တာပဲ၊ မဖောက်တဲ့လူက မဖောက်ဘူးပေါ့၊ အသက်ငယ်သေးတဲ့ တို့နှမလေးကို အစတုန်းက စိတ်ပူခဲ့မိတာအမှန်ပဲ၊ ခုတော့ မပူတော့ ပါဘူး။ အောင့်အခြေအနေတွေကို တွေ့ရပြီး တို့ အောင့် ကိုစိတ်ချလာတယ်၊ ယုံကြည်လာတယ်၊ အောင့်ဘက် ကလည်း ကိုယ်တို့စေတနာကို နားလည်စေချင်တယ်”
သည်အခါကျတော့လည်း ကလေးငယ်ပမာ အောင့် မျက်နှာအမူအရာသည် ကိုလတ်စကားကြောင့် ချက်ချင်းပြောင်းလာသည်။
ဆက်လက်ဖော်ပြပါမည်။