၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအား ရန်ကုန်တိုင်း  ဒေသကြီးအတွင်း စိတ်အေးချမ်း ပျော်ရွှင်စွာ ဖြေဆို

 

 

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအား ရန်ကုန်တိုင်း  ဒေသကြီးအတွင်း စိတ်အေးချမ်း ပျော်ရွှင်စွာ ဖြေဆို

 

ရန်ကုန်   မတ်  ၁၁

    ၂၀၂၄ ခုနှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲကို ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စာစစ်ဌာန ၇၃ ခုမှ ကျောင်းသား၊ ကျောင်းသူများ ယနေ့ နံနက် ၉ နာရီတွင်  မြန်မာစာဘာသာရပ်ကို စိတ်အေးချမ်း ပျော်ရွှင်စွာ ဖြေဆိုခဲ့ကြသည်။

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲသည်  KG+12 စနစ်သစ် ပညာရေးတွင် ပထမဆုံး စတင်ဖြေဆိုခြင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်အားထက်သန်မှုနှင့် အတူ ကျောင်းသားမိဘများလည်း ပျော်ရွှင်စွာ  လိုက်ပါပို့ဆောင်ခဲ့ကြသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စာစစ်ဌာနများသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တက္ကသိုလ်၊ ကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ တိုင်း/ခရိုင် ပညာရေးမှူးများနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက စာစစ်ဌာနများအလိုက်   ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနေမှု ကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာန ၇၃ ခုတွင် ကျောင်းသား ၈၆၀၉ ဦး၊ ကျောင်းသူ ၁၀၃၄၃ ဦး ဖြေဆိုရန် စာရင်းပေးသွင်းထားပြီး ယနေ့ မြန်မာစာဘာသာရပ်၌ ကျောင်းသား ၈၁၄၈ ဦး၊ ကျောင်းသူ ၉၉၀၈ ဦးဖြင့် ကျောင်းသား၊ ကျောင်းသူ ၁၈၀၅၆ ဦး ဖြေဆိုခဲ့ရာ မြန်မာစာနေ့တွင် ၉၅ ဒသမ ၂၇ ရာခိုင်နှုန်း ဖြေဆိုခဲ့ကြောင်း သိရသည်။ Grade-12ဖြေဆိုမှုတွင် ဗိုလ်တထောင်မြို့နယ် အမှတ် ၆ အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာန၌ အသက် ၆၂ နှစ်ရှိ အမျိုးသားတစ်ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး စိတ်ကြိုက်မြန်မာစာဘာသာရပ်တွင်  စမ်းချောင်းမြို့နယ် အမှတ် ၂ အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာန၌ ကျောင်းသူတစ်ဦး ဝင်ရောက်ဖြေဆိုခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စာစစ်ဌာန ၇၃ ခုတွင် သွေးအားနည်းရောဂါဖြင့် ဆေးရုံမှဖြေဆိုသူ ကျောင်းသူတစ်ဦး၊ ကိုယ်အင်္ဂါမသန်စွမ်းသူ နှစ်ဦး၊ အမြင်အာရုံချို့တဲ့သူ သုံးဦး၊   အကြားအာရုံချို့တဲ့သူ သုံးဦးနှင့် အင်းစိန်အကျဉ်းဦးစီးဌာနမှ အကျဉ်းသား ခုနစ်ဦးတို့လည်း မြန်မာစာဘာသာရပ်ကို စိတ်အေးချမ်းစွာ ဖြေဆိုခဲ့ကြကြောင်း သိရသည်။

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်မှ ၁၉ ရက်အထိ နံနက် ၉ နာရီမှ ၁၂ နာရီအထိ ဖြေဆိုသွားမည်ဖြစ်ပြီး သင်ရိုးသစ်ဘာသာရပ်တွင် အခက်အခဲမရှိ ဖြေဆိုနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အဆင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မား ရေး ဘာသာရပ်ဆွေးနွေးပွဲ သင်တန်းကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ   အခြေခံပညာကျောင်းများနှင့်    ကိုယ်ပိုင်ကျောင်းများမှဆရာ၊  ဆရာမ  ၃၃၉၃ ဦးတို့အား ဇန်နဝါရီလဆန်းပိုင်းက     သင်တန်းများ ပို့ချပေးခဲ့သည့်နည်းတူ   ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနတို့မှ ထုတ်ဝေသည့်    ွမေိန-၁၂ သင်ရိုးသစ် နှင့်စပ်လျဉ်းသည့် ဘာသာရပ်အလိုက် မေးခွန်းပုံစံများကိုလည်း  ကျောင်းများ၌ လေ့ကျင့် သင်ကြားပေးခဲ့ကြောင်း သိရသည်။