၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲများ စတင်ကျင်းပ၊ မန္တလေးတိုင်း ဒေသကြီးတွင် ကျောင်းသား၊ ကျောင်းသူပေါင်း ၁၉၀၀၀ ကျော် ဝင်ရောက်ဖြေဆို

 

၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲများ စတင်ကျင်းပ၊ မန္တလေးတိုင်း ဒေသကြီးတွင် ကျောင်းသား၊ ကျောင်းသူပေါင်း ၁၉၀၀၀ ကျော် ဝင်ရောက်ဖြေဆို

 

မန္တလေး  မတ်  ၁၁

    ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်   ယနေ့ နံနက် ၉ နာရီမှစတင်၍ ကျင်းပလျက်ရှိရာ မန္တလေးတိုင်း ဒေသကြီး   အတွင်း၌လည်း သက်ဆိုင်ရာ  စာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ  အေးချမ်းပျော်ရွှင်စွာ ဝင်ရောက်ဖြေဆိုခဲ့ကြသည်။

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲသည် KG+12 စနစ်သစ် ပညာရေး၏ ပထမဆုံး သောစာမေးပွဲဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး အတွင်း ခရိုင် ၁၁ ခုနှင့် မြို့နယ် ၂၈ ခုရှိ စာစစ် ဌာန ၇၄ ခု၌  ဖြေဆိုရန်လျှောက်ထားသူ ၂၀၂၁၆ ဦးအနက် ၁၉၄၄၂ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြကာ ဖြေဆိုမှုရာခိုင်နှုန်း အနေဖြင့် ၉၆ ဒသမ ၁၇ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ထို့ပြင် စာစစ်ဌာနတစ်ခုတွင် ကြီးကြပ်ရေးမှူးတစ်ဦးနှင့် လက်ထောက်ကြီးကြပ် ရေးမှူးများ ထားရှိစောင့်ကြပ်စေပြီး စာဖြေခန်း တစ်ခုလျှင် ဖြေဆိုသူဦးရေ ၃၀ ထားရှိ ဖြေဆိုစေကြောင်းနှင့် မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးနှင့်  မန္တလေးဗဟို အကျဉ်းထောင်တို့တွင်လည်း စာစစ်ဌာနများ ဖွင့်လှစ်ဖြေဆို ခွင့်ပြုထားကြောင်း သိရှိရသည်။

အမှတ်(၂၅)အခြေခံပညာ အထက်တန်းကျောင်းမှ   ကျောင်းအုပ်ဆရာမကြီးဒေါ်စုစုဝေက “ကျွန်မက အမှတ်(၈)အခြေခံ ပညာအထက်တန်းကျောင်းမှာ ကြီးကြပ်ရေး မှူးတာဝန်ကျပါတယ်။    ဒီစာစစ်ဌာနမှာ ဖြေဆိုကြမယ့် ကျောင်းသား၊ ကျောင်းသူကတော့ ၄၅၄ ဦးရှိပါတယ်။ ကလေးတွေ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ရပါတယ်။ ဖြေဆိုခွင့်ကတ်တွေမှာပါတဲ့ နာမည်တွေ ကွဲလွဲမှု မရှိစေရေးကိုလည်း     တိုက်ဆိုင်စစ်ဆေးခြင်းတွေ ဆောင်ရွက်ရပါတယ်။ ဒီစာစစ်ဌာနကျောင်းမှာ ကြီးကြပ်ရေးမှူးနဲ့ အတူ  လက်ထောက် ကြီးကြပ်ရေးမှူး ၅၄ ဦး တာဝန်ထမ်းဆောင် ကြမှာဖြစ်ပါတယ်။ စာဖြေခန်း ၁၆ ခန်း ပြင်ဆင်ထားပါတယ်။ ဒီနှစ်က Grade-12 စနစ်သစ်ရဲ့ စာမေးပွဲကို စတင်ဖြေဆိုတဲ့နှစ်ဖြစ်ပါတယ်။ ဒါကြောင့် ကလေးတွေ အနေနဲ့ စိတ်လှုပ်ရှားနေမယ်လို့ ထင်ပါတယ်။ ဒါပေမဲ့တစ်နှစ်လုံး လေ့ကျင့်ပြင်ဆင်ထားတဲ့ အတွက် စာမေးပွဲဖြေဆိုရတာ အဆင်ပြေကြမယ်လို့ ထင်ပါတယ်” ဟုပြောသည်။

ကျောင်းသား မိဘတစ်ဦးကလည်း “ကလေး  စာမေးပွဲသေချာ ဖြေဆိုနိုင်စေဖို့ ကျောင်းမှာသင်ကြားပေးတဲ့   စာတွေကို အိမ်ရောက်ရင်လည်း စနစ်တကျ စာကျက်နိုင်ဖို့ ဆောင်ရွက်ပေးပါတယ်။ ဒီနှစ်ကလည်း စနစ်သစ်ဖြစ်တဲ့အတွက်      ကလေးကိုအများကြီး ပိုမိုဂရုစိုက်ပေးဖြစ်ပါတယ်။ မိဘတစ်ယောက် အနေနဲ့လည်း ကိုယ့်ကလေး စာမေးပွဲမဖြေဆိုနိုင်မှာကို အရမ်းစိုးရိမ်မိတယ်။ စာတွေကလည်း အဆင့်မြင့်ပြီး များလာတာကို တွေ့ရပါတယ်။    ဒါကြောင့် ကလေးပိုင်ပိုင်နိုင်နိုင်   ဖြေဆိုနိုင်စေဖို့ အများကြီး ပံ့ပိုးပေးနေပါတယ်။ စာမေးပွဲ အောင်မြင်သွားရင်တော့ အတိုင်းမသိဝမ်းသာ

မိမှာပါ။ ကလေးအားလုံး စိတ်ချမ်းသာစွာနဲ့ ဖြေဆိုနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်” ဟုပြောသည်။ ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကိုမတ်လ ၁၁ ရက်မှ ၁၉ ရက်အထိ နေ့စဉ်နံနက်  ၉ နာရီမှ ၁၂ နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး တိုင်းဒေသကြီး အတွင်း၌ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်တွင် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း အခြေခံပညာ ကျောင်းပေါင်း ၄၁၉၈ ကျောင်း၊ ကိုယ်ပိုင်ကျောင်းပေါင်း ၂၃၅ ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၃၁၁ ကျောင်း ရှိကြောင်း သိရသည်။