တောင်တရုတ်ပင်လယ်အတွင်း စွမ်းအင်ရှာဖွေမည့် စီမံကိန်းတွင် အမေရိကန်နှင့် မဟာမိတ်နိုင်ငံများက အရေးပါသည့် ကဏ္ဍမှပါဝင်မည်ဟု ဖိလစ်ပိုင်ယုံကြည်

 

တောင်တရုတ်ပင်လယ်အတွင်း စွမ်းအင်ရှာဖွေမည့် စီမံကိန်းတွင် အမေရိကန်နှင့် မဟာမိတ်နိုင်ငံများက အရေးပါသည့် ကဏ္ဍမှပါဝင်မည်ဟု ဖိလစ်ပိုင်ယုံကြည်

 

    တောင်တရုတ်ပင်လယ်အတွင်း၌ စွမ်းအင် အရင်းအမြစ်များ ရှာဖွေမည့် ဖိလစ်ပိုင်၏ စီမံကိန်းများတွင် အမေရိကန်နှင့် မဟာမိတ် နိုင်ငံများက အရေးပါသည့် ကဏ္ဍမှပါဝင်မည် ဟု ဖိလစ်ပိုင်အစိုးရက ယုံကြည်လျက်ရှိကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ် ဟိုဆေးမန်နျူရယ်ရိုမောဒက်ဇ်က ပြောသည်။

ထို့ပြင် ဖိလစ်ပိုင်အစိုးရသည် နိုင်ငံ၏ ကြီးမားကျယ်ပြန့်သော စီးပွားရေးအကျိုး အမြတ်အတွက် အမေရိကန်နှင့် လုံခြုံရေးအရ ဆက်ဆံမှုကို တိုးမြှင့်လျက်ရှိကြောင်း ၎င်းကမနီလာမြို့တော်၌ ကျင်းပသည့် တွေ့ဆုံ မေးမြန်းခန်း တစ်ခုတွင် ပြောကြားသည်။ တစ်ချိန်တည်းမှာပင် ဖိလစ်ပိုင်နိုင်ငံသည် အမေရိကန်ပြည်ထောင်စုနှင့် သာမက အခြားမဟာမိတ်နိုင်ငံများဖြစ်သည့်   ဂျပန်၊ သြစတြေးလျနိုင်ငံတို့နှင့်လည်း အနီးကပ်ပူးပေါင်း  ဆောင်ရွက်လျက်ရှိသည်။

ဖိလစ်ပိုင်နိုင်ငံသည် တရုတ်နှင့် ပိုင်နက် အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ် အတွင်း၌ စွမ်းအင်အရင်းအမြစ်များ ရှာဖွေရန် နည်းလမ်းများ ရှာဖွေလျက်ရှိပြီး စွမ်းအင် ရှာဖွေထုတ်လုပ်မှုတွင် လာရောက်ရင်းနှီး မြှုပ်နှံမှုများ လုပ်ဆောင်ရန်  အမေရိကန် ကုမ္ပဏီများကို ဖိတ်ခေါ်ထားပြီး အခြား အရှေ့တောင်အာရှနိုင်ငံ တစ်နိုင်ငံဖြစ်သည့် ဗီယက်နမ်နှင့်လည်း စွမ်းအင်ရှာဖွေရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးလျက်ရှိသည်။

တောင်တရုတ်ပင်လယ်အတွင်း စွမ်းအင် ရှာဖွေမည့် အစီအစဉ်နှင့် စပ်လျဉ်း၍ အသေး စိတ်အချက်အလက်များကို ဟိုဆေးမန်နျူရယ်ရိုမောဒက်ဇ်က ထုတ်ဖော် ပြောကြားခြင်းမရှိသော်လည်း ယင်းအစီအစဉ်ကို ၂၀၂၈ ခုနှစ်ခန့်တွင် စတင်ဖွယ်ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။