သမ္မတရွေးကောက်ပွဲ၌ ထရမ့်ပြန်လည် ရွေးကောက် ခံရပါက အမေရိကန်က ယူကရိန်းအား ငွေကြေးထောက်ပံ့မည် မဟုတ်ဟု ဟန်ဂေရီ ဝန်ကြီးချုပ်ပြော

 

သမ္မတရွေးကောက်ပွဲ၌ ထရမ့်ပြန်လည် ရွေးကောက် ခံရပါက အမေရိကန်က ယူကရိန်းအား ငွေကြေးထောက်ပံ့မည် မဟုတ်ဟု ဟန်ဂေရီ ဝန်ကြီးချုပ်ပြော

 

    အမေရိကန်တွင်ကျင်းပမည့်  သမ္မတ ရွေးကောက်ပွဲ၌ ဒေါ်နယ်ထရမ့် ပြန်လည်ရွေးကောက်ခံရပါက အမေရိကန်အစိုးရက ယူကရိန်းအား ငွေကြေးထောက်ပံ့မည် မဟုတ်ကြောင်း ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်က ပြောသည်။

သမ္မတရွေးကောက်ပွဲ၌ ထရမ့်အနိုင်ရပါက ရုရှားအား တိုက်ခိုက်နေသည့် ယူကရိန်းအား ငွေကြေးထောက်ပံ့မည် မဟုတ်ဘဲ စစ်ပွဲ အဆုံးသတ်ရေးကိုသာ အလျင်အမြန် ကြိုးပမ်း မည်ဖြစ်ကြောင်း ဗစ်တာအော်ဘန်က မတ်လ၁၀ ရက်နှောင်းပိုင်း၌ နိုင်ငံပိုင်ရုပ်သံအား ပြောကြားသည်။ ဗစ်တာအော်ဘန်သည် ထရမ့်နှင့် ပြီးခဲ့သည့်ရက်သတ္တပတ် အကုန်ပိုင်းတွင် ဖလော်ရစ်ဒါပြည်နယ်၌ တွေ့ဆုံခဲ့ခြင်းဖြစ် သည်။

ဗစ်တာအော်ဘန်သည် အမေရိကန် သမ္မတဟောင်းထရမ့်နှင့် ကာလရှည်ကြာ ရင်းနှီး ကျွမ်းဝင်မှုရှိသည့် မဟာမိတ်တစ်ဦးဖြစ်ပြီး ထရမ့်အား  အာဏာပြန်လည်ရရှိစေရန် အားပေး ထောက်ခံနေသူဖြစ်သည်။

အကယ်၍ အမေရိကန်အစိုးရနှင့် ဥရောပ နိုင်ငံများက ယူကရိန်းအား ငွေကြေးထောက်ပံ့ ခြင်း မရှိပါက ယူကရိန်းအစိုးရအနေဖြင့် ရုရှားအား တိုက်ခိုက်ရာတွင် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်မည်မဟုတ်ဘဲ  လက်ရှိ ဆက်လက်ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခမှာ အပစ်အခတ်ရပ်စဲရေး သဘော တူညီချက် ချမှတ်ပြီး နှစ်နိုင်ငံကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုများဖြင့် အဆုံးသတ်သွားနိုင် ကြောင်း ဗစ်တာအော်ဘန်က ဆက်လက် ပြောကြားခဲ့ကြောင်း သိရသည်။