လီဗာပူးအသင်း တိုက်စစ်မှူး ဆာလက်ချ်ကို နိုင်ငံတကာ ခြေစမ်းပွဲကစားမည့် အီဂျစ်လက်ရွေးစင် အသင်းမှ နုတ်ထွက်ခွင့်ပြု

 

လီဗာပူးအသင်း တိုက်စစ်မှူး ဆာလက်ချ်ကို နိုင်ငံတကာ ခြေစမ်းပွဲကစားမည့် အီဂျစ်လက်ရွေးစင် အသင်းမှ နုတ်ထွက်ခွင့်ပြု

 

    အီဂျစ်လက်ရွေးစင်အသင်းသည် မတ်လကုန်ပိုင်းတွင်  နိုင်ငံတကာခြေစမ်းပွဲ ကစားမည်ဖြစ်ရာ လီဗာပူး အသင်း တိုက်စစ်မှူး ဆာလက်ချ်ကို နိုင်ငံအသင်းကစား သမားစာရင်းမှ နုတ်ထွက်ခွင့်ပြုခဲ့ကြောင်း သိရသည်။

အသက်  ၃၁  နှစ်အရွယ် တိုက်စစ်မှူး ဆာလက်ချ် သည် ဇန်နဝါရီလက ကစားခဲ့သည့် ဂါနာအသင်းနှင့် အာဖရိကဖလားပြိုင်ပွဲတွင်  တံကောက်ကြောဒဏ်ရာ ရရှိခဲ့ပြီး ဒဏ်ရာမှ ပြန်လည်သက်သာ လာသော်လည်း  လူစားဝင်ကစားသမား အဖြစ်ကစားခဲ့သည့်  ဘရန့်ဖို့ဒ် အသင်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဒဏ်ရာထပ်မံ ရရှိခဲ့သည်။ ယင်းဒဏ်ရာများကြောင့် အနားယူနေရပြီး   ပြီးခဲ့သည့် ရက်ပိုင်းကမှ လေ့ကျင့်ခန်း ဆင်းနိုင်ခဲ့သည်။ 

တိုက်စစ်မှူး ဆာလက်ချ်သည်  ယခုဘောလုံးရာသီ တွင် ပြိုင်ပွဲစုံဂိုးပေါင်း ၁၉ ဂိုးသွင်းယူထားသည်။ အဘူဒါဘီ ဖိတ်ခေါ်ပြိုင်ပွဲတွင်  ဆာလက်ချ်ကို  ပါဝင်ကစား ခွင့်ပြုရန်    လီဗာပူးအသင်း၏တောင်းဆိုချက်ကို  အီဂျစ်လက်ရွေးစင် အသင်းက ပယ်ချခဲ့ဖူးသောကြောင့် ၎င်း၏ကြံ့ခိုင်မှုပြဿနာသည် ကလပ်အသင်းနှင့် နိုင်ငံ အသင်းကြား  မီးပွားသဖွယ်ဖြစ်နေသည်။  အီဂျစ်လက် ရွေးစင်အသင်းသည်  မတ်လ  ၂၂  ရက်တွင်လည်း နယူးဇီလန်အသင်းနှင့် ကစားရမည်ဖြစ်သည်။

လီဗာပူးအသင်းနည်းပြ ဂျာဂန်ကလော့က “အီဂျစ် လက်ရွေးစင်အသင်းနဲ့ ပွဲကစားရတာ ကျွန်တော်တို့နဲ့ မဆိုင်ဘူးဆိုပေမယ့် ကျွန်တော်တို့ကို ဂရုစိုက်မှုရချင်တယ်။ အခုချိန်က လက်ရှိဘောလုံးရာသီရဲ့ အရေးကြီ ဆုံးအချိန်ကို ရောက်နေလို့ပါပဲ။ ကျွန်တော်တို့ အသင်း ရဲ့ ကစားသမားတိုင်းကို  အသင်းအတွက်  အလိုရှိပါတယ်” ဟုပြောသည်။

အီဂျစ်နိုင်ငံဘောလုံး အဖွဲ့ချုပ်က  ၎င်းတို့အသင်း  တိုက်စစ်မှူး  ဆာလက်ချ်ကို  လက်ရွေးစင်အသင်းမှ ချန်လှပ်ပေးရန်  သဘောတူကြောင်း  ထုတ်ပြန်ခဲ့ပြီးနောက်  ဆာလက်ချ်သည်  လီဗာပူးအသင်းနှင့် ပါဝင်ကစားပြီး ဆုဖလားများ ရရှိရေးအတွက် ၎င်း၏ကြံ့ခိုင်မှုကို လေ့ကျင့်ပြင်ဆင်လျက် ရှိကြောင်း သိရသည်။